လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာရေး၊ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်နိုင်ရေးတို့အတွက် မဲစာရင်းစိစစ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်အပါအဝင် ဆုံးဖြတ်ချက်လေးချက်နှင့် ရှေ့လုပ်ငန်းစဉ် လေးချက်ကို ဇွန် ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအစည်းအဝေးက ချမှတ်ခဲ့သည်။
ရွေးကောက်ပွဲ အောင်နိုင်ရေးသည် အဖွဲ့ချုပ်အောင်နိုင်ရေးမဟုတ်ဘဲ ဒီမိုကရေစီ ပြည်ထောင်စုအောင်နိုင်ရေး ပြည်သူပြည်သားများ အောင်နိုင်ရေးဖြစ်စေရန် ဆုံးဖြတ်ကြောင်း၊ ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပြီးသတ် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်ဟု NLD ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအစည်းအဝေး၏ ဆုံးဖြတ်ချက်များတွင် ဖော်ပြထားသည်။
NLD ၏ ရှေ့လုပ်ငန်းစဉ်များမှာ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ပေါ်ပေါက်ရေး ဦးတည်ဆောင်ရွက်ရန်၊ တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းဖြစ်ပေါ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူဝါဒများ ချမှတ်ရန်နှင့် မဲစာရင်းစိစစ်ရေးကိစ္စများကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန် စသည်တို့ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့ကိစ္စကို ကျွန်တော်တို့ အချက်အလက်တွေ အတော်များများ ဆွေးနွေးပြီးပါပြီ။ ဒီနေ့ နေ့ခင်းမှာ ကျွန်တော်တို့လုပ်တဲ့ အစည်းအဝေးမှာလည်း အဲဒါတွေကို ဆက်လက်ပြီးတော့ ဆွေးနွေးထားပါတယ်။ ကျွန်တော်တို့ ကြေညာဖို့အချိန်ရောက်တာနဲ့ အဆင်သင့်လောက် နီးနီးပြီးနေပါပြီလို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။
မဲစာရင်း စိစစ်ရေးကိစ္စနှင့် ပတ်သက်၍ ၎င်းက“ မဲစာရင်းစိစစ်ရေးက အချိန်မီပြီးဖို့ ကျွန်တော်တို့ကြိုးစားနေတယ်။ ကြိုးစားနေတဲ့အချိန်မှာ သိတဲ့အတိုင်းပဲ ကျွန်တော်တို့က ပါတီတစ်ခုပါ ။ ကျွန်တော်တို့အင်အား ဘယ်လောက်ပဲကြီးကြီး လူဦးရေအားဖြင့် အလွန်များတာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့နဲ့ မိတ်ဆွေဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ လူငယ်တွေ ကျွန်တော်တို့ စည်းရုံးပြီးတော့ ရှေ့လုပ်ငန်းမှာ အဲဒီမဲစာရင်းစိစစ်ရေးလုပ်သွားဖို့ ဒီနေ့ကျွန်တော်တို့ စဉ်းစားဆုံးဖြတ်ထားပါတယ်။ နိုင်အောင်ကြိုးစားမယ်” ဟု ပြောကြားခဲ့သည်။
မဲစာရင်းစိစစ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်မည့်အချက် အပါအဝင် ဆုံးဖြတ်ချက်များ ရှေ့လုပ်ငန်းစဉ်များ NLD ချမှတ်















