အာဖရိကထိပ်သီး အစည်းအဝေးသို့ တက်မည့် ဆူဒန်သမ္မတအား ဖမ်းဆီးရန် တောင်အာဖရိကကို ICC တောင်းဆို

အာဖရိကထိပ်သီး အစည်းအဝေးသို့ တက်မည့် ဆူဒန်သမ္မတအား ဖမ်းဆီးရန် တောင်အာဖရိကကို ICC တောင်းဆို
Published 14 June 2015

တောင်အာဖရိကနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်သော အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာမည့် ဆူဒန်သမ္မတ အိုမာအယ်ဘာရှားကို ဖမ်းဆီးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က တောင်အာဖရိကအစိုးရကို အကူအညီတောင်းခဲ့ကြောင်း သိရသည်။ မြို့တော် ဂျိုဟန်နက်စဘတ်တွင် ပြုလုပ်မည့် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးသည် ဇွန် ၁၄ ရက်တွင် စတင်မည်ဖြစ်သည်။၂၀၀၃ ခုနှစ်က ဒါဖာပဋိပက္ခအတွင်း စစ်ရာဇဝတ်မှုများ၊ လူသားချင်းစာနာထောက်ထားမှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် စွပ်စွဲခံထားရသည့် ဘာရှားကို ICC က အလိုရှိနေသည်။ တောင်အာဖရိကနိုင်ငံသည် ICC နှင့်ပူးပေါင်းရန် သဘောတူလက်မှတ် ရေးထိုးထားပြီး ICC အတွက် အမြဲတမ်း ကူညီမှုများပေးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဘာရှားကို ဖမ်းဆီးနိုင်မည့် မည်သည့်အခွင့်အရေးကိုမှ လက်မလွတ်စေရေး သေချာရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးဥက္ကဋ္ဌဖြစ်သူ စီဒီကီကာဘာက တောင်အာဖရိကအစိုးရကို တောင်းဆိုခဲ့သည်။ဂျိုနက်စဘတ်မှ အစိုးရအရာရှိများက ထိပ်သီးအစည်းအဝေးသို့ ဘာရှားရောက်လာခြင်း ရှိမရှိ အတည်ပြုပေးခြင်း မရှိသော်လည်း တောင်အာဖရိက ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း၏ တွစ်တာစာမျက်နှာတွင် ဘာရှားကို တောင်အာဖရိက အစိုးရ အရာရှိများနှင့် ဆူဒန်သံတမန်များက ကြိုဆိုခဲ့ကြသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။ ဆူဒန်အစိုးရ သတင်းဌာနကလည်း ဘာရှားတောင်အာဖရိကသို့သွားကြောင်း အတည်ပြု ဖော်ပြခဲ့သည်။အာဖရိကသမဂ္ဂထိပ်သီး အစည်းအဝေး၏ ဥက္ကဋ္ဌဖြစ်သူ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီသည် အာဖရိကခေါင်းဆောင်များကို ICC နှင့် သဘောတူညီချက်အား ဖျက်သိမ်းလိုက်ရန် တိုက်တွန်းနေသူတစ်ဦး ဖြစ်သည်။ ဘာရှားကလည်း ဖမ်းဆီးမှုကို အာခံနိုင်သဖြင့် လူအခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များက ဒေါသတကြီး ဖြစ်နေကြသည်။ဘာရှားသည် စွဲချက်တင်ခံခဲ့ရသော ၂၀၀၉ ခုနှစ်နောက်ပိုင်း ICC နှင့် သဘောတူထားခြင်း မရှိသည့် နိုင်ငံများသို့သာ အများဆုံး သွားရောက်ခဲ့သည်။ဆူဒန်နိုင်ငံတွင်းမှ ဒါဖာဒေသသည် နိုင်ငံရေးအရရော စီးပွားရေးအရပါ ခွဲခြားခံနေရသည်ဟု ဒေသတွင်းသူပုန်များက မကျေမနပ်ဖြစ်ပြီး အစိုးရကို ပုန်ကန်ရာမှ ၂၀၀၃ ခုနှစ်တွင် ဒါဖာပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ယင်းပဋိပက္ခအတွင်း သေဆုံးသူ ၃၀၀၀၀၀ ကျော်ရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ နှစ်သန်းခွဲရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။Ref:AFP

Most Read

Most Recent