ဇွန် ၁၂ ရက်အထိ နိုင်ငံခြားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး သွင်းကုန်တင်သွင်းရန် အသုံးပြုငွေပိုများကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၀၃၃ သန်းကျော် ဖြစ်ပေါ်

ဇွန် ၁၂ ရက်အထိ နိုင်ငံခြားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး သွင်းကုန်တင်သွင်းရန် အသုံးပြုငွေပိုများကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၀၃၃ သန်းကျော် ဖြစ်ပေါ်
Published 17 June 2015
ချမ်းမြေ့သူ

ဇွန် ၁၂ ရက်အထိ နိုင်ငံခြားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး သွင်းကုန်တင်သွင်းရန်အတွက် အသုံးပြုငွေ ပိုများကာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၀၃၃ သန်းကျော် ဖြစ်ပေါ်နေကြောင်း သိရသည်။အဆိုပါ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၂ ရက်အထိ ကုန်သွယ်မှုပမာဏဖြစ်ပြီး ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၇၇၃ ဒသမ ၀၈၄ သန်း ရရှိထားပြီး သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာ ၂၈၀၆ သန်းကျော် အသုံးပြုထားသည့်အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၀၃၃ သန်းကျော် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ပြည်ပသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၁၀၉၄ သန်းကျော်ဖိုး တင်ပို့ထားပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ဒေါ်လာ ၆၇၈ သန်းကျော် ရရှိထားကြောင်း သိရသည်။ပြည်ပနိုင်ငံများမှ သွင်းကုန်တင်သွင်းမှု အနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းမှ တင်သွင်းမှုအတွက် ဒေါ်လာ ၂၃၄၀ သန်းကျော် အသုံးပြုထားပြီး နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်စည်တင်သွင်းမှုအတွက် ဒေါ်လာ ၄၆၆ သန်းကျော် အသုံးပြုထားကြောင်း သိရသည်။မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များကို အဓိကတင်ပို့မှု ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အုပ်စုနှင့် လူသုံးကုန်ပစ္စည်း အုပ်စုများကို အဓိကတင်သွင်းမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ပြည်တွင်း၌ ဒေါ်လာနှင့် မြန်မာငွေလဲနှုန်း မြင့်တက်မှု ဖြစ်ပေါ်နေသည့်အတွက် သွင်းကုန်တင်သွင်းသူများ အနေဖြင့် နိုင်ငံခြားငွေ လိုအပ်ချက် ရှိနေကြောင်း၊ ဘဏ်ငွေလဲကောင်တာများ၌ ဒေါ်လာအရောင်းပိတ်ထားပြီး ဖမ်းဆီးမှုများကြောင့် ပြည်ပဈေးကွက်တွင် ဒေါ်လာရောင်းချမှု မရှိသဖြင့် ဝယ်ယူလိုသူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။လက်ရှိ၌ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုစာရင်းတွင် ပို့ကုန်တင်ပို့မှုမှ ရငွေထက် သွင်းကုန်တင်သွင်းမှုအတွက် အသုံးပြုငွေမှာ ပိုများနေခြင်းဖြစ်ပြီး သွင်းကုန်အုပ်စုတွင် ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုမှာ အချို့ပစ္စည်းများကို တင်သွင်းရာတွင် ငွေအမှန်တကယ် သုံးစွဲရခြင်းမျိုး မဟုတ်ဘဲ တင်သွင်းလာသည့် တန်ဖိုးငွေပမာဏကိုသာ စာရင်းမှတ်သည့် သဘောဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။သို့သော် ကျန်ရှိသည့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း အုပ်စုနှင့် လူသုံးကုန်ပစ္စည်း အုပ်စုများကို တင်သွင်းရာတွင် နိုင်ငံခြားငွေ အသုံးပြုတင်သွင်းရခြင်း ဖြစ်သဖြင့် ဈေးကွက်အတွင်း၌ နိုင်ငံခြားငွေလိုအပ်ချက် ရှိနေကြောင်း သိရသည်။

Most Read

Most Recent