လယ်ယာမြေဥပဒေအရ ဘဏ်များတွင် လယ်ယာမြေ ပေါင်နှံနိုင်သော်လည်း လက်ရှိတွင် ဘဏ်များက လယ်ယာမြေအပေါင်ခံမှု လုပ်ဆောင်လိုခြင်းမရှိ ဖြစ်နေဟု ဆို

လယ်ယာမြေဥပဒေအရ ဘဏ်များတွင် လယ်ယာမြေ ပေါင်နှံနိုင်သော်လည်း လက်ရှိတွင် ဘဏ်များက လယ်ယာမြေအပေါင်ခံမှု လုပ်ဆောင်လိုခြင်းမရှိ ဖြစ်နေဟု ဆို
Published 17 June 2015
ဖြိုးဝေ

လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများ အနေနှင့် ငွေကြေးဆုံးရှုံးမှု မရှိအောင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြည်တွင်းရှိဘဏ်များ ငွေကြေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးနိုင်ပြီး လက်ရှိအခြေအနေတွင် ဘဏ်များက လယ်ပေါင်ခံလိုမှု မရှိသည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။“ဘဏ်ကလည်း ချေးတယ်ဆိုတာက သူ့ကိုလာအပ်တဲ့ ချေးငွေအပေါ် ပြန်စီမံခန့်ခွဲရပြီး သူ့ကိုလာအပ်တဲ့ အပ်ငွေကို လယ်ယာလုပ်ငန်းထဲမှာ မထည့်ချင်တဲ့ သဘောကို တွေ့နေရတယ်။ အခု ဆန်စပါးအထူးပြု ကုမ္ပဏီ ၄၀၊ ၅၀ လောက်မှာ တကယ်လုပ်နေတာ ၁၀ ခုလောက်ပဲ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို Message ပေးချင်တာက သူတို့အနေနဲ့ ဘဏ်တွေ အဖွဲ့အစည်းတွေနဲ့ ပေါင်းပါ။ မြန်မာ့ရှေ့ဆောင်ဘဏ်လို တခြားဘဏ်တွေနဲ့ ကျွန်တော်တို့က ချိတ်ဆက်ပေးမယ်။ အထူးပြု ကုမ္ပဏီတွေက သူကျွမ်းကျင်တာ သူလုပ်၊ ငွေကြေးအဖွဲ့အစည်းက သူဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားရင် အရင်တုန်းကလို ငွေကြေးဆုံးရှုံးတာမျိုး မဖြစ်တော့ဘဲ မြန်မာနိုင်ငံအတွက် အောင်မြင်တဲ့လမ်းကြောင်း ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ဘဏ်များက လယ်ယာကဏ္ဍအတွက် ငွေထုတ်ချေးလိုမှု မရှိသည့် အခြေအနေ ဖြစ်နေသော်လည်း ပြည်တွင်းရှိ ဘဏ်များအနက် မြန်မာ့ရှေ့ဆောင်ဘဏ်က လယ်ယာမြေလုပ်ကိုင်ခွင့် မှတ်ပုံတင်ပုံစံ- ၇ ရယူထားသူ လယ်သမား ၂၇၅ ဦး၏ လယ်ဧက ၂၀၀၀ ကျော်ကို အာမခံထား၍ သုံးနှစ်အထိ နှစ်လတ်ချေးငွေများ ယခုနှစ်မှ စတင်ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ပုံစံ ၇ ဖြင့် ဘဏ်များတွင် လယ်အပေါင်ထား၍ ချေးငွေများ ရယူနိုင်သည် ဆိုသော်လည်း မြန်မာနိုင်ငံရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များမှာ လယ်ယာမြေအပေါင်ခံ၍ ချေးငွေများ ထုတ်ချေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်တွင်လည်း လယ်ယာမြေ အပေါင်ခံမှု မပြုနိုင်သေးဘဲ မိုးစပါး၊ နွေစပါး ချေးငွေများနှင့် သီးနှံချေးငွေများကိုသာ ထုတ်ချေးပေးနိုင်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဆန်တင်ပို့မှု လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာနှင့် သွင်းအားစုများ ဖြန့်ဖြူးမှု အပါအဝင် လယ်ယာလုပ်ငန်းနှင့် ဆက်နွှယ်၍ ကြီးပွားချမ်းသာနေသည့် ဆန်စပါးအထူးပြု ကုမ္ပဏီ ၅၀ ခန့် ရှိနေပြီး အဆိုပါ ကုမ္ပဏီကြီးများကို ထိပ်တန်းလုပ်ငန်းရှင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးများက ပိုင်ဆိုင်ထားသည်။လတ်တလောတွင် OECD မှ ထုတ်ပြန်သည့် “မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ချက် အသေးစိတ် စိစစ်လေ့လာမှုနှင့် မူဝါဒ အကြံပြုချက်များ” အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ကျေးလက်ကဏ္ဍ ဝင်ငွေသည် နိုင်ငံဂျီဒီပီ၏ ရာခိုင်နှုန်း ၃၀ ပါဝင်နေပြီး အလုပ်အကိုင်၏ သုံးပုံနှစ်ပုံကို ဖြည့်ဆည်းပေးနေသော်လည်း ချေးငွေ စုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ကျေးလက်ဒေသအတွက် ရရှိပြီး အစိုးရထောက်ပံ့ ကူညီမှု အနည်းဆုံးကဏ္ဍ ဖြစ်နေကြောင်း ဖော်ပြထားသည်။မြန်မာနိုင်ငံတွင် ဆန်တင်ပို့မှု လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာနှင့် သွင်းအားစုများ ဖြန့်ဖြူးမှု အပါအဝင် လယ်ယာလုပ်ငန်းနှင့် ဆက်နွှယ်၍ ကြီးပွားချမ်းသာနေသည့် ဆန်စပါးအထူးပြု ကုမ္ပဏီ ၅၀ ခန့် ရှိနေပြီး အဆိုပါ ကုမ္ပဏီကြီးများကို ထိပ်တန်းလုပ်ငန်းရှင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးများက ပိုင်ဆိုင်ထားပြီး ထိုသို့ လယ်ယာလုပ်ငန်းနှင့် ဆက်နွှယ်၍ ကြီးပွားနေသည့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းများ အနေဖြင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တစေ့တစောင်း ပြန်လှည့်ကြည့်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင်က တိုက်တွန်းသည်။

Most Read

Most Recent