ကွန်ဂို သတ္တုတွင်းလုပ်ငန်းကို ဟန့်တားနေသော လျှပ်စစ်မီး ပြတ်တောက်မှုပြဿနာ

ကွန်ဂို သတ္တုတွင်းလုပ်ငန်းကို ဟန့်တားနေသော လျှပ်စစ်မီး ပြတ်တောက်မှုပြဿနာ
Published 23 June 2015
Ref:AFP

ဒီအာကွန်ဂို (ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ) ၏ တောင်-အရှေ့ဘက် ကာတန်ဂါဒေသရှိ သယံဇာတရင်းမြစ်များသည် နိုင်ငံအတွက် အလားအလာရှိသော ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုနေသော်လည်း လျှပ်စစ်မီးမရှိမှုက ယင်းသယံဇာတများကို အပြည့်အ၀ ထုတ်ယူသုံးစွဲရန်အတွက် အဟန့်အတားဖြစ်နေသည်။ ကာတန်ဂါဒေသမြို့တော် လူဘမ်ဘာရှီတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် STL စက်ရုံမှ မီးပြင်းဖိုများကို မကြာခဏ ပိတ်ပစ်နေရသည်။ ယင်းစက်ရုံသည် အနီးရှိ မီးတောင်ချော်ခဲပုံမှ ကိုဗော့၊ ကြေးနီ နှင့်သွပ်များကို ထုတ်ယူနေခြင်းဖြစ်သည်။
 
ယင်းစက်ရုံရှိ အကြီးဆုံးမီးပြင်းဖိုကို အပြည့်အဝလည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အား ၃၄ မဂ္ဂါဝပ်လိုကြောင်း၊ သို့သော် နိုင်ငံပိုင်လျှပ် စစ်ဓာတ်အားပေးကုမ္ပဏီ Snel က ၂၄ မဂ္ဂါ ဝပ်သာ ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ ဖိအားများပြီး ငရဲခန်းကဲ့သို့ အခြေအနေတွင် ၎င်းတို့ နေထိုင်နေရကြောင်း၊ ပို၍ဆိုးရွားသည်မှာ လျှပ်စစ်မီး ပြတ်တောက်မှုက ထုတ်လုပ်မှုကို အဟန့်အတားဖြစ်နေကြောင်း၊ လျှပ်စစ်မီး ပြတ်တောက်မှုသည် တစ်နေ့လျှင် ကြိမ်ဖန်များစွာ ဖြစ်ပွားပြီး ခုနစ် နာရီအထိပင် ပျက်နေတတ်ကြောင်း STL၏ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး ယန်းပိုတာဗာနီယာက ပြောကြားခဲ့သည်။ 
 
၂၀၀၆-၂၀၀၇ ခုနှစ်တွင် သတ္တုတွင်းလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်ချိန်အတွင်း လျှပ်စစ်မီးသည် ပြဿနာတစ်ခုဖြစ်လာကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အခြေအနေပိုမိုဆိုးရွားလာကြောင်း ၎င်းက ပြောကြားခဲ့သည်။ လျှပ်စစ်မီးမရှိခြင်းကြောင့် တရုတ်ကုမ္ပဏီ CDM အလုပ်အကိုင် ၃၀၀ လျှော့ချလိုက်ရသည်။
 
ပြည်ပရင်းနှီးမြှုပ်နှံသူများ အလုံးအရင်း နှင့် ဝင်ရောက်မှုနှင့် ကုန်စည်ဈေးနှုန်း မြင့်တက်နေမှုတို့ကြောင့် ဒီအာကွန်ဂို သတ္တုတူးဖော်ရေးလုပ်ငန်းသည် တစ်ခေတ်ဆန်းခဲ့သေးသည်။ သို့သော် အာဏာရှင် မိုဘူတူစီစီဆီကို လက်ထက် ၁၉၆၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း နိုင်ငံပိုင်သတ္တုတူးဖော်ရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းနှင့် စီမံခန့်ခွဲမှု လွဲမှားခြင်းတို့၏ ဒဏ်ကို ခံစားခဲ့ရသည်။ ၂၀၀၂ ခုနှစ် တွင် သတ္တုတွင်းလုပ်ငန်းဆိုင်ရာ ကျင့်ထုံးသစ်ကြောင့် အခွန်နှုန်းနည်းပါးစွာဖြင့် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့ပြီးနောက် ယင်းကဏ္ဍတွင် တိုးတက်မှုရရှိခဲ့သည်။ 
 
