သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော ပြည်သူ

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော ပြည်သူ
Published 4 June 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

မိမိတို့ မြန်မာပြည်သူ သန်း ၅၀ ကျော်တို့ အားလုံးပြေပြေလည်လည် ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်ရှိဖို့ အတွက်ဆိုရင် သန့်ရှင်းသောအစိုးရ (ညစ်ပတ်သောအစိုးရ မဖြစ်ရဘူး)၊ ကောင်းမွန်သောပြည်သူနဲ့ ပြည်ထောင်စုကို တည်ဆောက်ရပါမယ်။ ဒီအတွက် ဘာလိုလဲဆိုရင် ဘုရားဟောကြား ဂါရဝတရား ဆယ်ပါးထဲက အညမညဂါရဝဆိုတဲ့ အချင်းချင်း အပြန်အလှန် လေးစားသမှုရှိဖို့ လိုတယ်။
အစိုးရလုပ်တဲ့ သူတွေဟာ ပြည်သူကို မိဘသဖွယ် လေးစားရမယ်။ ပြည်သူကို လေးစားရင် ပြည်သူတို့ရဲ့ အခွင့်အရေး (လူ့အခွင့်အရေး) ကိုလည်း လေးစားတော့မှာပဲ။ အစိုးရကသာ ပြည်သူ၊ လူနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့အစိုးရဖြစ်ခဲ့ရင် အခု မြန်မာပြည်ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်း အားလုံးဟာ ပြေလည်သွားမှာ သေချာပါတယ်။
ဒီမိုကရေစီဆိုတာ လူကိုလေးစားရမည်ဆိုတဲ့ ဝါဒနဲ့အညီ နေထိုင်ရခြင်းပါပဲ။ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ရင် လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ၊ ဆန်ကို စားသူပဲဖြစ်စေ၊ ဂျုံကို စားသူပဲဖြစ်စေ၊ အဘယ်ဘာသာကို ကိုးကွယ်ယုံကြည်သူပဲဖြစ်စေ လူဆိုတာ အတူတူပါပဲ။ လူလူချင်း ဘယ်သူ့ဘယ်သူ့ကိုမှ မထီလေးစား မပြုအပ်ဘူး။ လူမှန်ရင် တန်ဖိုးထားလေး စားရမယ်ဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။
လူသားတို့ စုပေါင်းနေထိုင်ရာနိုင်ငံဆိုတာ တစ်ဦးတစ်ယောက် တစ်ဂိုဏ်းတစ်ဖွဲ့ ကပိုင်တဲ့ ပုဂ္ဂလိကပိုင်ပစ္စည်း မဟုတ်ဘူး။ မှီတင်းနေထိုင်သူ နိုင်ငံသားအားလုံးပိုင်ဆိုင်တဲ့ အားလုံးအမွေဆိုင် သံဃိကပစ္စည်းပဲ။ ဒီမိုကရေစီနိုင်ငံဆိုတာ နိုင်ငံသားတို့က နိုင်ငံ ပိုင်ရှင်ပဲ၊ နိုင်ငံသားတို့ကသာ အာဏာပိုင်ဆိုတာ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြဝန်ခံထားရတယ်။ ဒီမိုကရေစီဝါဒဆိုတာ အစိုးရလုပ်သူက သူထင်ရာ သူလုပ်ချင်သလို လုပ်လို့မရဘူး။ ပြည်သူက စေခိုင်းတာကိုပဲ လုပ်ရမယ်။ အစိုးရဆိုတာ နိုင်ငံကို ပြုစုစောင့်ရှောက်ရမယ့် နိုင်ငံသားတို့ရဲ့ အစေခံအဖွဲ့၊ ပြည်သူ့အစေခံ အဖွဲ့ပါပဲ။
