၂၀၁၆ တွင် ထားခဲ့မည့် တို့လူလေးများဆိုသလေး စီမံကိန်း

၂၀၁၆ တွင် ထားခဲ့မည့် တို့လူလေးများဆိုသလေး စီမံကိန်း
Published 5 June 2015
ဖိုးလမင်း (ဆင်ဖြူကျွန်း)

 
ရှေးရှေးကဆိုပေမယ့် လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်က ရပ်ရွာမှာက ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲစတဲ့ပွဲတွေမှာက အပြိုင်အဆိုင်တွေ ရှိခဲ့ကြတယ်။ အဆို အတီး အကအခုံလေးတွေနဲ့ သူ့ထက်ငါ ပျော်ပျော်ပါးပါးပြိုင်ကြတာပါ။ ရိကြ စောင်းကြ၊ သံချက်လေးသံချက်လေးများ ကလည်း ပါကြပေါ့ဗျာ။ ဒီအထဲ ထင်ထင်ရှားရှားအဖွဲ့တစ်ခုတော့ပေါ်ခဲ့တယ်။ တို့တစ်တွေ ရေချမ်းအိုးကြီးဆိုတဲ့ အဖွဲ့ပါပဲ။ အင်အားက တောင့်တောင့်ဆိုတော့ ဘယ်သူတွေမှ ထီမထင်တို့ကတော့ တို့ကတော့ စင်ပေါ်ကပဲဆိုပါတော့။
 
“၂၀၁၅” နှစ်ကုန်ကိုတော့ ရင်တမမနဲ့ စောင့်နေကြပြီ။ မကောင်းခဲ့ကြဘူးဆိုတော့ တကယ်ပြောင်းမှာလားပေါ့ဗျာ။ သတင်းတွေကလည်း စုံလို့။ တကယ့်ထိပ်ဆုံးကနေခဲ့တဲ့သူ သူကပြောပြတယ်။ “၁၀” နှစ် ဒီအတိုင်းရှိနေမှာပါတဲ့။ ထိပ်ပိုင်းကအမြဲပါတယ်။ သူက နှစ် ၂၀  နောက်မှ တကယ်တော့ပြောင်းဖြစ်မှာပါတဲ့။ အားလုံးကတော့ သိပြီးသားပါ။ အရှင်သခင်ကြီးက အပိုင်ရေးဆွဲပြီးထုတ်လိုက်တဲ့ ဇာတ်လမ်းကြီးပဲမဟုတ်လား။ ဒီအရှင်သခင်ကြီးက ရှေ့ကျေးဇူးရှင်မျိုးချစ်သခင်ကြီးများ အကုန်မှောင်ချလိုက်ခဲ့တာ မဟုတ်လား။ 
တစ်နိုင်ငံလုံးရဲ့ သူရဲကောင်းကြီး၊ လွတ်လပ်ရေးဗိသုကာကြီ၊ လုံးဝကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် အသက်စွန့်ခဲ့တာတောင် ဒီကောင် “ငတိ” ငါလောက်လုပ်နိုင်သလားဆိုပဲ။ တိုင်းပြည်လွတ်လပ်လို့ ကြိုးစားလုပ်ကြတာ “၁၂” နှစ်လောက်ရှိသေး။ 
တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုပြီး သိမ်းပိုက်ကယ်တင်လိုက်တာ နှစ် ၅၀ လောက်မှာ ချောက်ထဲလုံးလုံး ရောက်နေကြပါပကော။ ဘာကြောင့်လဲဆိုတော့ ချောက်ထဲကျမလို ဆိုတာကနေ ချောက်ထဲလုံးလုံးကျအောင် သူတို့လုပ်ခဲ့ကြတာဘဲ မဟုတ်လား။ 
တစ်တိုင်းပြည်လုံးက စုတ်ပြတ်သတ်နေပါပြီဆို တာဝန်မခံတာကလွဲလို့ မငြင်းနိုင်ကြပါဘူး။ ထူးဆန်းတာက တစ်တိုင်းပြည်လုံး မွဲပြာကျပေမယ့် မောင်မင်းကြီးသားများအားလုံး ချမ်းသာကုန်ကြတာ ကျိကျိတက်။ ဘယ်သူမသိတာမှတ်လို့။
 
