အပစ်ရပ်မူကြမ်း ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် အမြန်ဆုံးတွေ့ဆုံလိုဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ပြောကြား

အပစ်ရပ်မူကြမ်း ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် အမြန်ဆုံးတွေ့ဆုံလိုဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ပြောကြား
Published 24 June 2015

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လော်ခီးလာအစည်းအဝေးက ဖွဲ့စည်းလိုက်သော  အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ရှေ့ပြေးအဖွဲ့က ဇွန် ၂၃ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
 
အဆိုပါ ရှေ့ပြေးအဖွဲ့တွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် ဦးထွန်းဇော်တို့ပါဝင်ပြီး ၎င်းတို့သည် ဇွန် ၂၂ ရက်က ရန်ကုန်မြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြသည်။
 
ထိုသို့တွေ့ဆုံရာတွင် UPWC နှင့် NCCT တို့ အတည်ပြုထားသည့် NCA မူကြမ်းအပေါ် လော်ခီးလာအစည်းအဝေးက ပြန်လည်ပြင်ဆင်ချက်များ ရှိလာသည်ကို ထပ်မံညှိနှိုင်းရန် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံနိုင်ရေးဆွေးနွေးခဲ့ကြောင်း၊ လော်ခီးလာအစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့  ဖွဲ့စည်းမှုအပေါ် အစိုးရဘက်က အမြင်မရှင်းဖြစ်နေကြောင်း၊ ယင်းအဖွဲ့အပေါ် အစိုးရဘက်က လက်ခံဆွေးနွေးမှု ပြု မပြုဆိုသည်ကို အဆုံးအဖြတ်မပေးနိုင်သေးကြောင်း၊ UPWC နှင့် NCCT တို့ အတည်ပြုထားသည့် NCA မူကြမ်းအပေါ် အစိုးရဘက်က မပြင်ဆင်လိုဟု အစိုးရကိုယ်စားလှယ်များ၏ ဆွေးနွေးမှုကိုရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးနိုင်ဟံသာက ရှင်းပြသည်။
 
အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့  ဖွဲ့စည်းမှုအပေါ် အစိုးရဘက်က အမြင်မရှင်းဖြစ်နေမှုနှင့် ပတ်သက်ပြီး ပဒိုစောကွယ်ထူးဝင်းက “သူတို့ရဲ့ စိုးရိမ်မှုပေါ့လေ။ ကျွန်တော်တို့ NCCT ညှိနှိုင်းလာခဲ့တာ ၁၅ လ။ ဒီလောက်ကြာတဲ့အချိန်မှာ အသစ်တစ်ခု ထပ်ညှိလို့ရှိရင် ဆုံးဖြတ်ပိုင်ခွင့်။ အဓိက ကတော့ ဆုံးဖြတ်ပိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့သာ ဆုံးဖြတ်ပိုင်မှုက မရှိဘူးဆိုရင် သွားလိုက်တိုင်း အချိန်က ကြန့်ကြာမှာဆိုတဲ့အပေါ်မှာ အသိအမှတ်ပြုမှုမရှိဘူးဆိုတာတော့ မဟုတ်ဘူး။ အသိအမှတ်ပြုတယ်။ တရားဝင်မတွေ့ခင် အလွတ်သဘော ကျွန်တော်တို့ ဇူလိုင်လမှာ တွေ့ဖို့တော့ သဘောထားရှိတယ်”ဟု ရှင်းပြသည်။
 
