မာသာထရီဇာကို ဆက်ခံသူ ခရစ်ယာန်သီလရှင် အသက် ၈၁ နှစ်အရွယ်၌ ကွယ်လွန်

မာသာထရီဇာကို ဆက်ခံသူ ခရစ်ယာန်သီလရှင် အသက် ၈၁ နှစ်အရွယ်၌ ကွယ်လွန်
Published 24 June 2015

အိန္ဒိယတွင် ပရဟိတ ရှေ့ဆောင်အမျိုးသမီး မာသာထရီဇာ၏ နေရာကို ဆက်ခံသူ သီလရှင် နီမာလာဂျိုရှီသည် အရှေ့ပိုင်း ကိုးလ်ကတ္တားမြို့၌ အသက် ၈၁ အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း အသင်းတော် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Missionaries of Charity အသင်းတော်၏ ဦးဆောင်သူအဖြစ် မာသာထရီဇာကို ဆက်ခံခဲ့သော ဂျိုရှီသည် နှလုံးကျန်းမာရေး ချို့ယွင်းနေခဲ့ပြီး မကြာသေးမီက ကျန်းမာရေး ပိုမိုဆိုးရွားလာခဲ့ကြောင်း ကိုးလ်ကတ္တား၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ထောမတ်ဆူဇာက ပြောကြားခဲ့သည်။ဂျိုရှီ၏ ရုပ်အလောင်းကို စိန့်ဂျွန်ဘုရားကျောင်းတွင် ထားရှိပြီး သီလရှင် ၆၀ ခန့်က ဆုတောင်းရွတ်ဆိုခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ “သီလရှင် နီမာလာဟာ မေတ္တာတရားနူးညံ့မှု၊ ဆင်းရဲသူများကို အလုပ်အကျွေးပြုမှု၊ ဘဝ၏ သန့်စင်မြင့်မြတ်မှုတို့ကို မာသာထရီဇာထံမှ အမွေခံပြီး အဲဒီအမွေကို ရှေ့ဆက်သယ်ဆောင် ခဲ့ပါတယ်” ဟု ဆူဇာက ပြောကြားခဲ့သည်။မာသာထရီဇာသည် ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးနောက် ခြောက်လအကြာတွင် နီမာလာက အသင်းတော်၏ ခေါင်းဆောင်အဖြစ် လွှဲပြောင်းရယူခဲ့ပြီး ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ မာသာထရီဇာသည် Missionaries of Charity ကို လွန်ခဲ့သော ၆၅ နှစ်က တည်ထောင်ခဲ့ပြီး ၎င်း၏ လုပ်ရပ်များအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ ကိုးလ်ကတ္တား၏ ဆင်းရဲသားရပ်ကွက်များမှ ဆင်းရဲသားများနှင့် နာမကျန်းသူများကို ကူညီစောင့်ရှောက်သော မာသာထရီဇာ၏ လုပ်ငန်းများကို နီမာလာက ဆက်လက်ဦးဆောင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ကျန်းမာရေးကြောင့် အသင်းတော်ဥက္ကဋ္ဌ ရာထူးမှ အနားယူခဲ့သည်။ဟိန္ဒူတစ်ဦးအဖြစ် မွေးဖွားလာခဲ့ပြီးနောက် ရိုမန်ကတ်သလစ် ခရစ်ယာန်အဖြစ် ကူးပြောင်းခဲ့သူ နီမာလာ ကွယ်လွန်မှုအတွက် ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ချီးကျူးဂုဏ်ပြုခဲ့သည်။ နီမာလာ၏ ဈာပနအခမ်းအနားကို ဇွန် ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပရိသတ် အမြောက်အမြား တက်ရောက်ဖွယ်ရှိသည်။                                                                                        Ref:AFP

Most Read

Most Recent