I AM SAM

I AM SAM
Published 6 June 2015
ဒေါက်တာ မိုးမိုးသီ

ညဘက် ၉ နာရီခွဲမှာ mntv ကလာတဲ့ ရုပ်ရှင်ကားကို အပျင်းပြေထိုင်ကြည့်မိရာက အစအဆုံး မျက်ရည်ကျလောက်အောင်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်နေပါတယ်။
 
သာမန် မိဘမေတ္တာဇာတ်လမ်းလို့ ပြောရပေမယ့် အဖေဖြစ်သူက ဉာဏ်ရည်မမီသူဖြစ်နေတဲ့ ဇာတ်လမ်းပါ။ မင်းသား Sean Penn ကိုလည်း ကျွန်မကြိုက်ခဲ့ပေမယ့် ဒီကားထဲကလို Mental Retardation (ကျပ်မပြည့်သူ) အဖြစ် သရုပ်ဆောင်ကောင်းလွန်းတာ ခုမှ တွေ့ရတာပါ။
 
အိမ်ခြေရာခြေမဲ့ မိန်းမတစ်ယောက်နဲ့ ငြိစွန်းရာက သမီးလေးတစ်ယောက်ရခဲ့တဲ့ Sam ဟာ ဒီသမီးလေးအတွက် ဘာမဆိုဖြည့်ဆည်းပေးရင်း သမီး အသက်ခုနစ်နှစ် မွေးနေ့ကို ကျင်းပဖို့ပြင်ဆင်နေပါတယ်။ Sam ရဲ့သူငယ်ချင်းတွေကလည်း သူ့လိုပဲ ဉာဏ်ရည်နိမ့်သူတွေဖြစ်ပြီး သမီးလေးကိုလိုတာ ဖြည့်ဆည်းပေးကြသူတွေပါပဲ။
 
သမီး အံ့သြသွားအောင် မွေးနေ့ကို Surprise လုပ်ဖို့ကြံနေတဲ့ Sam ဟာ အိမ်နီးချင်း ကလေးတစ်ယောက်ကို တွန်းလိုက်မိတော့ လဲမလိုဖြစ်သွားပါတယ်။ ဖိတ်ထားတဲ့ ကလေးက သူ့သမီးအတွက် အစီအစဉ်ကို ပျက်အောင်လုပ်ဖို့ ကြိုးစားတာပါ။ Sam က တားရင်းနဲ့ မတော်တဆဖြစ်ရတာကို ကလေးအဖေက ရဲခေါ်လို့ရဲစခန်းကို ပါသွားပါတယ်။
 
စခန်းက ပြန်ရောက်လာပေမယ့် ဒီလိုအဖေမျိုးနဲ့မနေသင့်ဘူးဆိုပြီး တရားရုံးက သမီးလေးကို စောင့်ရှောက်ဖို့ကြိုးစားရာမှာ Sam က ပြန်လည်ပြီး အုပ်ထိန်းခွင့်ရဖို့ ကြိုးစားပါတယ်။ မြို့မှာရှိတဲ့ အတော်ဆုံးရှေ့နေမကို ငှားဖို့တွေ့ပေမယ့် လူဆင်းရဲမှန်းသိလို့ လက်မခံတာကို အကြိမ်ကြိမ် ဇွဲမလျှော့ဘဲ တွေ့ပြီး သူ့ရဲ့လုပ်ခတွေ အကုန်ရှင်းပေးပါ့မယ်လို့ အသနားခံပါတယ်။
 
ပါတီပွဲတစ်ခုမှာရှိနေတဲ့ ရှေ့နေမကို သွားတွေ့တာမှာ ရှေ့နေမက လက်မခံပေမယ့် သူ့ရဲ့အထက်တန်းလွှာက လူတွေကြောင့် သိက္ခာဆည်ပြီး အခမဲ့ကယ်တင်ပေးမယ်လို့ လေသံလွှင့်ပြီးကူညီဖို့လက်ခံလိုက်ပါတယ်။ ဒီရှေ့နေမမှာလည်း ခုနစ်နှစ်အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ သားကို အရမ်းချစ်ပေမယ့် အလုပ်ကိစ္စနဲ့ ငွေနဲ့ အချိန်ကုန်နေရတော့ သားကို အချိန်မပေးနိုင်လို့ ခဏခဏစိတ်ညစ်နေရတဲ့သူပါ။
 
ရုံးမှာ ကျပ်မပြည့်တဲ Sam ရဲ့ သူငယ်ချင်း သက်သေတွေကြောင့် စိတ်ညစ်ရပေမယ့် သူတို့နဲ Sam ရဲ့ရိုးသားဖြူစင်မှု ကလေးအပေါ်မှာထားတဲ့ ကြီးမားတဲ့မေတ္တာတရားကြောင့် ပိုက်ဆံနောက်လိုက်လွန်းတဲ့ ရှေ့နေမဟာ ကြိုးစားပမ်းစား ကူညီခဲ့ပါတယ်။ သူ့ရဲ့ ကလေးနဲ့ အဆင်မပြေဖြစ်ရတာတွေလည်း အဆင်ပြေပြီး အမေကို ပြန်လည်ချစ်ခင်လာပါတယ်။
 
