ဘယ်ပတ်ဝန်းကျင်မှာမဆို လူနှစ်မျိုးနှစ်စားကို လူတော်တော်များများက နှစ်သက်တယ်။ ပထမတစ်မျိုးက ဘာမှသိပ်မပြောဘဲ ငြိမ်ငြိမ်နဲ့ အေးအေးနေတတ်တဲ့သူ။ နောက်တစ်မျိုးက အပျော်လေးတွေနဲ့ မျက်နှာရွှင်တဲ့သူ။ သူတို့တွေအပေါ် ဘယ်သူမဆို နှစ်သက်တဲ့စိတ် ဖြစ်လွယ်ကြတယ်။ ဘာကြောင့် နှစ်သက်ကြတယ်ဆိုတာကို ပြောဖို့ခက်ပေမယ့် လူတွေ နှစ်သက်ကြတာတော့ သေချာတယ်။ အေးဆေးတဲ့သူက ပတ်ဝန်းကျင်ကို နားပူအောင်မလုပ်လို့ ဖြစ်လိမ့်မယ်။ အပျော်လေးတွေ လုပ်တဲ့သူကလည်း ရယ်မောရလို့ ဖြစ်လိမ့်မယ်။ ဒီလိုအပြုအမူတွေက ဗီဇအရဖြစ်နိုင်သလို ရှင်သန်ရာပတ်ဝန်းကျင်က လေ့ကျင့်ပေးထားတဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။
လူငယ်တစ်ယောက်ကတော့ ဒါတွေအားလုံးနဲ့ ဆန့်ကျင်နေတယ်။ စာသင်ခန်းထဲမှာ သူဟာ ရယ်ချင်တဲ့အခါ ရယ်တယ်။ တည်တည်နေချင်တဲ့အခါ တည်တည်နေတယ်။ ဆူညံချင်တဲ့အခါ ဆူညံနေတယ်။ အေးအေးနေချင်တဲ့အခါ အေးအေးနေတယ်။ ပုံမှန်မရှိဘူး။ အဲလိုပုံစံနဲ့ စာသင်ခန်းထဲမှာ နေတယ်။ ဒါပေမဲ့ သူအမြဲလုပ်နေတာ တစ်ခုတော့ရှိတယ်။ မေးခွန်းတွေ မကြာခဏ မေးနေတာပဲ။ ဘာတွေမေးရမလဲ တွေးနေတယ်။ တခြားသူတွေ ပြောတဲ့အကြောင်းအရာတွေ နဲ့ သူသိထားတာနဲ့ လွဲနေရင် ဘယ်လိုဖြစ်တာလဲဆိုတာကို ဆွေးနွေးတယ်။ အဲဒီအခါမှာတော့ သူက အေးတဲ့သူလည်း မဟုတ်၊ ပတ်ဝန်းကျင်ကို ပျော်စေတဲ့သူလည်း မဟုတ်ဘဲ ပွဲဆူအောင်လုပ်တဲ့သူသာ ဖြစ်ဖြစ်နေတယ်။
တစ်ခါတလေ သူက ရှင်းပြချင်ဇောနဲ့ ထပြောတဲ့အကြောင်းအရာကို ဆရာက မှားတယ်လို့ ပြောတဲ့အခါ အတန်းထဲက လူတွေက “ဆရာလုပ်ချင်တဲ့ကောင် ခံပေါ့” ဆိုတဲ့ အကြည့်တွေနဲ့ ပျော်ရွှင်ခြင်းတွေ အစာသွပ်ပြီး သူ့ကို ကြည့်ကြတယ်။ အဲလိုအကြည့်ခံရတာများတော့ သူလည်း ရှက်လာတယ်။ ဘယ်သူကမှ အဲလိုမလုပ်ကြတာ။ သူတစ်ယောက်တည်း အမြဲလုပ်နေရတော့ သိမ်ငယ်သွားသလိုပဲ။ ဒါပေမဲ့ သူက အိမ်မှာတစ်ယောက်တည်း စာမကျက်ချင်ဘူး။ သင်ယူတဲ့အရာတိုင်းကို ငြင်းခုန်လိုက်ရင် တော်တော်လေး နားလည်သွားပြီတဲ့လေ။ ဘာမှမပြောဘဲ ပြန်လာတဲ့နေ့တွေဆို အရာရာကို စမ်းတဝါးဝါးနဲ့ လေ့လာနေခဲ့ရတယ်။ အချိန်တွေကြာလာတာနဲ့အမျှ မေးခွန်းတွေ၊ ငြင်းခုန်ဆွေးနွေးမှုတွေလောက် ကောင်းတဲ့ စာကျက်နည်းကို သူ မသိတော့ဘူး။ နောက်ဆုံး သူတစ်ယောက်တည်း အတွေးထဲမှာ ငြင်းခုန်နေလိုက်တယ်။
