နယူးယောက်မဲဆန္ဒနယ်မြေမှ ဝင်ရောက်ရွေးချယ်ခံရန် ဟီလာရီကလင်တန်၏ မဲဆွယ်မှု စတင်

နယူးယောက်မဲဆန္ဒနယ်မြေမှ ဝင်ရောက်ရွေးချယ်ခံရန် ဟီလာရီကလင်တန်၏ မဲဆွယ်မှု စတင်
Published 14 June 2015

ဇွန် ၁၃ ရက်တွင် နယူးယောက်မြို့၌ ဟီလာရီကလင်တန်သည် ပထမဆုံး အမေရိကန် အမျိုးသမီး သမ္မတဖြစ်လာရန်အတွက် မဲဆွယ်ပွဲကို စတင်ခဲ့ကြောင်း သိရသည်။  ယင်းတွင် ဟီလာရီက အနာဂတ်အတွက် တိုးတက်သော အမည်တစ်ရပ်ကို အကြမ်းဖျင်း ပြောကြားခဲ့သည်။
 
မန်ဟတ္တန်နှင့် ကွင်းစ်အကြား အိစ်ရေးဗားတွင်ရှိသော ကျွန်းငယ်လေးဖြစ်သည့် ရုစဗဲ့ကျွန်းတွင် ကလင်တန်သည် ထောင်ပေါင်းများစွာသော ထောက်ခံသူများနှင့် တွေ့ဆုံခဲ့သည်။ 
ဟီလာရီကလင်တန်နှင့်အတူ ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန်နှင့် သမီး ချယ်ဆီးတို့လည်း လိုက်ပါလာခဲ့သည်။ သူတို့မိသားစု အနေဖြင့် ပထမဆုံး ပူးပေါင်းပြုလုပ်သည့် မဲဆွယ်ပွဲလည်းဖြစ်သည်။ 
ဟီလာရီ၏ မဲဆွယ်ရေးအဖွဲ့က သူအထက်လွှတ်တော်အမတ်အဖြစ် ရှစ်နှစ်ကြာ ရွေးကောက်ခံခဲ့သည့် ပြည်နယ်တွင် ကလင်တန်အနေဖြင့် ညပ်ပူးညပ်ပိတ်မိနေသော လူလတ်တန်းလွှာ၏ ခေါင်းဆောင် အဖြစ် နေရာယူရေးနှင့် လူထုထောက်ခံမှု မြင့်တက်လာရေးတို့အတွက် အခွင့်ရေးကောင်းတစ်ရပ်ကို ဆုပ်ကိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ 
 
"ဘယ်သူမဆို ဘုရားပေးတဲ့ အလားအလာကို မြှင့်တင်ဖို့ အခွင့်အလမ်းတစ်ရပ် ရသင့်ပါတယ်။ ဒါဟာ ကျွန်မတို့ မျှဝေခံစားရမယ့် အိပ်မက်ပါပဲ။ ဒါကျွန်မတို့ ဝင်ရမယ့် တိုက်ပွဲပါ"ဟု အသက် ၆၇ နှစ်အရွယ်ရှိ  နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီက ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော ဗီဒီယို၌ ပြော ကြားထားသည်။ 
 
"စက်ရုံအလုပ်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့ ကျွန်မအဖေဟာ လုပ်ငန်းငယ် တစ်ခု စတင်ထူထောင်နိုင်ခဲ့ပါတယ်။ ကောလိပ်ကျောင်း မရောက်ဖူးတဲ့ ကျွန်မအမေက ကျွန်မကို ကောလိပ်ပို့နိုင်ခဲ့တယ်"ဟုလည်း ဟီလာရီက ပြောကြားခဲ့သည်။ 
 
အဆိုပါ ဗီဒီယိုတွင် ဟီလာရီ၏ အစိုးရဝန်ထမ်းဘ၀ နှစ် ၄၀ ကို ပြန်လည်ဖော်ပြထားပြီး သူ၏ သန်းကြွယ်သူဌေးဘ၀ အနေဖြင့် လူထုနှင့် ကင်းကွာနိုင်သည်ဟူသော စိုးရိမ်မှုများ ကြီးထွားလာမှုကို တုံ့ပြန်ဖြေရှင်းရန် ကြိုးစားထားသည်။ 
 
CNN က ပြုလုပ်သည့် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက စစ်တမ်းတစ်ခုတွင် ဟီလာရီသည် ရိုးသားမှုရှိသူနှင့် ယုံကြည်ရသူ မဟုတ်ဟူသည့် အဆိုကို ထောက်ခံသူများ ပိုမိုမြင့်တက်လာကြောင်း တွေ့ရှိရသည်။ ယင်းအဆိုကို ထောက်ခံသူသည် မတ်လအတွင်းက ၄၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၅၇ ရာခိုင် နှုန်းသို့  မြင့်တက်လာခြင်းဖြစ်သည်။ 
 
"နေ့စဉ်နေ့တိုင်း အမေရိကန်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ခေါင်းဆောင်တစ်ယောက် လိုအပ်ပါတယ်။ အဲဒီခေါင်းဆောင်က သူတို့အတွက် တစ်နေ့ချင်း တစ်နေ့ချင်း တိုက်ပွဲဝင်ပေးရမှာပါ။ ကျွန်မ အဲဒီခေါင်းဆောင် ဖြစ်ချင်ပါတယ်"ဟု ဟီလာရီက ပြောကြားခဲ့သည်။ Ref:AFP

Most Read

Most Recent