ဒေါ်လာဈေး မြင့်တက်လာမှုတွင် လမ်းဘေးပွဲစားများကိုသာ ဖမ်းဆီးနေပြီး နောက်ကွယ်ရှိ လက်မည်းကို မထိရဲဖြစ်နေကြောင်း အကြံပြုချက်နှင့် ပတ်သက်၍ အစိုးရသို့ သတင်းပေးမည့်အပြင် လွှတ်တော်မှ စောင့်ကြည့်မည်ဟု သူရဦးရွှေမန်း တုံ့ပြန်

ဒေါ်လာဈေး မြင့်တက်လာမှုတွင် လမ်းဘေးပွဲစားများကိုသာ ဖမ်းဆီးနေပြီး နောက်ကွယ်ရှိ လက်မည်းကို မထိရဲဖြစ်နေကြောင်း အကြံပြုချက်နှင့် ပတ်သက်၍ အစိုးရသို့ သတင်းပေးမည့်အပြင် လွှတ်တော်မှ စောင့်ကြည့်မည်ဟု သူရဦးရွှေမန်း တုံ့ပြန်
Published 17 June 2015

ဒေါ်လာဈေးမြင့်တက်ရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ Facebook တွင် ရေးသားချက်များကို စာရင်းပြုစုထားပြီး ငွေကြေးခဝါချခြင်းနှင့် တရားမဝင်ဈေးကွက်တွင် ကုမ္ပဏီကြီးများက ဝင်ရောက်ကစားခြင်းများ နှင့် ငွေမည်းထိန်းချုပ်ခြင်းများနှင့် ပတ်သက်သည့် ဆွေးနွေးချက်များအပေါ် အစိုးရသို့ သတင်းပေးမည်ဖြစ်ပြီး လွှတ်တော်နှင့် ပြည်သူများက စောင့်ကြည့်သွားကြမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာတွင်  ဇွန် ၁၆ ရက်က ရေးသားဖော်ပြခဲ့သည်။
 
ဇွန် ၁၀ ရက်တွင် လွှင့်တင်ခဲ့သော ဒေါ်လာဈေးမြင့်တက်လာမှု အဖြေရှာဆွေးနွေး Post တွင် ဝင်ရောက်ဆွေးနွေးသူ များစွာရှိခဲ့ပြီး နိုင်ငံတော်အတွက် များစွာအထောက်အကူပြုနိုင်မည့် အပြုသဘော ဆွေးနွေးအကြံပြုချက်များ ရရှိခဲ့သည်။
 
Ko Zay Yar အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးက သူရဦးရွှေမန်း၏ Post တွင် ဝင်ရောက်ဆွေးနွေးရာ၌ ဒေါ်လာဈေးမြင့်တက်ရခြင်း၏ “တကယ်ပြဿနာက ငွေမည်းကို လုံးဝမထိန်းချုပ်နိုင်တာ၊ မထိန်းချုပ်ရဲတာပါ။ တရားမဝင်ငွေကြေး ဈေးကွက်ထဲမှာ နောက်ကွယ်ကနေ ကိုယ်စားလှယ်လွှတ်ပြီး ငွေဝယ်နေတဲ့ ကုမ္ပဏီကြီးတွေ၊ လူတွေရှိတယ်။ ရွှေဘုံသာလမ်းနဲ့ အမေရိကန်သံရုံးဟောင်းနားက ဆုံမှတ်ပါ။ သူတို့ ဘယ်ကငွေတွေနဲ့ ငွေကြေးဈေးကွက်ထဲက ဒေါ်လာတွေကို ဝယ်ယူနေတာလဲ။ ဘာအတွက်လဲ။ သူတို့ကို စသုံးလုံးက အဆင့်ဆင့် ဖော်ထုတ်ပြီး ဖမ်းလို့ရတယ်။ ဒါပေမဲ့ မဖမ်းရဲဘူး။ မဖော်ထုတ်ရဲဘူး။ အာဏာပိုင် အဆွယ်အပွားတွေ၊ ကိုယ့်လူကြီးတွေ ပါနေလို့ပါ။ ပိုင်ဆိုင်မှုကို မစစ်ဆေးရဲဘူး။ မတားရဲဘူး။ ငုတ်တုတ်ထိုင် ကြည့်နေတယ်။ နောက်ဆုံး ဖိအားဖြစ်လာရင်တောင် ငွေကြေးဝယ်ရောင်းလုပ်တဲ့ ပွဲစားကိုပဲ ဖမ်းပါတယ်။ နောက်ကွယ်က လက်မည်းကို မထိရဲပါဘူး”  စသည့်အချက်အလက်များ အပါအဝင် အချက်အလက်အချို့ အကြံပြုခဲ့ကြောင်း သူရဦးရွှေမန်း Facebook တွင် ဖော်ပြမှုအရ သိရသည်။
 
ထိုအကြံပြုချက်အပေါ် လက်ရေးဖြင့် မှတ်ချက်ပြုရာတွင် “ကောင်းတယ်။ အစိုးရကို သတင်းပေးလိုက်မယ်။ စောင့်ကြည့်ကြရအောင်”  ဟု တုံ့ပြန်ရေးသားထားသည်ကို သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင်  ဇွန် ၁၆ ရက်က ရေးသားဖော်ပြခဲ့သည်။
 
ထို့အတူ ငွေစက္ကူများ ထပ်မံရိုက်နှိပ်သည့်အတွက် ငွေဖောင်းပွမှုများဖြစ်ပေါ်ပြီး မြန်မာကျပ်ငွေဈေး ကျခြင်းဖြစ်ကြောင်း “စိုးမိုး” အမည်ဖြင့် တင်ပြခဲ့ပြီး Ko Chin အမည်ဖြင့် Facebok သုံးစွဲသူကလည်း ဒေါ်လာဈေးတက်ရခြင်းမှာ ငွေမည်းကို ထိန်းချုပ်ခြင်း မရှိသောကြောင့်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ Ko Tun  အမည်ဖြင့် ဒေါ်လာဈေးတက်ခြင်းမှာ လူတစ်စုက ဈေးကစားခြင်းကြောင့်ဖြစ်သည်ဟု တင်ပြခဲ့သည်။  Money Laundering ကို တိုက်ဖျက်ရန် Nyunt Aung အမည်ဖြင့် တင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent