ဂုဏ်ယူဖွယ် ယူ-၂၃ အသင်း နှင့် ရေရှည်မျိုးဆက်

ဂုဏ်ယူဖွယ် ယူ-၂၃ အသင်း နှင့် ရေရှည်မျိုးဆက်
Published 18 June 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့၂၈ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ -၂၃ ဘောလုံးအသင်းကို မြန်မာနိုင်ငံသားများ အားပေးမှုများကတော့ အံ့မခန်းနိုင်အောင် ရှိခဲ့ပါတယ်။
ပြိုင်ပွဲများမစခင်က ပြည်သူများအကြား ရေပန်းစားခြင်း မရှိခဲ့တဲ့ ယူ-၂၃ အသင်းဟာ ပြိုင်ပွဲအတွင်း တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲများ ယူခဲ့ပြီးနောက်မှာတော့ အများပြည်သူများရဲ့ အားပေးမှုတွေဟာ ယူ-၂၃ အသင်းအပေါ် အပြည့်အလျှံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က အုပ်စုအဆင့်က မတက်နိုင်ခဲ့ပေမယ့် စင်ကာပူမှာ ကျင်းပခဲ့တဲ့ ပွဲစဉ်များမှာတော့ အုပ်စုပွဲစဉ်လေးပွဲမှာ သုံးပွဲနိုင် တစ်ပွဲသရေ ရှုံးပွဲမရှိခဲ့ပဲ အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို အနိုင်ယူပြီးတဲ့ နောက်မှာတော့  ယူ-၂၃ အသင်းအပေါ် ပရိသတ်အားပေးမှု အရှိန်ဟာ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဘောလုံးပွဲအပေါ် စိတ်ဝင်စားမှုဟာလည်း အထူးမြင့်တက် သွားခဲ့တာ ဖြစ်ပါတယ်။
ချီးကျူးဂုဏ်ပြု
ဗိုလ်လုပွဲမှာတော့ ထိုင်းအသင်းကို ဒုတိယပိုင်းမှာ ခွင့်ပြုခဲ့ရတဲ့ဂိုးများနဲ့ အရှုံးပေးခဲ့ရပေမယ့် ဘောလုံးကွင်းထဲ အရောက်သွားရောက် အားပေးခဲ့တဲ့ စင်ကာပူရောက် မြန်မာပရိသတ်များနဲ့ နိုင်ငံတစ်ဝန်းက တစ်ခဲနက် အားပေးသူများက ရေကုန်ရေခန်း ကြိုးစားခဲ့ကြတဲ့ ယူ-၂၃သင်းသားများနဲ့ အသင်းတာဝန်ရှိသူများ အားလုံးကို ချီးကျူးဂုဏ်ပြု ခဲ့ကြပါတယ်။ ဒုတိယဆုသာ ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း အများပြည်သူတွေရဲ့ ရင်ထဲက မေတ္တာတရား တွေကိုတော့ ယူ-၂၃ အ သင်းအပေါ်ထားရှိတဲ့ ဆွတ်ခူးရယူသွားနိုင် ခဲ့တာလည်း ဖြစ်ပါတယ်။
မေတ္တာဆု
တကယ်တော့ အခုလိုပြည်သူတွေရဲ့ စေတနာမေတ္တာတွေကို သိမ်းပိုက်သွားတဲ့ ယူ-၂၃အသင်းဟာ ကြိုတင်ပြင်ဆင်မှုပိုင်းမှာ အားနည်းမှုရှိခဲ့တဲ့ အသင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ဘက်ကောင်းများနဲ့ ခြေစမ်းခွင့် မရခဲ့ပါဘူး။ ခြေစမ်းပွဲ အနည်းငယ်သာ ကစားခွင့်ရခဲ့သလို ကစားသမားအားလုံး တစ်စုတစ်စည်းတည်း လေ့ကျင့်ခဲ့ရတဲ့ အချိန်ဟာလည်း တစ်လကျော်သာ ရရှိခဲ့တာကြောင့် ပွဲကြိုပြင်ဆင်မှုပိုင်းမှာ အားနည်းခဲ့ပေမဲ့လည်း ယူ-၂၃ အသင်းသားတွေဟာ စုစည်းညီညွတ်မှုနဲ့အတူ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို တစ်ခုပြီးတစ်ခု ဖြည့်စည်းပေးနိုင်ခဲ့တာကြောင့် ပရိတ်သတ်ရဲ့ မေတ္တာဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရေရှည်မျိုးဆက်
ယူ-၂၃ အသင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ လွယ်လွယ်ကူကူနဲ့ ရခဲ့တာမဟုတ်ပါဘူး။ အခက်အခဲများကြားက ရရှိခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေကို ရေရှည်ဆက်လက်ဆွတ်ခူးနိုင်ဖို့ အပြောင်းအလဲတွေ လုပ်ဖို့လိုပါတယ်။ အထူးသဖြင့် ဘောလုံးအားကစား အောင်မြင်ဖို့ဆိုရင် ဘောလုံးကစားသူတွေ ပိုများလာဖို့ လိုပါတယ်။ ဘောလုံးအားကစားကွင်းတွေ ပိုပြီး ဆောက်ဖို့လိုပါတယ်။ ဘောလုံးအားကစားမှာ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးလုပ်ဖို့ လိုပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့အပြားမှာ ဘောလုံးကစားကွင်းတွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်နေတာကို တားဆီးဖို့လိုပါတယ်။ သိရသလောက် မင်္ဂလာဈေးဘေးမှာရှိခဲ့တဲ့ ဘောလုံးကွင်းကတော့ ဈေးကြီးဖြစ်သွားပါပြီ။ ဗဟန်းမြို့နယ်က M3 စားသောက်ဆိုင်ဘေးမှာရှိတဲ့ အရင်မြို့နယ်ပွဲတေ ွလုပ်ခဲ့ဘူးတဲ့ အမှတ် (၈) နယ်မြေကွင်းကတော့ အခုအလုံပိတ်ထားလို့ ဘောလုံးကန်မရတော့ပါဘူး။ ရန်ကင်းမြို့နယ် မှတ်တမ်းရုံးရှေ့မှာရှိတဲ့ ကွင်းကတော့ ခပ်လှုပ်လှုပ်အသံတွေ ကြားနေပါတယ်။ လှိုင်မြို့နယ်ကွင်းကတော့ ပုဂ္ဂလိက အသင်းတစ်သင်းက ယူလိုက်လို့ သွားကန်မယ်ဆိုရင် ကွင်းကြေးတစ်သိန်းပါတဲ့။ အလုံမြို့နယ်က ကွင်းတစ်ကွင်းကတော့ ယာယီဈေးဖြစ်သွားပါတယ်။သာကေတမြို့ နယ်ကကွင်းကတော့ ပြပြင်မှုမရှိတော့ ဗွက်ထပြီး မြက်က တစ်တောင်လောက် ရှည်နေပါတယ်။ ဒဂုံဆိပ်ကမ်းဘက်က ဘောလုံးသွားကန်ကြတဲ့ မြေအလွတ်တွေ အများစုက အိမ်ရာတွေဖြစ်ကုန်ပါပြီ။ တစ်လောကလည်း ပျဉ်းမနားမြို့နယ်က ဘောလုံးကွင်းကို ပုဂ္ဂလိက အသင်းတစ်သင်းက သူ့ကွင်းလုပ်မလို့ အများကန့်ကွက်တာနဲ့ ရပ်သွားခဲ့ပါတယ်။
ဘောလုံးပွဲတွေနိုင်ချင်ရင် ဘောလုံးကစားဖို့ ဘောလုံးကွင်းတွေ ပျောက်ကွယ်နေတာကို လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ရှိပြီးသားတွေကို ထိန်းသိမ်းဖို့လိုသလို ကွင်းသစ်တွေကိုလည်း ဆောက်ဖို့လိုပါတယ် ။ ဒါမှသာ ဘောလုံးအားကစားနည်းကို အများပြည်သူတွေ ပိုပြီးကစားနိုင်ကြမှာ ဖြစ်ပါတယ်။ ဘောလုံးကို ပိုပြီးကစားနိုင်ကြမှသာ ရေရှည်မျိုးဆက်တွေ ပေါ်ထွက်လာဖို့ အခွင့်အလမ်းတွေ ရှိလာမှာဖြစ်ပါတယ်။
ဘောလုံးမျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့ဆိုရင် အခြေခံကျောင်းတွေမှာကအစ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲတွေကို မဖြစ်မနေ ကျင်းပပေးဖို့ လိုပါတယ်။ ယခင်တုန်းက ရှိခဲ့တဲ့ မြို့နယ်ဘောလုံးပွဲက အစပြုလို့ အဆင့်လိုက် ဘောလုံးပွဲတွေကို ပြန်ကျင်းပပေးဖို့ လိုပါတယ်။ ဒါမှသာ ဘောလုံးကစားဖို့ အခွင့်အလမ်းတွေ ရှိလာပြီး မျိုးဆက်သစ်တွေ ထွက်ပေါ်လာဖို့ အခွင့်အလမ်းတွေ ရှိလာမှာဖြစ်ပါတယ်။ ခါတော်မီ အားပေးမှုတွေ၊ တစ်ပွဲထိုး ပြင်ဆင်မှုတွေထက် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းက နောင်တစ်ချိန်မှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ သမိုင်းမှာ အထင်အရှားရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မျိုးဆက်ပြတ်တောက် ခဲ့တာကြောင့် ယနေ့အချိန်မှာ အာဆီယံအဆင့်မှာ ထိပ်တန်းပြန်ရောက်ဖို့ ရုန်းကန်နေရတာ အမှန်တရား ဖြစ်ပါတယ်။ ဒီအတွက် ရေရှည်မှာ ဘောလုံးအားကစားမှာ မြန်မာအသင်းတွေ ထိပ်တန်းပြန်ရောက်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေကို အချိန်မဆိုင်း လုပ်ဆောင်သင့်ပါတယ်။ အများပြည်သူများကတော့ မြန်မာဘောလုံးအသင်းများကို အမြဲအားပေးမှု ချီးမြှောက်မှုတွေ ပြုလုပ်ပေးနေမှာဖြစ်ပြီး အခက်အခဲများကြားထဲက တတ်စွမ်းသမျှ ကြိုးစားခဲ့ကြတဲ့ ယူ-၂၃ အသင်းကို အများပြည်သူများကိုယ်စား ချီးကျူးဂုဏ်ပြုပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။