ဒေါ်လာဈေး တည်ငြိမ်မှုမရှိခြင်းနှင့် နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေခြင်းကြောင့် သွင်းကုန်လျော့ကျနေ

ဒေါ်လာဈေး တည်ငြိမ်မှုမရှိခြင်းနှင့် နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေခြင်းကြောင့် သွင်းကုန်လျော့ကျနေ
Published 14 June 2015
ချမ်းမြေ့သူ

ယခုနှစ်တွင် သွင်းကုန်လျော့နည်း နေရခြင်းမှာ ဒေါ်လာဈေးတည်ငြိမ်မှုမရှိသည့် အချက် အပါအဝင်ဖြစ်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဒေါ်လာဈေး မြင့်တက်နေခြင်းနှင့် ဈေးမတည်မငြိမ် ဖြစ်နေခြင်းသည် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် လုပ်ငန်းများအပေါ် သက်ရောက်မှုရှိကြောင်း၊ ပို့ကုန်လုပ်ငန်းများ အနေဖြင့် ဒေါ်လာဈေးမြင့်တက်မှု ဖြစ်ပေါ်နေချိန်တွင် ပြည်ပဈေးကွက်သို့ တင်ပို့မှုပိုမိုပြုလုပ်နိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်သော်လည်း သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ သွင်းကုန်တင်သွင်းရန်အတွက် နိုင်ငံခြားငွေသုံးစွဲရသဖြင့် ဒေါ်လာဈေးမြင့်တက်မှု ဖြစ်ပေါ်ချိန်တွင် အခက်အခဲများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကြံပေး ဒေါက်တာမောင်အောင်က သုံးသပ်ပြောကြားသည်။
ယခုဘဏ္ဍာနှစ် ဇွန် ၅ ရက်အထိ ပြည်ပမှ ကုန်စည်မျိုးစုံ တင်သွင်းမှုအတွက် ဒေါ်လာ ၂၅၂၄ သန်းကျော် အသုံးပြုထားပြီး ယခင်နှစ်ကာလတူတွင်မူ ကုန်စည်တင်သွင်းမှု တန်ဖိုးစုစုပေါင်းမှာ ဒေါ်လာ ၂၆၉၄ သန်း ကျော်ရှိခြင်းကြောင့် ယခုနှစ်တွင် ကုန်စည်တင်သွင်းမှု လျော့နည်းနေခြင်းဖြစ်သည်။
ဒေါ်လာဈေးမြင့်တက်ကာ ဈေးတည်ငြိမ်မှု မရှိသည့်အတွက် အချို့သွင်းကုန် လုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုပြုလုပ်ရန် နှောင့်နှေးမှုများရှိခဲ့ပြီး ပို့ကုန်တင်သွင်းမှုမှ ရငွေထက် သွင်းကုန်တင်သွင်းမှုအတွက် အသုံးပြုငွေမှာ ပိုများသဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်များရှိကြောင်း သိရသည်။
ကုန်စည်အုပ်စုအလိုက် တင်သွင်းမှုအနေဖြင့် မူရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို ယခင်နှစ်ကထက် တင်သွင်းမှုပိုမို ပြုလုပ်ထားကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို တင်သွင်းမှု ပိုမိုပြုလုပ်ထားသည်ဟု ဆိုသော်လည်း အချို့စီမံကိန်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်စည်များကို ပြည်တွင်းသို့ တင်သွင်းရာတွင် အမှန်တကယ် ငွေပေးချေမှု မပြုလုပ်ရဘဲ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စာရင်းမှတ်သည့် သဘောသာရှိပြီး စီမံကိန်းပြီးဆုံးသွားပါက အဆိုပါ ကုန်ပစ္စည်းများကို ပြည်တွင်းမှ ပြန်လည်ထုတ်ယူ သွားခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၅ ရက်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်စည်တင်သွင်းမှုအတွက် ဒေါ်လာ ၁၂၅၆ သန်းကျော်၊ လူသုံးကုန်ပစ္စည်း တင်သွင်းမှုအတွက် ဒေါ်လာ ၅၃၃ သန်းကျော်နှင့် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုအတွက် ဒေါ်လာ ၇၃၅ သန်းကျော် အသီးသီး အသုံးပြုထားကြောင်း သိရသည်။
 

Most Read

Most Recent