ဒီမိုကရေစီနိုင်ငံက အကြီးအကဲတွေဟာ သူတို့ကိုယ်သူတို့ အာဏာပိုင်လို့ မယူဆကြဘူး၊ ပြည့်စေခံချုပ်လို့သာ မှတ်ယူကြတယ်။ ဒီမိုကရေစီနိုင်ငံမှာ မေတ္တာနဲ့လုပ်ရင် အားလုံးပြီးနိုင်တယ်။ အဲဒီလိုပြီးနိုင်အောင်လည်း ဒီမိုကရေစီက စီစဉ်ပေးထားတယ်။ အာဏာဆိုတာ လူကိုဖျက်ဆီးတတ်တဲ့ သဘောရှိတယ်၊ အာဏာသေးရင် နည်းနည်းဖျက်ဆီးတတ်တယ်၊ အာဏာကြီးရင် များများဖျက်ဆီးတတ်တယ်။
ဒါကြောင့် ဒီမိုကရေစီက ဘယ်သူကိုမှ အာဏာအမြဲပေးမထားဘူး။ ဘယ်လောက်ပင်တော်တဲ့၊ ကောင်းတဲ့လူဖြစ်စေ ရာသက်ပန်အာဏာ အပ်နှင်းမထားဘူး။ လူနဲ့လူ့အခွင့်အရေးကို လေးစားခြင်းဟာ ဒီမိုကရေစီရဲ့ ရေသောက်မြစ်ပါပဲ။ လောကမှာ အဖိုးမတန်၊ အသုံးမကျတဲ့ လူဆိုတာ မရှိဘူး။ လူတိုင်းဟာ လေးစားအပ်၊ မြတ်နိုးအပ်တဲ့ သူချည်းပါပဲ။ ဒီမိုကရေစီမရှိတဲ့ နေရာတွေမှာ လူအများစုဟာ လူ့ဘဝရနေကြပါလျက် လူစာရင်းမပေါက်ဘဲ တိမ်မြုပ်သိမ်ငယ်နေကြရတယ်။ လူဖြစ်လျက် လူစာရင်း ပျောက်နေတာကို ဒီမိုကရေစီက လက်မခံဘူး။
အချုပ်ကတော့ လူနဲ့လူ့အခွင့်အရေးကို လေးစားရခြင်းဟာ ဒီမိုရေစီရဲ့ အသက်ဝိညာဉ်ပါပဲ။ ဒီမိုကရေစီဆိုတာ စေတစ်လုံးကိုသုံးတဲ့ အာဏာပြဝါဒ မဟုတ်ဘူး။ နားချခြင်း၊ ဖျောင့်ဖျခြင်းကို အားကိုးတဲ့ မေတ္တာဝါဒပါ။ ဒီမိုကရေစီရဲ့အဓိက အလုပ်တာဝန်မှာ ပြည်သူတွေကို အကြားအမြင် ဗဟုသုတ များနိုင်သမျှ များအောင် စီမံပေးရပါတယ်။ လူတွေ တွေဝေမိုက်မဲတဲ့ နေရာမှာ ဒီမိုကရေစီမရှိနိုင်ဘူး၊ ဒီမိုကရေစီရှိတဲ့ နေရာမှာလည်း လူတွေ တွေေ၀ မိုက်မဲနေလို့မရပါဘူး။ ရေမရတဲ့ ပန်းပင်များဟာ မရှင်သန်နိုင်သလို အသိဉာဏ်မရှိတဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ မရှင်သန်နိုင်ဘူး။
ဒီမိုကရေစီရရှိနိုင်ဖို့ ရရှိပြီးနောက် ဆက်လက်တည်မြဲနိုင်ဖို့အတွက် သတင်းဖြန့်ဝေမှု မီဒီယာကဏ္ဍဟာ အရေအကြီးဆုံးပဲ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ သဘင်လောကတစ်ခုလုံး ဟုတ်ရာမှန်ရာကိုပြောကြဖို့ ဒီမိုကရေစီက အားပေးတယ်။ မီဒီယာလောကကို ဘာကို ရေးပါ၊ ဘာကို မရေးပါနဲ့လို့ ဒီမိုကရေစီက ပိတ်ပင်ဟန့်တားတာ မရှိဘူး။ ဒီမိုကရေစီက အမှန်ကို ရေးတာ၊ အမှန်ကိုဝေဖန်တာကို အထူးနှစ်သက် မြတ်နိုးတယ်။ ဒီမိုကရေစီနိုင်ငံမှာ သတင်းစာ အယ်ဒီတာတွေ ထောင်ချခံရတယ်ဆိုတာမျိုး မရှိဘူး။ ဒီမိုကရေစီကို အမှန်တကယ် လိုချင်တယ်ဆိုရင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပိတ်ပင်လို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုတာ ဒီမိုကရေစီရဲ့ ဝင်သက် ထွက်သက် ဖြစ်နေလို့ပဲ။
