အာဃာတတရား ကင်းရှင်းစွာဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ဆောင်ပြီး ဒီမိုကရေစီပြည်ထောင်စုကို ညီညွတ်စွာ ခရီးနှင်နိုင်ရေး ဦးတည်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အာဃာတတရား ကင်းရှင်းစွာဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ဆောင်ပြီး ဒီမိုကရေစီပြည်ထောင်စုကို ညီညွတ်စွာ ခရီးနှင်နိုင်ရေး ဦးတည်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 22 June 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

အာဃာတတရား ကင်းရှင်းစွာဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ဆောင်ပြီး ဒီမိုကရေစီပြည်ထောင်စုကို ညီညွတ်စွာခရီးနှင်နိုင်ရေး ဦးတည်သွားမည်ဟု ဇွန် ၂၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးအပြီးတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
NLDပါတီ၏ ပထမအကြိမ် ဗဟိုကော်မတီပ ဉ္စမမြောက်အစည်းအဝေးတွင် နိုင်ငံ၏ အနာဂတ်အတွက် များစွာအရေးကြီးသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း၊ ဒီမိုကရေစီပြည်ထောင်စုဖြစ်မြောက်ရေးနှင့်  ပြည်သူပြည်သားများ၏ အခွင့်အရေးပြည့်ပြည့်၀၀ရရှိရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အောင်မြင်မှုရရှိအောင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ပြည်သူများ၏ ထောက်ခံမှုဖြင့် ဆက်လက်ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
 ဒေါ်အောင်ဆန်းစုကြည်က “ ဒီနှစ်မှာ တကယ်အဓိကကျတဲ့ ကိစ္စကြီးကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ချောချောမွေ့မွေ့ ဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲအလွန်မှာ အားလုံး ချောချောမွေ့မွေ့ဆက်ပြီးတော့ ဖြစ်ရေးပဲဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲများအပြီးမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို ဖေဖေက ပြောခဲ့တဲ့ စကားတစ်ခုကို ကျွန်မတို့ရဲ့ နာယကတစ်ဦးဖြစ်တဲ့ ဦးသန်းထွန်း ပြောပြခဲ့လို့ ကျွန်မသိပါတယ်။ အဲဒီတုန်းက ဖေဖေက ပြောခဲ့တာက ဘာလဲဆိုတော့ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရမယ်။ မိတ်ဆွေကို ကိုယ့်လူဖြစ်အောင် လုပ်ရမယ်။ ဒါ နိုင်ငံတစ်ခုရဲ့ ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ ဒီအတိုင်းပဲ ဆက်ပြီးတော့ ကြိုးစားသွားရမှာပါ” ဟု ပြောကြားသည်။
 
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် က “မိတ်ဆွေကို ကိုယ့်လူဖြစ်အောင်ဆိုတဲ့ သဘောက မိတ်ဆွေဆိုပြီးတော့ ထိုင်နေရုံနဲ့ မရဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် တက်တက်ကြွကြွ ဝိုင်းဝန်းပြီးတော့ ကျွန်မတို့အထဲက လူရင်းတစ်ယောက်ကဲ့သို့  ကူညီမစခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့် ကျွန်မတို့ ဒီအချိန်မှာဆိုရင် ရွေးကောက်ပွဲကို အောင်မြင်အောင်လို့  အောင်နိုင်အောင်လို့ လုပ်တယ်ဆိုတာ ဒီမိုကရေစီအောင်နိုင်ရေးအတွက် လုပ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီအောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ဖို့ လိုပါတယ်ဆိုတာ ကျွန်မအလေးအနက် ပြောပါရစေ။ ဒီလို ကျွန်မတို့ဟာ အောင်နိုင်တဲ့အခါမှာ ဘယ်သူ့ကိုယ်မှ ကျွန်မတို့က ကြောဖို့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ ကျွန်မတို့က အာဃာတတရား ကင်းရှင်းစွာနဲ့ ရန်သူကို မိတ်ဆွေဖြစ်အောင် မိတ်ဆွေကို ကိုယ့်လူ ဖြစ်အောင် ကျွန်မတို့ရဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးဟာ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ ခရီးနှင်နိုင်အောင် ကျွန်မတို့ ဦးတည်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
 

Most Read

Most Recent