တစ်ကမ္ဘာလုံး ဒီအာဏာရှင်တွေလုပ်တာခံရလွန်းတာ သိလာတဲ့ခုချိန်မှာ အာဖရိကသားတွေ ခုမနေတော့ဘူး။ ဥရောပကွန်မြူ နစ်အာဏာရှင်တွေလည်း ဘယ်နေကြရမှာလည်း လှုပ်ကုန်ကြတာပေါ့။ ဒီက အရှင်သခင်ကြီးကတော့ ပါးမှပါး၊ တော်မှတော်၊ ဒီနိုင်ငံကံဆိုးတာက ကောင်းတာမတော်ဘဲ မကောင်းတာတော်တော့ ခံကြလေဦးပေါ့ဗျာ။ ခုဆို ဒီမိုကရေစီဟာသဇာတ်လမ်းကြီး ကနေကြပြီပဲ။ အစိတ်သားက သူတို့ ငါးဆယ်သားက အဝတ်လဲသူတို့အားလုံး သူ့သက်တမ်းမှာ ပိစ်ဖြစ်ရမှာတဲ့။ သူဆရာများလို့ နိဂုံးချုပ်မခံချင်ဘူးဆိုပဲ။ သူက အတ္တသမားဆိုပေမယ့် တော်လှပါတယ်။ သူဘာမှ ကိုယ်တိုင်မလုပ်ဘူး။ တပည့်တို့ လုပ်ကြ၊ စားကြ၊ ဝါးကြချပေးလိုက်တယ်။ ဆရာကြီးက တစ်ဖွဲ့လုံးအကုန် ချမ်းသာကုန်အောင်လုပ်ပေးပြီး သူကတော့ အရှင်သခင်ကြီးပေါ့။ ခံဆွမ်းမစားဘဲ ကပ် ဆွမ်းပဲစားတော့ များများစုံစုံစားရတယ်လေ။ ဒီတော့လည်း အရှင်ကြီးပဲ ကျေးဇူးရှင် ခပ်ထွားထွားကြီးကိုးကွယ်ကြရတယ်။ ခုဆို မူလအဆင်တန်ဆာနဲ့ တချို့အဝတ်တစ်မျိုး လဲပေးပြီး တချို့နဲ့ရွှေပြည်ကြီး အားပေးနေကြပြီ မဟုတ်လား။ 
အမူအရာကောင်းကောင်းနဲ့က နေတဲ့အပြင် ဇာတ်လမ်းတွေလဲ အဖုံဖုံပါပဲလေ။ အရင်ပုံစံနဲ့ ရိုက်ဟနှက်ဟ ဖမ်းဟ ထောင်ချတစ်မျိုး၊ ဒီမိုဟန်ဆောင်နဲ့ လွမ်းပြတာ တစ်ဖုံစုံမှစုံပါပဲဗျာ။
 
ဦးပေါ်ဦးလိုလည်း အနိုင်ကစားပြလားပြရဲ့။ မင်းတုန်းဘုရင်က နှစ်တိုင်းမိဖုရားနဲ့ အပြိုင် လှေပြိုင်ပွဲရှုံးနေတော့ ဒီတစ်ခါ ပေါ်ဦးနိုင်အောင်လုပ်ဆို တာဝန်ပေးတယ်။ ပေါ်ဦးလည်း စိတ်ချတော်မူပါဘုရားလို့ လျှောက်ခဲ့ပါသတဲ့။ တကယ်တော့ ပြိုင်ပွဲမှာ ပိန်းကောလှေကြီးနဲ့ ပြိုင်လိုက်တာ ဟိုက ပန်းဝင်တောင် သူက တစ်ဝက်မရောက်သေးဘူး။ ဒါပေမဲ့ ပေါ်ဦးကနိုင်ပါသတဲ့။ ဘယ်လိုလဲ ကျွဲနိုင်နွားနိုင်ဆိုပဲ။ လိပ်လား ပက်ကျိလားမသိမို့ သီချင်းတအေးအေးနဲ့ သွားနေပါပြီကော။
 