Sam တစ်ယောက် တစ်ဖက်က ရှေ့နေဆွဲချရဲ့ စိတ်ညစ်စရာကောင်းတဲ့ မေးခွန်းတွေကြောင့် စိတ်ညစ်ပြီး ခဏအရှုံးပေးလိုက်ပါသေးတယ်။
 
“ကလေးကို လူတမ်းစေ့ ဘယ်လိုထားမလဲ”
 
“ကလေး အတန်းကြီးလာရင် ခင်ဗျား စာကူပြပေးနိုင်မလား”
 
“အခု လုပ်နေတဲ့ အလုပ်က ငွေဘယ်လောက်ရသလဲ”စသဖြင့်ပေါ့။
 
Sam က ရှေ့နေမ သင်သလိုပြီးစလွယ် ညာမပြောချင်ဘူး။ ဒီတော့ သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး ချမ်းသာတဲ့သူနဲ့ နေသင့်တယ်လို့ထင်ပြီး အရှုံးပေးကာ ရုံးချိန်းမသွားဘဲ နေပါတယ်။ ဒါပေမဲ့ Sam ရဲ့ သမီးလေးချစ်တဲ့စိတ်ကို နားလည်သွားတဲ့ ရှေ့နေမက ဇွဲမလျှော့ဘဲ Sam ကို ရအောင်ပြန်ခေါ်ပြီး သူကိုယ်တိုင်ငွေရှိလျက်နဲ့ သားသမီးကို Sam လောက်နားလည်မှုမပေးနိင်တာကို ရှင်းပြပါတယ်။ အားမလျှော့ဖို့လည်း အားပေးပါတယ်။
 
နောက်ဆုံးမှာ Sam တစ်ယောက်သူ့ အပေါ်မှာ အရမ်းကောင်းတဲ့ မိတ်ဆွေတွေကြောင့် အလုပ်မှာ ရာထူးတိုးပြီး တခြားအလုပ်တွေ (ခွေးတွေကို ပိုင်ရှင်မရှိချိန်မှာ ခေတ္တထိန်းကျောင်းပေးတဲ့အလုပ်) ကို လုပ်ကိုင်ရင်း နဲ့ သူဟာ တကယ့်ကို သမီးလေးအတွက် လူတမ်းစေ့ထားနိုင်တဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနိုင်လို့ သူ့သမီးလေးကို ပြန်ရခဲ့ပါတယ်။ သမီးလေးကို အိပ်ရာဝင်မှာ စာတွေတစ်လုံးချင်းကြိုးစား ဖတ်ပြနေတဲ့ သရုပ်ဆောင်ပုံတွေ အရမ်းကို ပီပြင်လွန်းပါရဲ့။
 
ကျွန်မ ဒီဇာတ်လမ်းကိုကြည့်ရင်း ဘာကိုတွေ့သလဲဆိုတော့ ကလေးအတွက် အရေးကြီးတာ နွေးထွေးတဲ့ မေတ္တာတရားဆိုတာပါပဲ။ နောက်ပြီး မိဘဆိုတာ အဖေဖြစ်စေ၊ အမေ ဖြစ်စေ မေတ္တာတရားကို ပြသနိုင်တယ်ဆိုတဲ့ အသိပါ။ ကလေးကို ပြုစုပျိုးထောင်ဖို့ မိဘတာဝန် ဘယ်လောက်ကြီးတယ်ဆိုတာလဲ ပါ ပါတယ်။ တရားရုံးက မိဘတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ချပြသလောက် Sam က လိုက်မီအောင် ကြိုးစားရပုံတွေဟာ တော်ရုံမေတ္တာနဲ့ မရပါဘူး။ အထူးသဖြင့်သူ့လို ဉာဏ်ရည်နိမ့်သူတစ်ယောက်အတွက်ပေါ့။
 
ကျွန်မတို့ နိုင်ငံမှာတော့ ဉာဏ်ရည်မြင့်ပါလျက်ကယ်နဲ့ ကိုယ့်သားသမီး ကိုယ်တာဝန်မယူမှုတွေ စွန့်ပစ်မှုတွေ ပိုပိုတွေ့လာရတော့ ရှာမှရှားတဲ့ ယောက်ျားလေးဖခင်တွေ နည်းနေတယ်လို့သာ ပြောချင်ပါတော့တယ်။မွေးထားပြီး ရှာမကျွေးချင်သူများနေတဲ့ မိဘတွေ ရဲ့ ကျေးဇူးတွေကြောင့် အရွယ်မတိုင်မီ ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရတာ ဘယ်သူ့အပြစ်လဲလို့မေးရင်တော့ အုပ်ထိန်းသူတွေက ခေတ်မကောင်းလို့ ခုလို ဖြစ်ရတာလို့ပြောသံတွေ ကြားနေရတော့ စိတ်ပျက်မိပါရဲ့။ တွေ့ရသလောက်ကတော့ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဘောလုံးပွဲပြတဲ့လက်ဖက်ရည်ဆိုင်၊ ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေမှာ လူတွေ စည်လွန်းလို့ ခေတ်ကောင်းနေပြန်ပါရောလားလို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။
 
(တစ်စုံတစ်ယောက်သောသူ၊ ဖခင်တစ်ဦးသို့ ရည်ညွှန်းပါသည်) 

Most Read

Most Recent