ဇွန် ၁၈ ရက် ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၁၁၅၅ ကျပ်ဝန်းကျင်သို့ ကျဆင်း

ဇွန် ၁၈ ရက် ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၁၁၅၅ ကျပ်ဝန်းကျင်သို့ ကျဆင်း
Published 18 June 2015

ဇွန် ၁၈ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာ ၁၁၅၅ ကျပ်ဝန်းကျင်သို့ ကျဆင်းလာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
ဇွန် ၁၈ရက်တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၀၅ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၁၅၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၁၅၀ ဝန်းကျင်တွင် ရှိနေကြောင်း၊ ပို့ကုန်ရ ငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၁၅၅ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
ဇွန် ၁၈ ရက်တွင် ဗဟိုဘဏ်မှ သတ်မှတ်ပေးထားသော ငွေလဲနှုန်းဖြင့် စားအုန်းဆီနှင့် စက်သုံးဆီသွင်းကုန် လုပ်ငန်းရှင်များ လိုအပ်သော ဒေါ်လာငွေကို MFTB,MICB  နှင့်ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ရောင်းချမည်ဟု ပုဂ္ဂလိကဘဏ်မှ တာဝန်ရှိသူများပြောကြားမှုအပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၅၅ ကျပ် ဝန်းကျင်သို့ ကျဆင်းလာကြောင်း စုံစမ်းသိရှိရသည်။
ဇွန်တတိယပတ်တွင် တရားမဝင် ရောင်းချမှုများကို သက်ဆိုင်ရာမှ ဖမ်းဆီးခြင်း သတင်းများပေါ်ထွက်ခဲ့ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁၂၀၀ ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၁၉၀ ဝန်းကျင်တွင် ရှိနေခဲ့သည်။
ဒေါ်လာတန်ဖိုးသည် ၂၀၁၅ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဇွန် ၁၀ ရက်အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့၍ အပိတ်ဈေးတွင် တစ်ဒေါ်လာလျှင်  ၁၂၄၀ ကျပ် ဝန်းကျင်အထိ ရှိခဲ့သည်။
ဇွန် ၁၇ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၁၀၅ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၀၀ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၁၉၀ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း၊ ပို့ကုန်ရငွေတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၁၉၅ ဝန်းကျင်တွင် ရှိခဲ့သည်။
တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင် နှုန်းဘောင်အတွင်း၌ လည်းကောင်း၊ A.D လိုင်စင်ရဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာတန်ဖိုးမှာ ဆက်လက်မြင့်နေသောကြောင့် ဇွန် ၁၀ ရက်တွင် လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ထပ်မံဆွေးနွေးမှုအပြီး ဇွန် ၁၅ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ကျပ် ၁၂၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်း သွားခြင်းဖြစ်သည်။

Most Read

Most Recent