မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်ပေါင်း ၂၃,၀၀၀ တွင် ခြင်္သေ့များ ပါဝင်

မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်ပေါင်း ၂၃,၀၀၀ တွင် ခြင်္သေ့များ ပါဝင်
Published 24 June 2015

အင်အားကြီးမားသော ခြင်္သေ့၊ သီးခြားနေထိုင်သော တွင်းအောင်းကဏန်းများနှင့် ကမ္ဘာ့အရှားပါးဆုံး ပင်လယ်ဖျံ အကြီးစားတို့သည် မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်ပေါင်း ၂၃,၀၀၀ နီးပါးတွင် ပါဝင်ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ထိပ်တန်းအဖွဲ့တစ်ဖွဲ့က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ (IUCN) က ၎င်းတို့၏ Red List နောက်ဆုံးစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် အီဘာရီယန် ကြောင်မြီးတိုကဲ့သို့သော မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် မျိုးစိတ်များကို ကယ်တင်ရန် ပြတ်သားသည့် ခြေလှမ်းအချို့ လှမ်းနိုင်ခဲ့မှုအတွက် ဂုဏ်ယူခဲ့သည်။သို့သော် အဆိုပါအဖွဲ့က ယင်းအောင်မြင်မှုများအပေါ် မျိုးစိတ်အတိုင်းအတာ ကျယ်ဝန်းမှု ကျဆင်းလာခြင်းများက အရိပ်မည်း ထိုးကျနေကြောင်း သတိပေးခဲ့သည်။ အဆိုပါအဖွဲ့က တိရစ္ဆာန်နှင့် အပင်မျိုးစိတ် ၂၂,၇၈၄ သည် မျိုးသုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။“ကျွန်တော်တို့ရဲ့ သဘာဝလောကကြီးဟာ အန္တရာယ်တွေနဲ့ တိုးလို့တိုးလို့ ရင်ဆိုင်လာရပါတယ်” ဟု IUCN အကြီးအကဲ အင်ဂါအန်းဒါးဆင်းက ပြောကြားခဲ့ပြီး မျိုးသုဉ်းလုဆဲဆဲ မျိုးစိတ်များကို ကယ်တင်ရန်အတွက် အားထုတ်မှုများ မြှင့်တင်ကြရန် တောင်းဆိုလိုက်သည်။ကာလကြာရှည်စွာ မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော အီဘာရီယန် ကြောင်မြီးတိုနှင့် ဂွါဒါလုအမွေးရှိဖျံ အကောင်ရေကို တိုးပွားလာအောင် ပြုလုပ်နိုင်ခဲ့သော အောင်မြင်မှုကို ထောက်ပြလျက် အင်ဂါအန်းဒါးဆင်းက “ထိရောက်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက ပြောင်မြောက်တဲ့ ရလဒ်တွေ ရရှိနိုင်စေပါတယ်” ဟု ပြောကြားခဲ့သည်။ဆယ်စုနှစ်ခြောက်ခုကြာ အကောင်ရေ ကျဆင်းခဲ့ပြီးနောက် အီဘာရီယန် ကြောင်မြီးတိုကို ကမ္ဘာပေါ်၌ မျိုးသုဉ်းရန် အန္တရာယ်အရှိဆုံး ကြောင်မျိုးစိတ်ဟု သတ်မှတ်ထားခဲ့သည်။ သို့သော် ၂၀၀၂ ခုနှစ်တွင် အရွယ်ရောက်ပြီး ကောင်ရေ ၅၂ ကောင်သာရှိရာမှ ၁၀ နှစ်ကြာပြီးနောက် ၁၅၆ ကောင်သို့ တိုးပွားလာခဲ့သည်။ယုန်မျိုးစိတ်များကို ထိန်းသိမ်းရန်အတွက်လည်း တရားမဝင် ဖမ်းဆီးမှုများကို ထိန်းချုပ်စောင့်ကြည့်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက် မွေးမြူခြင်းတို့နှင့်အတူ အပြင်းအထန် အားထုတ်မှုများကြောင့် ယင်းမျိုးစိတ်များသည် Red List တွင် မျိုးသုဉ်းလုနီးပါးစာရင်းမှ မျိုးသုဉ်းရန် အန္တရာယ်ရှိသော အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ကြောင်း IUCN က ပြောကြားခဲ့သည်။Ref:AFP

Most Read

Most Recent