NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 6 June 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်း သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက The Daily Eleven သတင်းစာကို ဇွန် ၅ ရက်တွင် ပြောကြားသည်။
 
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်မှာ ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ သွားရောက်မှုဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
 
“ခရီးစဉ်မှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လေးဦးပါပါမယ်။ ခရီးစဉ်မှာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဖို့အစီအစဉ်ပါတယ်လို့ သိရပါတယ်။ အခု တရုတ်ခရီးစဉ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးခရီးစဉ်ပါပဲ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။   
 
အလားတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အပြည်ပြည်ဆိုင်ရာဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတွင် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ နေထိုင်သွားမည်ဖြစ်ကြောင်း 
၎င်း၏ ဝက်ဘ်ဆိုက်တွင် ဇွန် ၅ ရက်က ထုတ်ပြန်ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
 
တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံအလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။
 
သို့ရာတွင် သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများစသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံလာခဲ့သည်။
 
NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ ကိုယ်စားလှယ်များသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ဖူးသည်။
 
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း သွားရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းနှင့်ပတ်သက်၍ “တရုတ်နိုင်ငံကိုသွားမယ့် ခရီးစဉ်ဟာ အခုအထိ ဘာမှ မပြင်ဆင်ရသေးပါဘူး။ တိတိကျကျအစီအစဉ်တွေ မရှိသေးတာကြောင့် ဘာမှဖြေလို့ မရပါဘူး။ ဒါပေမဲ့ တရုတ်ခေါင်းဆောင်တွေနဲ့  အကယ်၍တွေ့ဖြစ်မယ်ဆိုရင်တော့ နိုင်ငံနှစ်နိုင်ငံအတွက် ကောင်းရာကောင်းကျိုးကိုပဲ ကျွန်မတို့ ဆွေးနွေးမှာပါ”ဟု ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၅ ရက် မီဒီယာတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
 
NLD ပါတီသည် လာမည့် ၂၀၁၅ ရွေး ကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရမည်ဟု ခန့်မှန်းမှုအချို့ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို  NLDပါတီက ဖေဖော်ဝါရီ ၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။
 
NLD ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာတွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်ပေါင်း ၄၉၂  နေရာတွင် ၃၉၂  နေရာ အနိုင်ရခဲ့သည်။
 
သို့ရာတွင် ရွေးကောက်ပွဲရလဒ်ကို ထိုစဉ်အချိန်က အာဏာသိမ်းအစိုးရက အကောင်အထည်ဖော်ပေးခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့ရန် ငြင်းဆန်ခံခဲ့ရသည်။ ထို့ပြင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အများစု ဖမ်းဆီးထောင်ချခံခဲ့ရသည်။ အလားတူ ပါတီဝင်များအား ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည့်အပြင် ပါတီရုံးခွဲများကိုလည်း ချိတ်ပိတ်ခဲ့သည်။
 
ထို့နောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဟုဆိုကာ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှသာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 
 
ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာအနက် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။
 
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာဖြစ်စဉ်များအရ ပထမအကြိမ် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲထက် ဒုတိယအကြိမ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက တိုင်းပြည်အတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားသည်။