တကယ်ကို မျှော်လင့်အားထားနေကြရတဲ့ တို့မမ။ တို့တင်မကပါဘူး အနိုင်နိုင်ငံကပါ သူ့ကိုသာ ခေါင်းဆောင်ထားပြီး နိုင်ငံကိုအပ်ချင်ရစေချင်နေကြတာပါ။ တို့အားလုံးက ခေါင်းဆောင်သတ်မှတ်ချင်တဲ့ တို့မမကို တစ်ခုတော့ သတိပေးချင်ပါတယ်။ သူက သူ့အဖေ ရဲ့သားတပည့်တွေမို့ လေးစားချစ်ခင်နေဆဲပါ။ ဒီမှာ သူတို့သူ့အဖေရဲ့ သားတပည့်တွေ ဟုတ်သေးရဲ့လားဆိုတာ စဉ်းစားစေချင်တာပါ။ တို့ရဲ့ကျေးဇူးရှင်ခေါင်းဆောင်ကြီးကို ဘာပြုလို့ သူတို့သမိုင်းက ဖျောက်ချင်ကြရတာလဲ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ ခုခေါင်းဆောင်ကြီး နှစ်တစ်ရာမွေးနေ့ကို တစ်တိုင်းပြည်လုံး အုန်းကျွတ်ထအောင်လုပ်နေပြီး ရုပ်တုအမျိုးမျိုး ထူထောင်ဖို့ လုပ်နေကြတာ ဘယ်နေရာမှ ထားခွင့်မပြုလို့ ထားစရာမရှိဖြစ်နေကြရလေရဲ့။
 
စိုးရိမ်မိတာကတော့ ဗိမ္ဗိသာရဘုရင်လို သူ့ကိုသတ်မယ့်သား မွေးဖြစ်အောင် မွေးပေးခဲ့တဲ့အတွက် နောင်တတောင်ကောင်းကောင်း ရမသွားပါဘူး။ ၂၀၁၅ ဒီမိုလမ်းခရီး က ရေရာသေချာပြီးလား၊ မှုန်ဝါးဝါးလေးသာပါပဲလား။ အနိုင်နိုင်ငံ မျက်နှာစာမှာကတော့ ဟုတ်တုတ်တုတ်ပါပဲ။ ဉာဏ်နီဉာဏ်နက်များတဲ့ သူတို့ဉာဏ် ဘယ်လိုလိုက်နိုင်ကြမှာလဲ။ ရှုံးမယ်ဆိုတာ ရာခိုင်နှုန်းပြည့်ရှိတဲ့အနေအထားမှာ သူတို့ဘယ်လိုများ သဘောထားကြီးကြီး မေတ္တာထွားထွားထားပြီး လွှဲပေးကြမှာလဲ။ တို့ခေါင်းဆောင်မမထက် ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ မေတ္တာစေတနာ သီလ ပညာ ဘယ်လိုယှဉ်မှာလဲ။ ဒါပေမဲ့ တစ်ပိုင်း တစ်စများပဲလား။ နောက်နားမှာပဲလား။ အပြတ်တော့ ငြင်းဖို့ ခက်ခက်ပါဗျာ။
 
ကံကောင်းပါပြီ။ ၂၀၁၅ မှာ  ပြည့်ဝချမ်းသာ ရှိလာကြပါပြီတဲ့။ ၂၀၁၆ ခုနှစ်မှာရှိနေပေမယ့် “တို့လူလေးများဆိုသလေ စီမံကိန်း” လက်ဆောင်ထားခဲ့ပြီလေ။ ခုလွှတ်တော်မှာ ဘယ်သူတွေလဲ။ သူတို့ဇာတ်သိမ်းသွားပြီဆိုပါတော့။
 
(၁) ဌာနအားလုံးမှာက အတွင်းဝန်များ။ သူတို့ ဘယ်သူတွေပါလဲ။
(၂) ဌာနအကြီးအကဲအားလုံး ရာခိုင်နှုန်း ၈၀/၉၀ ဘယ်သူတွေလဲ။
(၃) ဌာနအုပ်ချုပ်သူများအားလုံးလောက် ဘယ်သူတို့ရှိနေပြီလဲ။
(၄) ဌာနအရာရှိကြီးများ၊ ရာခိုင်နှုန်း ၅၀ မက ဘယ်သူတွေလဲ။
(၅) အရာရှိငယ်များပါမည်မျှ အပြင်လူများ ရောက်နေပြီလဲ။
 
