ဒေါ်လာဈေးမြင့်တက်မှုသည် ကောင်းကျိုးထက် ဆိုးကျိုးမှာ ရာခိုင်နှုန်း ၉၀ အထိဖြစ်စေကြောင်း သမ္မတအကြံပေးအဖွဲ့ အကြံပြုထား

ဒေါ်လာဈေးမြင့်တက်မှုသည် ကောင်းကျိုးထက် ဆိုးကျိုးမှာ ရာခိုင်နှုန်း ၉၀ အထိဖြစ်စေကြောင်း သမ္မတအကြံပေးအဖွဲ့ အကြံပြုထား
Published 13 June 2015
ဖြိုးဝေ၊ ဇော်ဝေ

ဒေါ်လာဈေးမြင့်တက်၍ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းမှာ ပို့ကုန်မြှင့်တင်နိုင်သည် ဆိုသော်လည်း မြန်မာနိုင်ငံတွင် ပြည်ပသို့ တင်ပို့နိုင်ရန် ပို့ကုန်ကြီးကြီးမားမား မရှိသည့်အတွက် ကောင်းကျိုး ၁၀ ရာခိုင်နှုန်းနှင့် ဆိုးကျိုး ရာခိုင်နှုန်း ၉၀ အထိ ဖြစ်ပေါ်စေသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံပြုထားကြောင်း နိုင်ငံတော်သမ္မတ၏ အမျိုးသားစီးပွားရေးနှင့် အကြံပေးကောင်စီဝင် စီးပွားရေးလုပ်ငန်းရှင် Diamond Star Co,Ltd  မှ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ဇွန် ၁၂ ရက်တွင် ပြောကြားသည်။
 
အဆိုပါ ပြောကြားချက်ကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသင်တန်းကျောင်း၏ စီးပွားရေးဆိုင်ရာ ဟောပြောပွဲတွင် Diamond Star Co,Ltd မှ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက 
“ Practical Business Idea and Performance ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၏ အမေးအဖြေကဏ္ဍတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
လတ်တလောတွင် အမေရိကန်ဒေါ်လာဈေးမှာ ရက်ပိုင်းအတွင်း များစွာမြင့်တက်ခဲ့ပြီး အစိုးရသစ်လက်ထက် အမြင့်ဆုံးအဖြစ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၁၃၀၀ ကျပ်ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင်  ဒေါ်လာဈေးပြန်ကျသည်ဆိုသော်လည်း တစ်ဒေါ်လာလျှင်ကျပ် ၁၂၁၀ ဝန်းကျင်အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။
 
“ဒေါ်လာဈေးတွေ ရုတ်တရက်မြင့်တက်လာတာ၊ ကျဆင်းသွားတာက ဈေးကစားမှုကြောင့်လို့ ယူဆတယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
 
ထိုသို့ ဒေါ်လာဈေးမြင့်တက်မှုအပေါ် ထိန်းချုပ်ရန် ဇွန် ၁၀ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စုလွှတ်တော်နာယကမှ လွှတ်တော်ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးအပြီး တစ်ဒေါ်လာ တန်ဖိုးမှာ ကျပ် ၁၂၁၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းသွားခြင်း ဖြစ်သည်။
 
ဒေါ်လာတန်ဖိုးသည် ဇွန်လ ပထမပတ်အတွင်း ၃၃ကျပ်ဝန်းကျင်မြင့်တက်သွားပြီးနောက် ဇွန် ဒုတိယပတ်အတွင်း တစ်ရက်လျှင် ကျပ် ၃၀ ဝန်းကျင်မြင့်တက်ခဲ့၍ တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင် အထိရှိခဲ့သည်။
 
ဇွန် ၁၁ ရက်တွင်ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁၂၁၀ ဝန်းကျင်၊  ဝယ်ဈေး ကျပ် ၁၂၀၀ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။
 
ဇွန် ၁၀ ရက်တွင်ဖြစ်ပေါ်နေသော ဒေါ်လာလဲနှုန်းသည် အဖွင့်ဈေးတွင် တစ်ဒေါ်လာ ကျပ် ၁၂၈၀ ဝန်းကျင်မှ တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်အထိ ရှိခဲ့သော်လည်း မွန်းလွဲပိုင်း (ညနေ ၄နာရီခွဲ)တွင် ရောင်းဈေး ကျပ် ၁၂၄၀ ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၂၅  ဝန်းကျင်သို့ပြန်လည်ကျဆင်းသွားကြောင်း စုံစမ်းသိရသည်။
 