ဒီလူငယ်အကြောင်းက ကျွန်တော်တို့ရဲ့ အရာရာကို အဖုံးဖွင့်လိုက်သလိုပါပဲ။ ပိတ်ထားတဲ့ ပါးစပ်တွေက အရာရာကို နောက်ကောက်ကျစေခဲ့ပါတယ်။ တံခါးပိတ်ထားတဲ့ အသိဉာဏ်တွေဟာ အရာရာကို ကြောက်လန့်ရင်း၊ ရှက်ရွံ့ရင်း ရင်ဆိုင်သင့်တဲ့အရာတွေကို ရင်ဆိုင်ဖို့ သတိလက်လွတ်တွေ ဖြစ်ခဲ့ကြတယ်။ ပတ်ဝန်းကျင်ရဲ့ ဖြစ်နိုင်ခြေမရှိတဲ့ ခြောက်လန့်မှုတွေမှာ ကျွန်တော်တို့တစ်တွေဟာ ကြောက်စိတ်တွေ ကိန်းအောင်းတတ်လာခဲ့ရင်း အဖြေရှာချင်တဲ့စိတ်တွေ ပျောက်ဆုံးခဲ့ရတယ်။ ဒီလူငယ်လို ဖောက်ထွက်ချင်တဲ့ လူမျိုးတောင်မှ ပတ်ဝန်းကျင်ရဲ့ ပညတ်ချက်တွေကြောင့် ရှက်စိတ်ဝင် သိမ်ငယ်မိသေးတယ်ဆိုရင် ကျန်သူတွေအတွက် ဘာကိုမျှော်လင့်မလဲ။
မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ ငြင်းခုန်ခြင်းနဲ့ အဖြေရှာခြင်းတို့နဲ့အတူ စဉ်းစားတွေးခေါ်သုံးသပ်နိုင်မှု စွမ်းရည် (Critical Thinking) ဟာ ကြီးထွားရတယ်။ အဲဒီစွမ်းရည်ရှိလာဖို့ လူတစ်ယောက်ဟာ အခြေခံအရ အကျိုးအကြောင်းဆီလျော်စွာ တွေးတောနိုင်မှု (Reasonable Thinking) ရှိနေရမယ်။ Reasonable Thinking ဆိုတာက တစ်နေ့ တာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့နေရာမှာ အကျိုးအကြောင်းကို ထောက်ရှုပြီး အဖြစ်သင့်ဆုံးအခြေအနေတစ်ရပ်ဆီ စဉ်းစားခြင်းပါ။ Critical Thinking ကတော့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာပေါ်မှာ ဖြစ်သင့်တယ်။ မဖြစ်သင့်ဘူးဆိုတာ လောက်သာမကဘဲ ဒီအကြောင်းအရာဟာ ဘာကြောင့်ဖြစ်တယ်။ ဘယ်တုန်းက ဘယ်လိုဖြစ်ခဲ့တယ်။ ဘာတွေပတ်သက်မှုရှိတယ်။ ဒီလိုဖြေရှင်းလိုက်ရင် ဘာတွေဖြစ်လာနိုင်တယ်။ ဟိုအရင်ကလည်း ဘယ်လိုတွေဖြစ်ခဲ့ဖူးတယ်ဆိုတာတွေကိုပါ တွက်ချက်ရတာ ဖြစ်ပါတယ်။ ဒီတော့ Reasonable Thinking ဖြစ်ဖို့ အကျိုးအကြောင်းအပေါ် မျှတစွာကြည့်တတ်တဲ့ စိတ်ဓာတ်အခြေခံလိုအပ်ပြီး Critical Thinking ဖြစ်ဖို့ကတော့ အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတတွေနဲ့ နက်နဲစွာ သုံးသပ်နိုင်မှုစွမ်း ရည်ကိုပါ ပေါင်းစည်းပေးဖို့ လိုအပ်ပါတယ်။