ဘယ်သူ့ကိုမှ တင်ပြဖို့မလို ဘယ်သ့ူကို မှ ခွင့်တောင်းဖို့မလို အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ခုဘယ်သူတွေများပါလဲ။ အဲဒီလူတွေ ဒီဌာနလုပ်ငန်းတွေလုပ်ဖို့ မဟုတ်ပါဘူး။ သူတို့အမိန့်ပေးလိုက်ရင် အမိန့်အတိုင်းသာလုပ်မယ့် လူတွေပဲမဟုတ်လား။
 
နှစ်ပေါင်း ၂၀ လောက် တစ်နှစ် လေး ငါးထောင်မက သူတို့စိတ်ကြိုက် သင်တန်းပေးပြီး နှစ်တိုင်းထုတ်နေတာ။ ဘယ်သူမှသိဖို့ ခွင့်ပြုဖို့ မလိုပါဘူး။
 
ခုလွှတ်တော်ထဲမှာ ဘယ်လောက်လဲ၊ ရွေးကောက်ပွဲအုပ်ချုပ်ရေးမှူးများ ဘယ်လောက်လဲ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများ နိုင်ငံခြားပညာတော်သင်များ ဘွဲ့လွန်ပညာ ဆည်းပူးနေသူဘယ်လောက်လဲ။ ပိုလျှံလို့ အပြင်အလုပ် ဆိုင်ကယ်မှောင်ခို၊ မြေပွဲစားကအစ ဘယ်သူတွေ တွင်ကျယ်လုပ်စားနေကြတာအပြည့်။ အောက်လက်ငယ်သား၊ ရှားမှရှားဖြစ်နေချိန်အရာရှိတွေ ပေါလိုက်များမှ များပါ။ ဆရာကြီးတို့ ပတ်သက်သူတွေပါဗျာ။ လစာနှစ်မျိုးမစားရ ဥပဒေရှိပေမယ့် ဒီဥပဒေ အရာရောက်ဟန်မတူပါဘူး။ ဆရာကြီးတို့ ဆရာကြီးတို့ တို့လူလေးများဆိုသလေးတိုင်ပြီး ၂၀၁၆ အရောက်ဆက်လက် ဒုက္ခပေးနိုင်သလောက် ဆက်လက်ပေးကြဦးမှာလားလို့ စဉ်းစားမိတာ မမှားဘူးထင်ပါတယ်။ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ကိုင်ထားလိုက်ပြီလို့ ပြောတာလွန်မယ် မထင်ပါဘူး။ 
 
ည ည တခြားအလုပ်ဘာမှမရှိ။ တီဗွီ မှာထိုင် တရားလိုင်းကြည့်ရင်း တွေးမိတာလေးတွေတော့ တင်ပြချင်ပါရဲ့။
 
(က) အာသောက ရက်စက်လိုက်ပုံ၊ ညီနောင် “၉၉” ပါ သတ်၊ နန်းတက်။ တစ်ရာ့တစ်ပါး တိုင်းပြည်မင်းတွေ တိုက်သိမ်း၊ နောက်ဆုံးတော့ သတ်တာတွေ သံဝေဂရပြီး ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီးဖြစ်ခဲ့ပါတယ်။ မေတ္တာမျက်စိမြင်ခဲ့တာပါ။
 
(ခ) ဇာတ်ကြီး “၁၀” ပွဲက တေမိမင်း- မင်း အဖြစ်ကြောက်လွန်းလို့
 
(ဂ) ဝေဿန္တရာ မင်းမြတ်တိုင်းပြည်တစ်ခု ပြည်သူတွေ မိုးခေါင်ငတ်မွတ်နေကြလို့ ဆင်ဖြူတော်စွန့်လိုက်ပြီး ထီးနန်းကကျေကျေနပ်နပ် ဝမ်းပန်းတသာ ဆင်းပေးခဲ့။
 
ဗုဒ္ဓဘာသာဝင်လူများအတွက် ပြည်သူ ပြည်သားတိုင်းပြည်အတွက် ဘာများခက်ခဲနေကြမှာလဲဗျာ။