NCA မူကြမ်းအပေါ် အစိုးရဘက်က မပြင်ဆင်လိုသည့် အချက်နှင့် ပတ်သက်ပြီး ဦးနိုင်ဟံသာက “အခုလို NCA မူကြမ်းကို NCCT အနေနဲ့ လက်မှတ်ထိုးလိုက်တာက အတည်မဟုတ်သေးဘူး။ မူကြမ်းအဆင့်၊ အဲဒီကိစ္စကို ထပ်ပြောရတယ်။ ဟိုတုန်းကလည်း အတိအကျပြောထားတယ်။ နှစ်ဖက်လက်မှတ်ထိုးထားတဲ့ထဲမှာလည်း ထည့်ထားတယ်။ ဒီမူကြမ်းက UPWC ဘက်ကနေ UPCC ကို တင်ပြမယ်။ လိုရင်လိုသလို ပြင်ဆင်မယ်။ NCCT ကလည်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးခေါ်ပြီးတော့ ထပ်မံတင်ပြမယ်။ 
လိုအပ်ရင်ပြင်ဆင်မယ် ဖြည့်စွက်မယ်။ ပြန်ယူလာမယ်။ ထပ်မံညှိနှိုင်းမယ်လို့ သဘောတူချက်ထဲမှာ ပါပြီးသားဖြစ်တယ်။ ပြောထားရဲ့သားနဲ့ အခုကျတော့ အဲဒါကို လုံးဝမပြင်ချင်တော့ဘူးလို့ ဖြစ်နေတယ်၊ ဟိုတုန်းက သမ္မတကြီးရှေ့မှာ လက်မှတ်ထိုးထားတဲ့ဥစ္စာ လူကြီးတွေ သိက္ခာကျတယ်ပေါ့ ပြင်ရင်၊ အန်ကယ်တို့ကလည်း ခွကျတယ်။ အန်ကယ်တို့ဘက်ကလည်း ပြင်လို့မရဘူးဆိုရင် လူကြီးတွေက အန်ကယ်တို့ကို ထုမယ်။ NCCT အနေနဲ့ သဘောတူလက်မှတ်ထိုးခွင့် မရှိဘူး။ မူကြမ်းအနေနဲ့ နှစ်ဖက်ညှိထားတဲ့အချိန်မှာ သဘောတူတယ်၊ လက်မှတ်ထိုးတယ်၊ အထက်ကို တင်ရမယ်ပေ့ါ။ အခုက အမြင်သဘောထားတွေ ခွကျနေတယ်”ဟု ပြောကြားသည်။
 
ပဒိုစောကွယ်ထူးဝင်းကလည်း “တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထိပ်သီးညီလာခံမှာ ပြင်ဆင်တာက စာသားတွေပြင်တယ်။ ဒီနေရာမှာ အစိုးရက ဒီ NCA အပေါ်မှာ မူလရှိထားတဲ့အတိုင်းပဲရှိ။  သူတို့က လက်ခံထားပြီးသား။ ဒီဘက်မှာ ပြင်ဆင်တဲ့အချက်တွေကျတော့ စည်းဝေးပွဲ ဆုံးဖြတ်ချက်တွေကို ကိုးကားမယ့် ဆုံးဖြတ်ချက်သဘောနဲ့ ထည့်စေချင်တဲ့ဆန္ဒရှိတယ်။ ဆွေးနွေးပြီးတော့ လက်ခံတယ်ဆိုရင် ထည့်စေချင်တဲ့ဆန္ဒ ရှိတယ်။ အဲဒီ NCA ကိုတော့ သူက မထိစေချင်ဘူး။ အဓိကပြင်စေချင်တဲ့ အချက်တွေကို  အဓိပ္ပာယ်ဖွင့်ဆိုချက် ကောင်းကောင်းရေးပြီး ဆုံးဖြတ်ချက်မှာ ကိုးကားပြီးတော့ အတည်ပြုရမယ့်သဘောထား။ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အဖြစ် မှတ်ယူပြီး အကောင်အထည်ဖော်တဲ့ သဘောထားဆန္ဒရှိတယ်” ဟု ရှင်းပြသည်။
 
နှစ်ဖက်အကြား သဘောတူညီမှုမရသေးသည့်ကိစ္စရပ်များ အမြင်မရှင်းသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးပါက အဖြေတစ်ခုရရှိမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းမသွားရေးအတွက် နည်းလမ်းရှာကြရမည် ဖြစ်သည်ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

Most Read

Most Recent