ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်အစိုးရ၊ ပါတီ၊ လွှတ်တော်ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်အစိုးရ၊ ပါတီ၊ လွှတ်တော်ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေး
Published 14 June 2015

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ သွားရောက်သော တရုတ်နိုင်ငံခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရ၊ ပါတီနှင့် လွှတ်တော်ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
 
ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ကြာမြင့်သည့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်အစိုးရ၊ ပါတီနှင့် လွှတ်တော်ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ဇွန် ၁၄ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ ဇွန် ၁၁ ရက်က တွေ့ဆုံဆွေးနွေးရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ရှီကျင်ပင်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရင်းနှီးခင်မင်ပြီး နီးစပ်မှုရှိသည့် အိမ်နီးချင်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ-တရုတ်ဆက်ဆံရေးကို မဟာဗျူဟာမြောက် ရေရှည်ရှုထောင့်မှ အမြဲကြည့်ရှုလေ့ရှိကြောင်း တရုတ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။
 
ပြည်တွင်းရေးအခြေအနေများ မည်ကဲ့သို့ပြောင်းလဲစေကာမူ မြန်မာ-တရုတ် ဆက်ဆံရေးကို မြန်မာအနေဖြင့် ထိန်းသိမ်းလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင်ပင်းက ဆက်လက်ပြောကြားသည်။
 
ထို့ပြင် တရုတ်နိုင်ငံအား ပိုမိုနားလည်စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD  ပါတီတို့က အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးရန် တရုတ်သမ္မတ ရှီကျင်ပင်းက ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ 
 
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ပထမဆုံးခရီးစဉ်သည် တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီတို့အား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပိုမိုနားလည်စေမည်ဟု မျှော်လင့်ကြောင်း တရုတ်သမ္မတရှီကျင်ပင်း က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကွန်မြူနစ်ပါတီ၏ လက်အောက်တွင် တရုတ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးနေမှုကို ၎င်းဦးဆောင်သည့်ပါတီက အားကျလေးစားပါကြောင်းနှင့် ပါတီနှစ်ခုကြား ပြည်သူကြားဆက်ဆံမှု တိုးတက်ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
 
တရုတ်သမ္မတရှီကျင်ပင်းသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခေါင်းဆောင်များကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ လက်ခံတွေ့ဆုံဆွေးနွေးလေ့ရှိသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်မတွေ့ဆုံမီ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြည်ပဆက်သွယ်ရေးဌာနအကြီးအကဲ ဝမ်ကျားရွေ့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပါတီနှစ်ခုကြား ဆက်ဆံရေးကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရဘက်မှ နိုင်ငံခြားရေးပေါ်လစီ ကိုင်တွယ်သည့် တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် တရုတ်ပြည်သူ့ကွန်ဂရက် (လွှတ်တော်) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ အမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ စိန်ယွဲ့ ယွဲ့တို့နှင့်လည်း ဇွန် ၁၁ ရက်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။
 
တရုတ်အစိုးရဘက်မှ နိုင်ငံခြားရေးပေါ်လစီ ကိုင်တွယ်သည့် တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံရာတွင် ယန်ကျဲ့ချီက မြန်မာ-တရုတ် နှစ်နိုင်ငံသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ လက်ရှိအချိန်သည် တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့်နိုင်ရန် အရေးကြီးသောကာလသို့ ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့်အတူတကွ မြန်မာ-တရုတ်ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိ ပြည်သူလူထု၏ အကျိုးစီးပွားနှင့်လည်း  ကိုက်ညီကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
 
ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-တရုတ်ဆက်ဆံရေးသည် အလွန်အရေးကြီးကြောင်း၊ နှစ်နိုင်ငံ ပြည်သူလူထုကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရန် မျှော်လင့်ပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ BaDaChuက ဥယျာဉ်အတွင်းရှိ Lingguang ဘုရားကျောင်း သို့ သွားရောက်ခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေးဗျူရိုကောင်စီဝင် ရှန်ဟိုင်းမြို့ ကော်မတီအထွေထွေအတွင်းရေးမှူး ဟန်ကျိမ့်နှင့် ဇွန် ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးသည်။
 
ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မည်သည့်နိုင်ငံမဆို မြို့ပြဖွံ့ဖြိုးရေးနှင့် လူမှုဘဝတိုးတက်ရေးသည် ခွဲခြားထား၍မရကြောင်း၊ ရှန်ဟိုင်းမြို့မှ ဤကဲ့သို့ ကြီးမားသော အောင်မြင်မှုရရှိခဲ့ခြင်းသည် လူမှုဘဝတိုးတက်ရေးဆိုင်ရာကဏ္ဍတွင်လည်း ကိုယ်ပိုင်အောင်မြင်ရေး အတွေ့အကြုံများရှိခဲ့ကြောင်း၊ ယခု လည်ပတ်ရေးခရီးစဉ်သည်  အချိန်အားဖြင့် တိုတောင်းသော်လည်း တရုတ်နိုင်ငံ၏ အခြေအနေများစွာကို သိရှိခဲ့ရကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ပုံကို လွန်စွာသဘောကျမိကြောင်း၊ မြန်မာ- တရုတ်အိမ်နီးချင်း ချစ်ကြည်ပူးပေါင်းဆက်ဆံရေးသည် တစ်နေ့တခြား ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု www.xinhuamyanmar.com တွင် ဖော်ပြထားချက်အရ သိရသည်။
 
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ရှန်ဟိုင်းနှင့် ယူနန်ပြည်နယ်များသို့လည်း သွားရောက်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံအလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။
 
သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေးအေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ စသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံလာခဲ့သည်။
 
NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ကိုယ်စားလှယ်များသည် အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ဖူးသည်။ ခရီးစဉ်သို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားသည်။
 
ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုသည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံနှင့် ဆက်ဆံရေး တည်ဆောက်ရန် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် မျှော်လင့်နေသည်ဟု တရုတ်ဂလိုဘယ်တိုင်းမ်သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မလာရောက်မီ ရေးသားဖော်ပြခဲ့သည်။

Most Read

Most Recent