အာဖဂန်ပါလီမန်ကို တာလီဘန်တို့ တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်သူများအပါအဝင် လူကိုးဦး သေဆုံး

အာဖဂန်ပါလီမန်ကို တာလီဘန်တို့ တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်သူများအပါအဝင် လူကိုးဦး သေဆုံး
Published 23 June 2015
Ref:AFP

တာလီဘန်စစ်သွေးကြွများက အာဖဂန်ပါလီမန်အဆောက်အအုံကို ဇွန် ၂၂ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ကြရာ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားခဲ့ရပြီး ဥပဒေပြုအမတ်များသည် အကာအကွယ်ယူ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုများကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ 
 
အရေးပါသော ကာကွယ်ရေးဝန်ကြီးရာထူးအတွက် သမ္မတ၏ အဆိုပြုမှုကို အာဖဂန်ပါလီမန်တွင် ကြေညာနေစဉ် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နာရီနီးပါးအကြာတွင် ယင်းတိုက်ခိုက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး အသေခံကားဗုံးဖောက်ခွဲသူ တစ်ဦးအပါအဝင် တာလီဘန်တိုက်ခိုက်ရေးသမား ခုနစ်ဦးစလုံး အသတ်ခံခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သော ဒီဇင်ဘာတွင် တိုက်ခိုက်ရေးတာဝန်များ ပြီးဆုံး၍ အာဖဂန်မှ ထွက်ခွာသွားခဲ့သော နေတိုးတပ်များ၏အကူအညီမပါဘဲ အာဖဂန်တပ်များသည် ပြန်လည်အားကောင်းလာသော တာလီဘန်များကို ပထမဆုံးအကြိမ် ရင်ဆိုင်နှိမ်နင်းနေရချိန်တွင် ကဘူးမြို့လယ်ကို ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရမှုအတွက် လုံခြုံရေးအခြေအနေအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
 
ပါလီမန်အဆောက်အအုံအနီး အဓိကလမ်းမပေါ်တွင် ကားဗုံးတစ်လုံး ဦးစွာ ဖောက်ခွဲခဲ့ကြောင်း၊ ယင်းနောက် တိုက်ခိုက်ရေးသမားများက ပါလီမန်အပြင်ဘက်ရှိ အဆောက်အအုံတစ်လုံးထဲသို့ ဝင်ရောက်ခဲ့ကြကြောင်း ကဘူးရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူလာ ကာရီမီက ပြောကြားခဲ့သည်။ ပါလီမန်ထဲသို့ ဝင်ရောက်ရန် သေနတ်သမားများ ကြိုးပမ်းခဲ့သော်လည်း ပြန်လည်တိုက်ထုတ်ခံခဲ့ရ၍ အနီးရှိ တစ်စိတ်တစ်ပိုင်းသာ ပြီးစီးထားသော အဆောက်အအုံတစ်လုံးထဲ နေရာယူခဲ့ကြကြောင်း ၎င်းက ဆိုသည်။ 
 
တာလီဘန်များသည် ပါလီမန်ကို အာပီဂျီများဖြင့်လည်း ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှု အသေးစားအချို့ ဖြစ်ပွားခဲ့ပြီးနောက် ကျယ်လောင်သောပေါက်ကွဲသံ ကြားခဲ့ရပြီး စက္ကန့်ပိုင်းအတွင်း ပါလီမန်ထဲ မီးခိုးများ ဖုံးလွှမ်းသွားပြီး အမတ်များက ထွက်ပြေးကြကြောင်း ယင်းအချိန်က ပါလီမန်ထဲတွင် ရှိနေသူ အမတ် မိုဟာမက်ရီဇာခိုရှက်က ဆိုသည်။ 
 
“မူဂျာဟစ်ဒင်အချို့က ပါလီမန်ထဲကို ဝင်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ”ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇဘီဟူလာမူဂျာဟစ်က Twitter တွင်  အစောပိုင်း၌ ရေးသားခဲ့သည်။ ရဲများကမူ တာလီဘန်များက ပါလီမန်၏ ထူထပ်သောလုံခြုံရေးကို ထိုးဖောက်နိုင်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ 
 
တာလီဘန်များသည် အစိုးရနှင့် နိုင်ငံခြားသားများကို ပိုမိုပစ်မှတ်ထားပြီး တိုက်ခိုက်မှုများကို ဧပြီလနှောင်းပိုင်းက စတင်ပြုလုပ်ခဲ့ကြရာ ဆယ်စုနှစ်တစ်ခုအတွင်း ထိခိုက်သေဆုံးမှု အများဆုံးနှစ်ဖြစ်လာဖွယ်ရှိသည်။ ရာမဒန်ကာလအတွင်း တိုက်ခိုက်မှုများကို ရပ်တန့်ရန် အာဖဂန်မှ အကြီးတန်းဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုချက်ကိုလည်း စစ်သွေးကြွများက ခါးခါးသီးသီး ငြင်းပယ်ခဲ့ကြသည်။                            
 
 

Most Read

Most Recent