ဒါတွေကို ဖြည့်ဆည်းပေးနိုင်တဲ့အရာက လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း Freedom of Expression ပါပဲ။ လွတ်လပ်စွာ ပြောဆိုနိုင်ခြင်းမရှိရင် လွတ်လပ်ခြင်းဆိုတာ မရှိပါဘူး။ အမှန်တရားအတွက် ကာကွယ်ပေးတတ်တဲ့ ပတ်ဝန်းကျင်မရှိရင်လည်း လွတ်လပ်စွာပြောဆိုနိုင်ခြင်းဆိုတာ မရှိပါဘူး။ခြုံကြည့်လိုက်ရင် အားလုံးဟာ ပါးစပ်တွေပိတ်ထားဖို့ ဖိအားပေးတဲ့နေရာတွေမှာ ကြီးပြင်းလာခဲ့ရလို့ပါ။ ဝါဒဖြန့်ရာမှာ သက်ရောက်မှု အရမ်းမြန်စေတဲ့ အလွယ်တကူယုံကြည်လက်ခံတဲ့ အလေ့အကျင့်ဟာ စာသင်ခန်းထဲမှာ စကားမပြောတဲ့အကျင့်၊ ဆွေးနွေးငြင်းခုန်မှုမရှိတဲ့ အကျင့်က အစပြုတယ်ဆိုရင် ဘယ်သူဘာပြောမလဲ။
စကားပြောမှဖြစ်မယ့် ဆွေးနွေးမှရမယ့် နေရာတွေမှာ လုံး၀ (လုံးဝ)ခေတ်မမှီပါဘူး။ ဆရာကြီးပီမိုးနင်း ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို သိပ်ကြိုက်တယ်။ “ထောင်တန်လောက်တဲ့အသိပညာနဲ့ ဆိတ်ဆိတ်နေမှ ထောင်တန်တယ်။ ဘာမှမသိလို့ ဆိတ်ဆိတ်နေတာကတော့ တစ်ပြားတောင် မတန်ဘူး” တဲ့။ စကားမပြောလို့ အမှားမပြောမိတာဟာ မထူးဆန်းပေမယ့် အမှားမပါဘဲ စကားပြောဖို့၊ စကားကိုမှန်မှန်ကန်ကန်နဲ့ ရဲရဲရင့်ရင့်ပြောတတ်ဖို့တော့ အလေ့အကျင့်၊ သတ္တိနဲ့ ဉာဏ်ပညာလိုအပ်တယ်လို့ ယုံကြည်မိပါတယ်။ကမ္ဘာသိ နိုင်ငံ့ခေါင်းဆောင်ကြီးတွေများ စကားကို သြဇာကြီးကြီးနဲ့ ပြောတတ်လိုက်တာ။ သူတို့ရဲ့ ယုံကြည်ချက်ကို ရဲရဲဝင့်ဝင့်ချပြရင်း လူတွေရဲ့ယုံကြည်မှုကို သိမ်းပိုက်တတ်လိုက်တာ။ ဒါဟာ သူတို့ရဲ့ စာသင်ခန်းနဲ့ ပတ်ဝန်းကျင်တွေဆီက အကောင်းဆုံးရလိုက်တဲ့ အမွေတွေပဲ။
ကျွန်တော်တို့ကတော့ စာသင်ခန်းထဲမှာ ပါးစပ်တွေပိတ်ခဲ့သမျှ လက်တွေ့ဘဝထဲမှာ ပြဿနာတိုင်းကို အဖြေရှာဖို့ထက် ငြီးတွားဖို့သာ အသင့်ဖြစ်နေကြတယ်။ မသိတာတွေ များတယ်။ မမေးတာလည်း အများကြီးပဲ။စကားတွေ ပြောဖို့၊ မေးခွန်းတွေ မေးဖို့ အခုချိန်ထိ ကျွန်တော်တို့ ကြောက်လို့ ကောင်းတုန်းပဲဗျာ။ သဘောတရားအရ နိုင်ငံသားတစ်ယောက်ချင်းစီဟာ နိုင်ငံရဲ့ပစ္စုပ္ပန်တွေ၊ အနာဂတ်တွေ ဖြစ်ပါသတဲ့။ ဒီတော့ တစ်ယောက်ချင်းစီရဲ့ ပိတ်ထားတဲ့ ပါးစပ်တွေဟာလည်း နိုင်ငံရဲ့ပစ္စုပ္ပန်တွေ၊ အနာဂတ်တွေဖြစ်တယ်လို့ ဆိုချင်ပါရဲ့။










