ရဲများ၏ ခန္ဓာကိုယ်၌ ကင်မရာများ တပ်ဆင်ပေးမှုကြောင့် နှိပ်စက်မှုများ သိသိသာသာကျဆင်းသွား

ရဲများ၏ ခန္ဓာကိုယ်၌ ကင်မရာများ တပ်ဆင်ပေးမှုကြောင့် နှိပ်စက်မှုများ သိသိသာသာကျဆင်းသွား
Published 21 June 2015
Ref:AFP

ရဲများ၏ ခန္ဓာကိုယ်တွင် ကင်မရာများ တပ်ဆင်ထားမှုကြောင့် ရဲများက ညှဉ်းပန်း နှိပ်စက်မှု သိသိသာသာ ကျဆင်းသွားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ပါရဂူတစ်ဦးက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ 
 
လက်နက်မဲ့ပြည်သူများကို ရဲများက အကြမ်းဖက်မှု၊ နှိပ်စက်မှုတို့ကို ကင်မရာက မှတ်တမ်းတင်နိုင်သောကြောင့် အထူးသဖြင့် အမေရိကန်တွင် ရဲများ၏ ခန္ဓာကိုယ်၌ ကင် မရာများတပ်ဆင်ထားရန် တောင်းဆိုမှု မြင့်တက်လာနေသည်။ 
 
"ရဲတွေက ကိုယ်မှာ ကင်မရာဝတ်ဆင်ထားတဲ့အခါ အင်အားသုံးမှုက ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ အစောပိုင်း လေ့လာမှုတွေက တွေ့ရှိထားပါတယ်"ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ခရစ်စတော့ဟင်က ပြောကြားခဲ့သည်။
 
ရဲများ၏ ခန္ဓာကိုယ်တွင် ကင်မရာများ တပ်ဆင်ထားမှုကြောင့် အင်အားအလွန်အကျွံ သုံးစွဲမှု ၉၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း လေ့လာမှုများက ဆိုသည်ဟု ၎င်းက ပြောကြားခဲ့သည်။ တမီလ်ခွဲထွက်ရေးသူပုန်များကို သီရိလင်္ကာအစိုးရက နှိမ်နင်းခဲ့သည့် စစ်ပွဲအတွင်း ရက်စက်မှုများကို ပြသသည့် ငါးမိနစ်စာဗီဒီယိုအား အတည်ပြုစစ်ဆေးပေးရန် ၂၀၁၁ ခုနှစ်က ဦးဆောင်လှုပ်ရှားခဲ့သော ခရစ်စတော့ဟင်က နည်းပညာသစ်ကြောင့် မှတ်တမ်းတင် ရိုက်ကူးနိုင်ခြင်းမရှိသော အကြမ်းဖက်မှုများကို မျက်ကွယ်ပြု ခံရသည့် အန္တရာယ်လည်း ရှိနေကြောင်း ပြောကြားခဲ့သည်။ 
"ဒစ်ဂျစ်တယ် ကွာဟချက်အန္တရာယ်က  ရှိနေပါတယ်။ ဒစ်ဂျစ်တယ်နဲ့ မှတ်တမ်းတင်ထားတာ မဟုတ်ရင် မရှိဘူးလို့ ထင်မြင်မှုတွေ  မြင့်တက်လာနိုင်ပါတယ်"ဟု ၎င်းက ပြော ကြားခဲ့သည်။
 
ထို့ပြင် ရဲများအနေဖြင့်လည်း ကိုယ်တွင် တပ်ဆင်ထားသော ကင်မရာများကို အလွဲအသုံးပြုမှု ရှိလာနိုင်ကြောင်း ဟင်က ပြော ကြားခဲ့သည်။ အရေးကြီးသောအခြေအနေများတွင် ကင်မရာများကို ပိတ်ပင်ထားမှု ရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြုပြီး လူ့အခွင့်အရေးစနစ်ကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သို့သော်လည်း ကမ္ဘာ၏ ချိတ်ဆက်မှုကင်းလွတ်နေသော နေရာအများစုတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက် ကွယ်ပြုမှုရှိနိုင်ကြောင်း သတိပေးခဲ့သည်။ 
 
ခန္ဓာကိုယ်တွင် တပ်ဆင်သော ကင်မရာစနစ်သည် ဈေးကြီးပြီး အမေရိကန်တွင် ဒေါ်လာ ၁၀၀၀ ခန့် ကုန်ကျသည်။ ကြံဆမှု သစ်ဖြစ်သော်လည်း ရဲများ၏ ခန္ဓာကိုယ်တွင် ကင်မရာတပ်ဆင်မှုသည် လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း စံတစ်ခုဖြစ်လာမည်ဟု  ကျွမ်း ကျင်သူများက ခန့်မှန်းထားသည်။ 
 
 
 

Most Read

Most Recent