ယင်းကျင့်ထုံးနှင့် ကာတန်ဂါရှိ ကြီးမားသော သတ္တုသိုက်ကြောင့် ဒီအာကွန်ဂိုသည် ကမ္ဘာပေါ်တွင် ကိုဗော့နှင့် ကြေးနီသတ္တု ထိပ်တန်းထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ နိုင်ငံစီးပွားရေး ခြုံငုံတိုးတက်မှုကို ပိုမိုအားကောင်းစေရန်အတွက် အစိုးရက သတ္တုတွင်းကဏ္ဍကို တိုးချဲ့ရန် စိတ်အားထက်သန်နေသည်။ ကျင့်ထုံးသစ်ကို ပြုပြင်ပြောင်းလဲ၍ ပြည်ပရင်းနှီးမြှုပ်နှံသူများကို အခွန်တိုးမြှင့်ကောက်ရန် အစိုးရက အဆိုပြုခဲ့ရာ လျှပ်စစ်မီးမရှိသည့်ပြဿနာက တိုးတက်မှုကို အရှိန်တန့်စေနိုင်ကြောင်း ယင်းလုပ်ငန်း လုပ်ဆောင်နေသူများက သတိပေးခဲ့သည်။ 
 
ဒီအာကွန်ဂို သတ္တုတွင်းလုပ်ငန်းသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ခန့် လိုအပ်ချက်ရှိနေကြောင်း ကာဇက်စတန်စွမ်းအင် နှင့်အခြေခံအဆောက်အအုံ ကုမ္ပဏီ ENRC မှ ညွှန်ကြားရေးမှူး ဘင်မူနန်ဂါက ပြောကြားခဲ့သည်။ သို့သော် စက်ရုံများ၏ သက်တမ်းရင့်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် နိုင်ငံပိုင်စက်ရုံ ှSnel က လျှပ်စစ်စွမ်းအင် အလျဉ်မီအောင် မထုတ်လုပ်နိုင်ပေ။ ယင်းပြဿနာသည် ယာယီဖြစ်ပြီး တစ်နှစ်အတွင်း တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း Snel ကုမ္ပဏီအကြီးအကဲ ယန်းမာရီမူတမ် ဘိုဂိုအီက ပြောကြားခဲ့သည်။ 
 
သတ္တု တွင်းကုမ္ပဏီများအနေဖြင့် အကောက်ခွန်များ၊ တင်သွင်းလျှပ်စစ်စွမ်းအင်ကို စည်းကြပ်သော အရောင်းခွန်များနှင့် လျှပ်စစ်ထုတ်လုပ်ရန်အတွက် ပြည်ပမှ ဝယ်ယူထားသော ပစ္စည်းများအပေါ် ကောက်ခံသော အခွန်များကို လေးနှစ်ကင်းလွတ်ခွင့်ရမည့်အမိန့် ဒီကရီကို အစိုးရက လျှပ်စစ်လိုအပ်မှုပြဿနာကို တစ်စိတ်တစ်ပိုင်းဖြေရှင်းမှုအဖြစ် ပြီးခဲ့သောဧပြီတွင် ထုတ်ပြန်ခဲ့ရာ အစိုးရသည် လာမည့်လေးနှစ်အတွင်း ကောင်းမွန်သော ဖြေရှင်းနည်းမရှိသေးသည်ကို ဖော်ပြနေကြောင်း  သတ္တုတွင်းကုမ္ပဏီများက ထောက်ပြခဲ့ကြသည်။ 

Most Read

Most Recent