ဘဏ်ငွေလဲကောင်တာများ၌ ဒေါ်လာအရောင်းပိတ်ထားပြီး ဖမ်းဆီးမှုများကြောင့် ပြင်ပဈေးကွက်တွင် ဒေါ်လာရောင်းချမှု မရှိသဖြင့် ဝယ်ယူလိုသူများ အခက်အခဲ ဖြစ်နေ

ဘဏ်ငွေလဲကောင်တာများ၌ ဒေါ်လာအရောင်းပိတ်ထားပြီး ဖမ်းဆီးမှုများကြောင့် ပြင်ပဈေးကွက်တွင် ဒေါ်လာရောင်းချမှု မရှိသဖြင့် ဝယ်ယူလိုသူများ အခက်အခဲ ဖြစ်နေ
Published 15 June 2015
အောင်မြတ်ကို

ဘဏ်ငွေလဲကောင်တာများတွင် ဒေါ်လာအရောင်းပိတ်ထားပြီး လိုက်လံဖမ်းဆီးမှုများကြောင့် ပြင်ပဈေးကွက်တွင် ဒေါ်လာရောင်းချမှု မရှိသဖြင့် ဝယ်ယူလိုသူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။“နိုင်ငံခြားသွားဖို့ နံနက်ကတည်းက ဒေါ်လာလိုက်ဝယ်နေတာ။ ဘယ်မှာမှ ဝယ်လို့မရဘူး။ ဘဏ်ငွေလဲကောင်တာတွေမှာလည်း သွားဝယ်တော့ မရောင်းဘူး။ ဆူးလေ၊ ရွှေဘုံသာလမ်းကို သွားဝယ်တော့လည်း အဖမ်းအဆီးရှိလို့ ရောင်းမယ့်သူ မရှိဘူး။ နောက်ဆုံး ကိုယ့်မိတ်ဆွေထဲက ဒေါ်လာရှိတဲ့သူတွေထဲကပဲ လိုက်ဝယ်လိုက်ရတယ်” ဟု ဇွန် ၁၅ ရက်တွင် ဒေါ်လာလိုက်လံဝယ်ယူသူ တစ်ဦးက ဆိုသည်။ပြင်ပဈေးကွက်တွင် ဒေါ်လာရောင်းချခြင်းသည် ဇွန် ၁၂ ရက်မှစတင်၍ ဖမ်းဆီးစစ်ဆေးမှု သတင်းများ ထွက်ပေါ်နေသည့်အတွက် ပြင်ပတွင် ရောင်းချသူ အများစုမှာ အရောင်းအဝယ် ရပ်ဆိုင်းထားကြောင်းကို   “အဖမ်းအဆီး သတင်းတွေကြောင့် ဒေါ်လာအရောင်းအဝယ် နည်းနည်းငြိမ်နေတယ်။ အပြင်က ဒိုင်တွေကိုလည်း ခေါ်ယူစစ်ဆေးတယ်လို့ သတင်းကြားတယ်” ဟု ပြင်ပဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။ဗဟိုဘဏ်မှလည်း လတ်တလော ဖြစ်ပေါ်နေသော ဒေါ်လာဈေးတက်မှုနှင့် သွင်းကုန်တင်သွင်းသူများ နိုင်ငံခြားငွေ လိုအပ်ချက်များကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ရောင်းချရန်ဇွန် ၁၂ ရက်က နေပြည်တော်ရှိ ဗဟိုဘဏ်တွင်ပြုလုပ်သော အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ဒေါ်လာငွေ အမှန်တကယ် လိုအပ်မှုကို ဗဟိုဘဏ်က ဖြည့်ဆည်းပေးရန် ကိစ္စ၊ အထူးသဖြင့် ဒေါ်လာငွေ အမြောက်အမြား လိုအပ်ပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာငွေပမာဏ အများအပြား အသုံးပြုကာ ဝယ်ယူလျက်ရှိသည့် မရှိမဖြစ် ပစ္စည်းများအား အမှန်တကယ် တင်သူများ၏ နိုင်ငံခြားငွေ လိုအပ်ချက်များကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ဖြည့်ဆည်းရောင်းချရန် ကိစ္စများ၊ တင်ပို့သူများမှလည်း ၎င်းတို့ပို့ကုန်မှ ရရှိသော ငွေများကို ပြည်တွင်းဘဏ်စာရင်းများသို့ အပြည့်အ၀ ယူဆောင်ရန် ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ်အတွင်း ဒေါ်လာတန်ဖိုးကို ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မေလအတွင်း မေ ၁၃ ရက်၊ ၂၇ ရက်နှင့် ၂၉ ရက်များတွင် ဆွေးနွေးခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာခြင်းများ ပြုလုပ်ခဲ့သော်လည်း ဒေါ်လာတန်ဖိုးမှာ ဆက်လက်မြင့်နေသောကြောင့် ဇွန် ၁၀ ရက်တွင် လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ထပ်မံဆွေးနွေးမှုအပြီး ဇွန် ၁၅ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာကျပ် ၁၁၉၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားခြင်း ဖြစ်သည်။ဒေါ်လာတန်ဖိုးသည် ၂၀၁၅ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဇွန် ၁၀ ရက် အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ဒေါ်လာတန်ဖိုးသည် ဇွန်လပထမပတ်အတွင်း ၃၃ ကျပ်ဝန်းကျင် မြင့်တက်သွားပြီးနောက် ဇွန်ဒုတိယပတ်အတွင်း တစ်ရက်လျှင် ကျပ် ၃၀ ဝန်းကျင် မြင့်တက်ခဲ့၍ တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ (ဇွန် ၁၀ ရက် အပိတ်ဈေး) ဝန်းကျင်အထိ ရှိခဲ့သည်။ဒေါ်လာဈေး ဆက်တိုက်မြင့်နေမှုကြောင့် ဇွန် ၁၀ ရက်တွင် နေပြည်တော်၌ ဒေါ်လာဈေးမြင့်တက်မှု၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော်ကော်မတီများနှင့် တာဝန်ရှိသူများ ဆွေးနွေးအပြီး တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။ဇွန် ၁၅ ရက် ပြင်ပဈေးကွက်တွင်ဖြစ် ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ အဖွင့်ဈေးတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၂၀၀ ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၁၇၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

Most Read

Most Recent