ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသည့် ကုန်ပစ္စည်း ၃၁၈ မျိုးကျော်ရှိပြီး ထပ်မံဖြေလျှော့ပေးမည့် အမျိုးအစားများ ဇူလိုင်လအတွင်း ထုတ်ပြန်မည်

ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသည့် ကုန်ပစ္စည်း ၃၁၈ မျိုးကျော်ရှိပြီး ထပ်မံဖြေလျှော့ပေးမည့် အမျိုးအစားများ ဇူလိုင်လအတွင်း ထုတ်ပြန်မည်
Published 15 June 2015
ချမ်းမြေ့သူ

ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသည့် ကုန်ပစ္စည်း ၃၁၈ မျိူး H.S Code လိုင်းပေါင်း ၃၀၀၀ ကျော်ရှိပြီး ထပ်မံဖြေလျှော့ပေးမည့် အမျိုးအစားများကို ဇူလိုင်လအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။“ဇူလိုင်လအတွင်းမှာ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားဖို့မလိုတဲ့ ကုန်စည်တွေကို ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ အဲဒီအခါ လိုင်စင်လျှောက်ထားဖို့မလိုတဲ့ ကုန်စည်တွေကို တင်သွင်းလာတဲ့အခါ အကောက်ခွန်နဲ့ပဲတွေ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကျန်တော့တာပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၃ နှင့် အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၁၃ တို့ဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အစိုးရဝန်ကြီးဌာနများအား ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုးတို့အား သွင်းကုန်လိုင်စင် လျှောက်ထားရယူရန်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းတင်ပို့ခွင့်ပြုရာတွင် ပို့ကုန်ပစ္စည်း ၁၅၂ မျိုးကို H.S Code လိုင်းပေါင်း ၉၈၃ လိုင်းဖြင့် လည်းကောင်း၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးကို H.S Code လိုင်းပေါင်း ၂၀၇၉ လိုင်းဖြင့် လည်းကောင်း ခွင့်ပြုပေးထားကြောင်း သိရသည်။ပို့ကုန်လိုင်စင် လျှောက်ထားရန်မလိုသည့် ကုန်စည်များထဲတွင် ပန်းမျိုးစုံ၊ ပဲမျိုးစုံ၊ သစ်သီး၊ ကော်ဖီစေ့၊ ငရုတ်ကောင်း၊ ပြောင်းဖူးစေ့၊ မြန်မာဆေးမျိုးစုံ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ တင်ပို့ခွင့်ပြုထားသည့် ငါးအမျိုးမျိုး၊ အဝတ်အထည်မျိုးစုံ၊ တန်ဖိုးမြှင့် ရေထွက်ကုန်ပစ္စည်း၊ ရိုးရာအစားအစာ စသည်တို့ပါဝင်ပြီး သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသည့် ကုန်စည်များထဲတွင် ဓာတုဗေဒလုပ်ငန်းနှင့်  ဆက်စပ်သည့်ပစ္စည်းများ၊ ဆေးရုံခွဲစိတ်ခန်းသုံးပစ္စည်း (ကျန်းမာရေးဝန်ကြီးဌာန ထောက်ခံချက်ဖြင့်)၊ ကျောင်းသုံးစာရေးကိရိယာများ၊ ပုံနှိပ်မင်၊ အလှကုန်နှင့် ပတ်သက်သည့် ပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်း၊ ချည်ထည်ပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။    မြန်မာနိုင်ငံ အနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း အုပ်စုများကို အဓိက တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များကို အဓိကတင်ပို့မှု ပြုလုပ်နေကြောင်း သိရသည်။

Most Read

Most Recent