ဒန်ဒီးတက္ကသိုလ်က ငှက်ဖျားရောဂါ ကုသသည့် ဆေးဝါးအသစ် တီထွင်နိုင်ခဲ့

ဒန်ဒီးတက္ကသိုလ်က ငှက်ဖျားရောဂါ ကုသသည့် ဆေးဝါးအသစ် တီထွင်နိုင်ခဲ့
Published 22 June 2015
Ref:AFP

စကော့တလန် ဒန်ဒီးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် ငှက်ဖျားရောဂါကို ကုသနိုင်သည့် ဓာတ်ပေါင်း အသစ်တစ်မျိုးကို တွေ့ရှိခဲ့ကြောင်း ဇွန် ၁၇ ရက် သတင်းများက ဖော်ပြသည်။  ယခုအခါ ငှက်ဖျားရောဂါပိုးသည် လက်ရှိဆေးများကို ယဉ်ပါးလျက် ရှိသောကြောင့် ဆေးဝါးအသစ်တစ်မျိုး အရေးပေါ်လိုအပ်နေချိန်၌ ယခုဆေးဝါးသည် ငှက်ဖျားရောဂါ ကူးစက်ခံရမှုနှင့် ငှက်ဖျားရောဂါပျံ့နှံ့မှုကို ဆေးတစ်ကြိမ်တည်းဖြင့် ကာကွယ်နိုင်သည်ဟု ဆိုသည်။ 
 
DDD107498 ဟု အမည်ပေးထားသော ဓာတ်ပေါင်းကို ဒန်ဒီးတက္ကသိုလ်၏ ငှက်ဖျားရောဂါအတွက် ဆေးဝါးရှာဖွေရေးနှင့် ဆေးပညာဌာနက ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံပညာရှင်များက ယခု ဆေးဝါးသစ်သည် လက်ရှိဆေးများကို ယဉ်ပါးနေသည့် ငှက်ဖျားရောဂါပိုးများကို တိုက်ဖျက်နိုင်သည်ဟု ပြောကြားခဲ့သည်။ 
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၁၃ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူပေါင်း သန်း ၂၀၀ ရှိပြီး သေဆုံးသူ  ၅၈၄,၀၀၀ ရှိကြောင်းနှင့် သေဆုံးသူအများစုသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ငါးနှစ်အောက် ကလေးငယ်များဖြစ်ကြောင်း အစီရင်ခံခဲ့သည်။
 
မြန်မာနှင့် အိန္ဒိယနယ်စပ်တွင် လက်ရှိဆေးဝါးများကို ယဉ်ပါးနေသည့် ငှက်ဖျားရောဂါပိုးတွေ့ရှိရသည့်အပေါ် စိုးရိမ်မှုများ ကြီးထွားလာပြီးနောက် ယခုကဲ့သို့ ဆေးဝါးအသစ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
 
ယခုစီမံချက်ကို ပူးတွဲဦးဆောင်သူ ဒေါက်တာကေဗင်ရိဒ်က ငှက်ဖျားရောဂါကုသရန် ဆေးဝါးအသစ်များ အရေးပေါ်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ သူက “လက်ရှိ ထိပ်တန်းအဆင့်ရှိတဲ့ ငှက်ဖျားကုသဆေးကို ရောဂါပိုးက ယဉ်ပါးနေတဲ့ကိစ္စဟာ တကယ့်ခြိမ်းခြောက်မှုတစ်ရပ်ပါ”ဟု ပြောကြားခဲ့သည်။ 
 
သူက “အခု ကျွန်တော်တို့တွေ့ထားတဲ့ ဓာတ်ပေါင်းဟာ လက်ရှိဈေးကွက်မှာရှိတဲ့ တခြားငှက်ဖျားကုသရေးဆေးတွေ အားလုံးနဲ့ လုပ်ဆောင်ချက်ချင်း လုံးဝကွဲပြား ခြားနားပါတယ်။ ဒါကြောင့် လက်ရှိ ဆေးတွေကို ယဉ်ပါးတဲ့ပိုးတွေကို ကုသနိုင်မယ့် အလားအလာရှိပါတယ်”ဟု ဆိုသည်။
 
 

Most Read

Most Recent