အင်ဂျင်မီးလောင်နေကြောင်း အချက်ပြမှုကြောင့် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ် သြစတြေးလျ၌ အရေးပေါ်ဆင်းသက်

အင်ဂျင်မီးလောင်နေကြောင်း အချက်ပြမှုကြောင့် မလေးရှားလေကြောင်းလိုင်းမှ လေယာဉ် သြစတြေးလျ၌ အရေးပေါ်ဆင်းသက်
Published 13 June 2015

မလေးရှားလေကြောင်းလိုင်းမှ ခရီး သည်တင်လေယာဉ်တစ်စင်းသည် အင်ဂျင် တစ်ခုမီးလောင်နေကြောင်း အချက်ပြမှုကို ရရှိပြီးနောက် ဇွန် ၁၂ ရက်က မဲလ်ဘုန်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားခဲ့သည်။
 
ခရီးသည်နှင့် ဝန်ထမ်း ၃၀၀ လိုက်ပါလာသော လေယာဉ်ခရီးစဉ် MH148 သည်  မဲလ်ဘုန်းလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၁၆ မိနစ်တွင် မလေးရှားမြို့တော် ကွာလာလမ်ပူသို့ ထွက်ခွာသွားခဲ့သည်။ ထိုသို့ ထွက်ခွာသွားပြီးနောက်မှ လေယာဉ်စနစ်တွင် အင်ဂျင်တစ်လုံး မီးလောင်နေကြောင်း အချက်ပြမှု တွေ့ရှိရသဖြင့် အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ လေယာဉ်သည် သြ စတြေးလျ ဒေသစံတော်ချိန် ညနေ ၃ နာရီမတိုင်မီ မိနစ်အနည်းငယ်အလိုတွင် ပြန်လည်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။
 
လက်ရှိတွင် Airbus 330 ကို မလေးရှား လေကြောင်းလိုင်းမှ အင်ဂျင်နီယာများက စစ်ဆေးနေသည်ဟု လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။ ကနဦးစစ်ဆေးမှုများအရ မည်သည့်မီးလောင်ကျွမ်းသည့် လက္ခဏာကိုမှ မတွေ့ရသေးကြောင်း၊ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 
 
"လုံခြုံရေးဟာ မလေးရှားလေကြောင်းလိုင်းအတွက် အရေးအကြီးဆုံးပါပဲ။ အသေးစိတ်အချက်အလက်ကို သိရှိရရင် ထုတ်ပြန်သွားပါ့မယ်" ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။   
 
လေယာဉ်အင်ဂျင်တွင် မီးလောင်နေကြောင်း အချက်ပြမှုကြောင့် ပြန်လည်ဆင်းသက်ခဲ့ပြီး ချက်ချင်းစစ်ဆေးရာတွင် မည်သည့် မီးလောင်သည့် လက္ခဏာကိုမျှ မတွေ့ရှိရသေးကြောင်း သြစတြေးလျ သယ်ယူပို့ဆောင်မှုလုံခြုံရေးဌာန (ATSB)မှလည်း ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်မတ်လက ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH370 အားရှာဖွေမှုကိုလည်း ATSB ကပင် ဦးဆောင်နေခြင်း ဖြစ်သည်။ လူ ၃၀၀ ကို တင်ဆောင်ထားသည့်  ထိုလေယာဉ်သည် မြေပြင်သို့ မဆင်းသက် မီတွင် လေဆိပ်နှင့် ကီလိုမီတာ ၄၀ အကွာတွင်ရှိသော Werribee ဆင်ခြေဖုံးရပ်ကွက်အပေါ်တွင်  ကြိမ်ရေအချို့ ပတ်ပျံနေခဲ့သည်ဟု  မလေးရှားလေကြောင်းလိုင်း စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြခဲ့သည်။
 
၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့သော MH370 လေယာဉ်ပျောက်ဆုံးမှုနှင့် ယူကရိန်းတွင် ပစ်ချခံရသော MH17 လေယာဉ်ခရီးစဉ်များကြောင့် မလေးရှားလေကြောင်းလိုင်းသည် အထိနာနေဆဲဖြစ်သလို ရုန်းကန်နေရဆဲဖြစ်သည်။ မလေးရှားလေကြောင်းလိုင်း အမှုဆောင်ဥက္ကဋ္ဌသစ်၏ ပြန်လည်နာလန် ထူရေး စီမံကိန်းတစ်ခုအရ အလုပ်အကိုင်ပေါင်း ၆၀၀၀ ကျော်ကို လျှော့ချလိုက်သည်ဟု သိရသည်။ 
Ref:AFP

Most Read

Most Recent