ဟိုတယ်နှင့်ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး ပင်မစီမံချက်အရ ချောင်းသာကမ်းခြေရှိ ဟိုတယ်ဇုန်အား တိုးချဲ့မည်

ဟိုတယ်နှင့်ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး ပင်မစီမံချက်အရ ချောင်းသာကမ်းခြေရှိ ဟိုတယ်ဇုန်အား တိုးချဲ့မည်
Published 14 June 2015
မြတ်စုနိုင်

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပင်မစီမံချက် (Master Plan) အရ ချောင်းသာကမ်းခြေသို့ ခရီးသွားဝင်ရောက်မှု တိုးတက်လာမှုအပေါ် မူတည်၍ ဟိုတယ်ဇုန်အား တိုးချဲ့သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ချောင်းသာကမ်းခြေရှိ ဟိုတယ်ဇုန် တိုးချဲ့ရာတွင် နှစ်စဉ် ချောင်းသာကမ်းခြေသို့ ဝင်ရောက်လာသော ခရီးသွားများအတွက် လိုအပ်သော ဟိုတယ်အခန်းများ အပြည့်အ၀ ပေးနိုင်ရန် စီစဉ်ရခြင်းဖြစ်ပြီး မြေနေရာ ဝယ်ယူထားသူများကို ဟိုတယ်တည်ဆောက်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။“ဒီချောင်းသာကမ်းခြေကို ဟိုတယ်/ခရီး ဖွံ့ဖြိုးတိုးတက်ရေး ပင်မစီမံချက်အရ ဧည့်သည်ဝင်ရောက်မှုအပေါ် မူတည်ပြီး ဟိုတယ်ဇုန်တွေကို တိုးချဲ့သွားဖို့ ရှိပါတယ်။ မြေနေရာဝယ်ယူထားတဲ့ လုပ်ငန်းရှင်တွေကိုလည်း ဟိုတယ်တည်ဆောက်ဖို့ တွန်းအားပေးသွားမှာပါ။ ပြီးတော့ မိုးရာသီမှာ ဧည့်သည်အဝင်များဖို့ အတွက်ကိုလည်း ဟိုတယ်လုပ်ငန်းရှင်တွေက အခန်းဈေးနှုန်းတွေကို လျှော့ချသွားဖို့ ရှိပါတယ်။ ချောင်းသာကမ်းခြေ ဘက်စုံဖွံ့ဖြိုးဖို့အတွက် ကဏ္ဍအသီးသီးကနေ ဆွဲဆောင်မှုတွေလည်း လုပ်ဆောင်သွားမှာပါ” ဟု ဟိုတယ်/ခရီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ထို့ပြင် နွေရာသီတွင် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သည့် ဧည့်သည်အဝင်များပြီး ချောင်းသာကမ်းခြေ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်သွားရန်ကိုလည်း စီစဉ်ထားကြောင်း သိရသည်။ထို့ပြင် ယခုနှစ်မိုးရာသီတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်မှု ရှိလာစေရေးအတွက် ချောင်းသာကမ်းခြေဟိုတယ် လုပ်ငန်းရှင်များက ဟိုတယ်များကို ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ လျှော့ချဖွင့်လှစ်ပေးသွားမည်ကြောင်း သိရသည်။ဟိုတယ်နှုန်းထားများ လျှော့ချဖွင့်လှစ်ပေးမည့် ကာလမှာ ဇွန်လမှ သြဂုတ်လအထိဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာစေရန် ကဏ္ဍအသီးသီးမှ ဆွဲဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများအတွက် မိုးရာသီတွင် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ဟိုတယ်ဇုန်အနေဖြင့် ကြိုတင်သိရှိနိုင်ခြင်းကြောင့် ကာကွယ်မှုများလည်း ပြုလုပ်ပေးသွားမည် ဖြစ်သည်။ချောင်းသာကမ်းခြေသို့ ၂၀၁၅ ခုနှစ် ငါးလအတွင်း လာရောက်အပန်းဖြေသော ကမ္ဘာလှည့်ခရီးသွား၂၅၉၃ ဦးနှင့် ပြည်တွင်းခရီးသွား ၁၇၄၂၃၉ ဦး ဝင်ရောက်ပြီး စုစုပေါင်း ပြည်တွင်း၊ ပြည်ပ ခရီးသွား ၁၇၆၈၃၂ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။                        

Most Read

Most Recent