ဗဟိုဘဏ်မှ ဒေါ်လာတန်ဖိုးကို ထိန်းချုပ်ရန်အတွက် မေ ၁၃ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီးများအပါအဝင် ဗဟိုဘဏ်တာဝန်ရှိသူများ၊ ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက ဒေါ်လာတန်ဖိုးမြင့်တက်၍ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ဖြေရှင်းရန်အတွက် ဆွေးနွေးခြင်း၊ မေ ၂၇ ရက်တွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူများကို ငွေထုတ်ယူရာတွင် ထက်ဝက်လျှော့ချရန် ညွှန်ကြားထုတ်ပြန်ခြင်း၊ မေ ၂၉ တွင်နိုင်ငံခြားငွေဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားငွေ အသုံးမပြုစေဘဲ ကျပ်ငွေဖြင့်သာ အသုံးပြုရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းများပြုလုပ်၍ ဒေါ်လာတန်ဖိုးကို ထိန်းချုပ်ရန် ပြုလုပ်ခဲ့သော်လည်းဒေါ်လာတန်ဖိုးမှာ ဇွန် ၁၀ ရက်အထိ တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင်အထိ ရှိခဲ့သည်။
 
ဇွန် ၁၂ ရက် အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာ ရောင်းဈေး ကျပ် ၁၂၀၀ နှင့် ဝယ်ဈေး ကျပ် ၁၁၈၀  ဝန်းကျင်ဖြစ်ပေါ်နေသည်။
 
“ကျွန်တော်တို့ အကြံပေးအဖွဲ့ကနေပြီး လူကြီးတွေဆီ အကြံပြုထားတယ်။ Exchange Rate က နှစ်ဖက်ရှတဲ့ ဓားလိုပဲ။ မြန်မာငွေ သိပ်ခိုင်ရင် သွင်းကုန်ထိခိုက်ပြီး မြန်မာငွေတန်ဖိုး ကျတာက သွင်းကုန်ကို အားပေးတယ်။  ဒီမှာ တော်တော်များများ သတိမထားမိတာကို ကျွန်တော်တို့ Highlight လုပ်တာက ဂျပန်လို၊ ကိုရီးယားလို တရုတ်လိုဟာမျိုးမှာ သူတို့ငွေ တန်ဖိုးကျသွားတာနဲ့ အများကြီး Export လုပ်လို့ရတယ်။ နံပါတ် ၁ သူတို့မှာ Capital Stock  ရှိတယ်။ ထုတ်လုပ်နိုင်တဲ့အင်အားရှိတယ်။ Exchange Rate က နည်းနည်းလေးသူတို့ကို favour ပေးတာနဲ့ အများကြီး သူတို့ လုပ်လို့ရတယ်။ ကျွန်တော်တို့မှာက ငွေတန်ဖိုးကျသွားတာနဲ့  On Paper မှာတော့ Export ကို အားပေးရာရောက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပို့စရာမှ မရှိတာ။ ပို့စရာမရှိတော့ Exchange Rate ကျတယ်ဆိုတာနဲ့ ဆိုးကျိုးပဲရတယ်။ တခြားတိုင်းပြည်တွေလို ကောင်းကျိုးမရဘူး။ မှန်းဆပြီး ပြောရရင် ကောင်းကျိုး ၁၀ ဆို ဆိုးကျိုးက ၉၀ လောက်ရတယ်။ သွင်းကုန်က အရမ်းကို တက်သွားတယ်။ ငွေဖောင်းပွမှုကို တိုးစေတယ်။ ပြီးတော့ Export Sector ဆိုပြီး ကြီးကြီးမားမားကလည်း ကျွန်တော်တို့ မှာမရှိဘူး” ဟု ဒေါက်တာကိုကိုကြီးက ယင်းတို့အဖွဲ့၏ အကြံပြုမှုအပေါ် ရှင်းပြသည်။
 
မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ကုန်သွယ်မှုလိုငွေမှာ များပြားနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကာ လက်ရှိဘဏ္ဍာနှစ်တွင်လည်း ပထမ လေးလပတ်မတိုင်မီလ အနည်းငယ်အတွင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလျံခန့်ဖြစ်ပေါ်နေသည်။
 
လက်ရှိမြင့်တက်နေသည့် နိုင်ငံခြားငွေလဲနှုန်းနှင့် ပတ်သက်၍ လွတ်လပ်စွာ လုပ်ကိုင်နေပြီဖြစ်သည့် ဗဟိုဘဏ်အနေနှင့် လက်ရှိအခြေအနေထက်ပို၍ တက်တက်ကြွကြွ လုပ်ဆောင်ရန်လိုအပ်နေကြောင်း ဒေါက်တာကိုကိုကြီးက ထောက်ပြသည်။
 

Most Read

Most Recent