လီကွမ်ယု ဆန့်ကျင်ရေး ဗီဒီယို တင်ခဲ့သည့် စင်ကာပူ ဆယ်ကျော်သက်ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်မည်

လီကွမ်ယု ဆန့်ကျင်ရေး ဗီဒီယို တင်ခဲ့သည့် စင်ကာပူ ဆယ်ကျော်သက်ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်မည်
Published 24 June 2015

လီကွမ်ယု ဆန့်ကျင်ရေး ဗီဒီယိုကို အွန်လိုင်းတွင် တင်ခဲ့သည့် စင်ကာပူ ဆယ်ကျော်သက်ကို လွှတ်ပေးရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုနေချိန်တွင် စင်ကာပူ တရားရုံးက သူ့အား စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် ဇွန် ၂၃ ရက်တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။အေမိုယီး (၁၆ နှစ်) ကို ပြုပြင်ထိန်းသိမ်းရေးစခန်း၌ ၁၈ လနေထိုင်ရန် စိတ်ပိုင်းဆိုင်ရာအရနှင့် ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုရှိကြောင်း ကြေညာခဲ့ပြီးနောက် အေမိုယီးသည် နောက်ထပ် စမ်းသပ်စစ်ဆေးမှုများကို ခံယူရန်အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဌာန၌ သီတင်းနှစ်ပတ်ကြာ နေထိုင်ရမည် ဖြစ်သည်။ယီးကို မေလအတွင်းက ပြစ်မှုနှစ်ရပ်ဖြင့် စွဲချက်တင်ခဲ့ရာတွင် လီကွမ်ယုကို ယေရှုနှင့် ခိုင်းနှိုင်းထားသော အဆဲများ ပြည့်နေသည့် ဗီဒီယို၌ ဘာသာရေးဆိုင်ရာ ခံစားမှုများကို ထိခိုက်စေမှုနှင့် မတ်လက ကွယ်လွန်ခဲ့သော ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုနှင့် ပတ်သက်သည့် မဖွယ်မရာ ကာတွန်းအား ဖြန့်ချိခဲ့မှုတို့ ပါဝင်သည်။ဇွန် ၂၃ ရက်တွင် ခရိုင်တရားသူကြီး  ဂျက်ဗင်ဒါကားက ချန်ဂီအကျဉ်းထောင်၌ ထိန်းသိမ်းခံထားခဲ့ရသော ယီးသည် အော့တစ်ဇင်ရောဂါ ရှိနေဖွယ်ရှိကြောင်း စိတ်ကျန်းမာရေးဆိုင်ရာ ဆရာဝန်တစ်ဦးက မှတ်ချက်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။ယီးအနေဖြင့် စီရင်ချက်ချပြီးနောက် ထောင်ချခံရခြင်းကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ခံဝန်ချုပ်ဖြင့် နေထိုင်ရန် လျှောက်ထားခြင်း ပယ်ချခံခဲ့ရပြီး ပြစ်မှုကျူးလွန်ခဲ့သည့် ဗီဒီယိုကို YouTube သို့ ထပ်တင်ခဲ့ပြီး ကြည့်ရှုသူ တစ်သန်းကျော် ရှိခဲ့သည်။ ၎င်းအပြင် အေမိုယီးသည် လီကွမ်ယုနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့ ပါဝင်သည့် မဖွယ်မရာ ကာတွန်းကိုလည်း သူ၏ဘလော့၌ ထပ်တင်ခဲ့သည်။ယီးအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခြင်း ခံရပါက ၁၈ လထက်မနည်း နေထိုင်ရဖွယ် ရှိသော်လည်း အရွယ်ရောက်ပြီးသူတို့ကို ချုပ်နှောင်သည့် အကျဉ်းထောင်ကိုမူ ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။လီကွမ်ယု ပူးတွဲထူထောင်ခဲ့ပြီး အာဏာရပါတီအဖြစ် ရေရှည်ရပ်တည်ခဲ့သည့် People's Action Party က အေမိုယီးသည် ဆင်ဆာဖြတ်ခြင်းနှင့် အလွန်အကျွံ အပြစ်ပေးခြင်း၏ သားကောင် ဖြစ်ခဲ့သည်ဟု ဝေဖန်ခဲ့ပြီးနောက် ယီး၏အမှုကို တစ်နိုင်ငံလုံးက အာရုံစိုက်လာခဲ့သည်။ ယီးကို ကြားနာစစ်ဆေးမှု မတိုင်မီ ကုလသမဂ္ဂ၏ အရှေ့တောင်အာရှဆိုင်ရာ လူ့အခွင့်အရေးရုံး (OHCHR) က ထုတ်ပြန်သော ကြေညာချက်တွင် ယီးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုထားသည်။Ref:AFP

Most Read

Most Recent