ရှန်ဟိုင်းတွင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံ မကြာမီ ဖွင့်လှစ်တော့မည်

ရှန်ဟိုင်းတွင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံ မကြာမီ ဖွင့်လှစ်တော့မည်
Published 23 June 2015
Ref AFP

တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံဖြစ်သည့် ရှန်ဟိုင်းမျှော်စင်ကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းသည် ၁၂၀ ဒီဂရီ လိမ်နေသည့်ပုံသဏ္ဌာန် ရှိသည်။ 
 
စက်ဝိုင်းပုံ အခြေခံမဏ္ဍိုင်တစ်ဝိုက် လိမ်နေသည့် အပေါ်အလွှာသည် ခပ်ပြေပြေ တြိဂံပုံရှိသည်။ မှန်နှင့် သံမဏိတို့ကို သုံးထားသည့် အဆိုပါအဆောက်အအုံသည် လိမ်ကောက်လျက် အထက်သို့ ၆၃၂ မီတာ (၂၀၈၆ ပေ) မြင့်သည်။
နိုင်ငံတော်က ကျောထောက်နောက်ခံ ပြုပေးထားသော ရှန်ဟိုင်းမျှော်စင် ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အနာဂတ်သင်္ကေတတစ်ရပ်အဖြစ် ခေတ်သစ်ဒီဇိုင်းတစ်ရပ်ကို ရှုမြင်ပြထားခြင်း ဖြစ်သည်။ အလွန်မြင့်မားသော ယင်းအဆောက်အအုံသည် ရှန်ဟိုင်းမြို့၏ ပူဒေါင်းစီးပွားရေးဇုန်တွင်ရှိသည်။ အဆိုပါ စီးပွားရေးဇုန်သည် လွန်ခဲ့သည့် ၂၅ နှစ်က ရှိပင် မရှိခဲ့ သေးပေ။ 
 
အဆိုပါ အဆောက်အအုံစီမံကိန်းနှင့် ပတ်သက်နေသူများက ယင်းအဆောက်အအုံကို ယခုနွေရာသီ၌ ဖွင့်လှစ်မည်ဖြစ်ပြီး ရုံးခန်းများ ဦးစွာ ဖွင့်လှစ်မည်ဟု ပြောကြားခဲ့သော်လည်း ကုမ္ပဏီက ယင်းမှတ်ချက်ကို ပယ်ချခဲ့သည်။ 
 
“ကွေ့ဝိုက်ပြီးတက်သွားတဲ့ ဒီပုံစံက တရုတ်ပြည်သူတွေအတွက် ရှေ့ကို လှမ်းမျှော်ကြည့်ခြင်း သင်္ကေတသဘောကို ဆောင်ပါတယ်”ဟု လုပ်ငန်းခွင်ခေါင်းဆောင်နှင့် အမေရိကန် ဗိသုကာကုမ္ပဏီဖြစ်သော Gensler မှ ကြီးကြပ်သူ ဂရန့်အာလာက ပြောကြားခဲ့ သည်။ Gensler က ရေးဆွဲသည့် ဒီဇိုင်းသည် ၂၀၀၈ ခုနှစ်တွင် စတင်အုတ်မြစ်ချသည့် အဆောက်အအုံအတွက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ 
 
“ဒါဟာ မျိုးဗီဇဖြစ်တဲ့ DNA တည်ဆောက်ပုံကို ရည်ညွှန်းပါတယ်။ ပြီးတော့ မြေပြင်နဲ့ ကောင်းကင်ဆက်သွယ်ထားတဲ့ နေရာတစ်ရပ်အဖြစ်လည်း ရည်ညွှန်းပါတယ်”ဟု  ဂရန့်အာလာက ပြောကြားခဲ့သည်။ 
 
ယခု အဆောက်အအုံသည် အမြင့် ၈၂၈ မီတာ (၂၇၃၂ ပေ) ရှိသည့် ဒူဘိုင်းမြို့မှ ဘာ့ဂျ်ခါလီဖာ အဆောက်အအုံထက် နိမ့်သော်လည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ အကုန်ကျခံထားသည့် ရှန်ဟိုင်းမျှော်စင်သည် ကမ္ဘာ့ဒုတိယအမြင့်ဆုံးနေရာကို ရရှိထား သည်။ 
 
ယခု အဆောက်အအုံတွင် တစ်စက္ကန့်လျှင် ၁၈ မီတာနှုန်းသွားသည့် ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကားများပါရှိပြီး ယခုအဆောက်အအုံ၏ ၈၄ ထပ်မှ အထပ် ၁၁၀ အထိ နေရာယူထားသော ဟိုတယ်သည်လည်း ကမ္ဘာ့ဒုတိယအမြင့်ဆုံးဟိုတယ် ဖြစ်လာမည်ဖြစ်သည်။ 
 
ရှန်ဟိုင်းမျှော်စင် အဆောက်အအုံအတွင်း နေ့စဉ် ဖြတ်သွားဖြတ်လာသူပေါင်း ၁၆,၀၀၀ မှ ၁၈,၀၀၀ အတွင်း ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
 
“ခင်ဗျားတို့အနေနဲ့ ဒီ စံပြုအဆောက်အအုံမြင့်ကြီးကို မြင်ရတဲ့အခါ ဒါဟာ တခြားတစ်စုံတစ်ရာကို ကူးချထားတာပါလို့ မမြင်နိုင်တော့ပါဘူး။ ဒါဟာ အတုမရှိပုံစံပါ” ဟု အမေရိကန် ဗိသုကာအကြီးအကဲ မာရှယ်စထရာဘာလာက ပြောကြားခဲ့သည်။ သူသည်Gensler ၌ ရှိစဉ် ယခုစီမံချက်၌ ပါဝင်ခဲ့သူဖြစ်သည်။             
 
 

Most Read

Most Recent