ဗဟိုဘဏ် သတ်မှတ်ပေးသော ငွေလဲနှုန်းဖြင့် စားအုန်းဆီနှင့် စက်သုံးဆီသွင်းကုန် လုပ်ငန်းရှင်များ လိုအပ်သော ဒေါ်လာငွေကို MFTB, MICB နှင့် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ဇွန် ၁၈ ရက်တွင် စတင်ရောင်းမည်

ဗဟိုဘဏ် သတ်မှတ်ပေးသော ငွေလဲနှုန်းဖြင့် စားအုန်းဆီနှင့် စက်သုံးဆီသွင်းကုန် လုပ်ငန်းရှင်များ လိုအပ်သော ဒေါ်လာငွေကို MFTB, MICB နှင့် ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ဇွန် ၁၈ ရက်တွင် စတင်ရောင်းမည်
Published 17 June 2015
တင်ယုနွယ်

ဈေးကွက်အတွင်း ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် သွင်းကုန်လုပ်ငန်းအတွက် အခက်အခဲ ဖြစ်နေမှုများကို ဖြေရှင်းမှုအနေဖြင့် စားအုန်းဆီနှင့် စက်သုံးဆီသွင်းကုန် လုပ်ငန်းရှင်များ လိုအပ်သော ဒေါ်လာငွေကြေးကို MFTB, MICB နှင့် ပုဂ္ဂလိကဘဏ် အားလုံးမှတစ်ဆင့် ဗဟိုဘဏ်က ဇွန် ၁၈ ရက်မှ စတင်ရောင်းချပေးမည်ဟု ဇွန် ၁၇ ရက်က ပုဂ္ဂလိကဘဏ်လုပ်ငန်း တာဝန်ရှိသူများနှင့် ဗဟိုဘဏ်တို့ တွေ့ဆုံဆွေးနွေးမှုမှ ပုဂ္ဂလိကဘဏ်လုပ်ငန်း တာဝန်ရှိသူများ၏ ပြောကြားမှုအရ သိရသည်။သွင်းကုန်လုပ်ငန်းအတွက် ဒေါ်လာလိုအပ်ချက် ရှိနေမှုများကို ဖြေရှင်းနိုင်ရန် စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စားအုန်းဆီ၊ စက်သုံးဆီနှင့် ဘိလပ်မြေတင်သွင်းသော လုပ်ငန်းရှင်များထဲက အများဆုံး တင်သွင်းသူဟု ယူဆရသော လုပ်ငန်းရှင် ၂၀ စီကို ခေါ်ယူခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တာဝန်ရှိသူများနှင့် နေပြည်တော်တွင် ဇွန် ၁၆ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယင်းဆွေးနွေးမှုသို့ တက်ရောက်ခဲ့သော လုပ်ငန်းရှင်တစ်ဦးက “သွင်းကုန်တွေ တင်သွင်းဖို့ ဒေါ်လာငွေလိုအပ်တဲ့ လုပ်ငန်းရှင်တွေအတွက် A/D လိုင်စင်ရ ကိုယ်ကြိုက်တဲ့ ပုဂ္ဂလိကဘဏ်မှာ သွင်းကုန်ဆိုင်ရာ အချက်အလက်တွေ တင်ပြပြီး ပုဂ္ဂလိကဘဏ်တွေကတစ်ဆင့် ဗဟိုဘဏ်က ရောင်းပေးမယ်လို့ ပြောပါတယ်။ ဒီလိုရောင်းပေးတဲ့အခါ ပထမဦးဆုံး အနေနဲ့ စက်သုံးဆီနဲ့ စားသုံးဆီသွင်းကုန် လုပ်ငန်းရှင်တွေကိုသာ အရင်ဆုံး ရောင်းပေးမယ်လို့ ဆွေးနွေးပွဲကနေ သိရပါတယ်။ ပုဂ္ဂလိကဘဏ်တွေက ဈေးအမျိုးမျိုးနဲ့ မရောင်းနိုင်ဖို့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း ဈေးအတိုင်း ပုဂ္ဂလိကဘဏ်တွေက ရောင်းပေးရမှာပါ။ နောက်ဒီလို ရောင်းပေးတဲ့အခါ လူထုလိုအပ်တဲ့ သွင်းကုန်တွေကို အမှန်တကယ် တင်သွင်းမယ့် လုပ်ငန်းရှင်တွေကိုသာ သေချာစိစစ်ပြီး ခါတော်မီ သွင်းကုန်လုပ်ငန်းရှင်တွေ မဖြစ်စေဖို့အတွက်လည်း စီးပွားကူးသန်း ဝန်ကြီးဌာနကလည်း စိစစ်မယ်” လို့ ပြောကြားသည်။ဇွန် ၁၇ ရက်က ဗဟိုဘဏ်က သတ်မှတ်သော နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို ကျပ် ၁၁၀၅ ဖြစ်ပြီး စားအုန်းဆီနှင့် စက်သုံးဆီ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာရောင်းချပေးရာတွင်လည်း ဗဟိုဘဏ်သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ရောင်းချမည်ဟု သိရသည်။လက်ရှိတွင် ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းနှင့် ဈေးမတည်ငြိမ်နေခြင်းများကြောင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများအပေါ် သက်ရောက်နေပြီး သွင်းကုန်လုပ်ငန်းရှင်များမှာ ပြည်ပမှ တင်သွင်းကုန်များကို နိုင်ငံခြားငွေ သုံးစွဲရသောကြောင့် ဒေါ်လာဈေး မတည်ငြိမ်မှုမှာ အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သုံးသပ်ပြောကြားထားသည်။ ထို့အပြင် သွင်းကုန်လုပ်ငန်းရှင်အချို့မှာ ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းနှင့် ဈေးမတည်ငြိမ်နေခြင်းများကြောင့် ကုန်သွယ်မှုပြုလုပ်ရန် နှောင့်နှေးမှုများ ရှိခဲ့ပြီး ပို့ကုန်ရငွေထက် သွင်းကုန်သုံးငွေမှာ ပိုများနေခြင်းကြောင့် နိုင်ငံခြားသုံးငွေ လိုအပ်ချက်ရှိနေသည်ဟုလည်း သိရသည်။ ယခုဘဏ္ဍာနှစ်မှ ဇွန်လဆန်းပိုင်းအထိ ပြည်ပမှကုန်စည်မျိုးစုံ တင်သွင်းမှုအတွက် ဒေါ်လာသန်း ၂၅၀၀ ကျော်အသုံးပြုထားကြောင်း သိရသည်။

Most Read

Most Recent