လွတ်လပ်စွာနှီးနှော ဖလှယ်ခွင့်မရှိက အကြံဉာဏ်နှီးနှော ဖလှယ်ခွင့်မရလို့ အမှန်တရားက ခေါင်းပြူလို့ မရနိုင်ဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်ကသာ ဒီမိုကရေစီလမ်းမကြီးဖြစ်လို့ အမှန်တရားက အသက်ရှူနိုင်တယ်။ ဒီမိုကရေစီနိုင်ငံများမှာ လွတ်လပ်စွာပြောဆိုခွင့် လမ်းမကြီးကို ပြည်သူတွေ ဥဒဟိုအသုံးပြုနိုင်ဖို့ အမြဲတစေ ဖွင့်ပြီးတော့ထားတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရက ပဓာနမဟုတ်ဘူး၊ ပြည်သူသာ ပဓာနပဲ။ ပြည်သူတွေရဲ့ဆန္ဒကသာ အချုပ်အခြာပဓာနမို့ အခိုက်အတန့်သာ အာဏာလက်ကိုင်ရှိတဲ့ အစိုးရ (ပြည်စေခံ) အဖွဲ့ကို ပြည်သူက ကြိုက်သလို ဝေဖန်ပိုင်ခွင့်ရှိတယ်။
ဒီမိုကရေစီဆိုတာ တစ်နည်းအားဖြင့် ပြည်သူအများရဲ့ နာမည်တစ်မျိုးပင်ဖြစ်လို့ ပြည်သူအများ ကောင်းကြမှသာ ဒီမိုကရေစီကလည်း ကောင်းနိုင်မယ်။ အစိုးရကလည်း ခွင်ရှာတဲ့အစိုးရ၊ ပြည်သူကလည်း ခွင်ရှာတဲ့ ပြည်သူအားလုံးက ခွင်သမားတွေဖြစ်နေရင် ဒီမိုကရေစီကလည်း ခွင်ဒီမိုကရေစီသာ ဖြစ်မယ်။ ဒီမိုကရေစီဟာ ပြည်သူတွေ ကောင်းသလောက်ပဲ ကောင်းနိုင်မယ်၊ ပြည်သူတွေ အားရှိသလောက်ပဲ အားရှိနိုင်မယ်။ လောကမှာ တာဝန်မရှိတဲ့ လွတ်လပ်မှုမျိုးရယ်လို့ မရှိဘူး။ ဒါကြောင့် လွတ်လပ်တဲ့သူအဖြစ်နဲ့ နေလိုသူတွေဟာ စည်းကမ်းကောင်းကြရမယ်။
ဒီမိုကရေစီနိုင်ငံမှာ ဥပဒေဆိုတာ ပြည်သူတွေ ကောင်းကျိုးအတွက် ပြည်သူတွေ သဘောတူပြုလုပ် ရေးဆွဲထားတဲ့ စည်းကမ်းသတ်မှတ်ချက်ပါပဲ။ ပြည်သူ့ကောင်းကျိုး စီးပွားမပါတဲ့ ဥပဒေဟာ ဥပဒေမဟုတ်ဘူး။ အာဏာရှင်တို့ရဲ့ လက်သုံးတော် သံလျက်ပဲ။ ဒီမိုကရေစီနိုင်ငံမှာ ဥပဒေကို မရိုသေသူဟာ မိမိကိုယ်ကို မရိုသေသူပဲ။ ဥပဒေကိုဖျက်သူ ဟာကိုယ့်ကိုယ်ကိုယ် ဖျက်သူပဲ။ တရားသူကြီးကို လာဘ်ထိုးသူဟာလည်း ဒီမိုကရေစီကို ဖျက်သူပဲ။ လာဘ်စားတဲ့တရားသူကြီးက လည်း ဒီမိုကရေစီကို ဖျက်သူပဲ။ ဒီမိုကရေစီ နိုင်ငံက ဥပဒေဆိုတာ ပြည်သူတွေရဲ့အလို ဆန္ဒကို အများကျင့်သုံးနိုင်ဖို့ အက္ခရာတင်ထားတဲ့ ကိုယ်ကျင့်တရားပါပဲ။ ဒီမိုကရေစီဆိုတာ ပြည်သူကို မနှီးနှောမတိုင်ပင်ဘဲ၊ ပြည် သူအများရဲ့သဘောတူညီချက်မပါဘဲ အ ဘယ်မျှသင့်လျော် ကောင်းမြတ်တဲ့ ကိစ္စပင် ဖြစ်ပါစေ မလုပ်ကောင်းဘူးလို့ဆိုတယ်။
မဲဆန္ဒရှင်ပြည်သူ အများဟာ မိမိတို့သည် အချုပ်အခြာအာဏာပိုင် ဖြစ်သဖြင့် ထိုအာဏာအနက်မှ တစ်စိတ်တစ်ဒေသကို အရွေးချယ်ခံသူတစ်ဦးကို လွှဲပေးတော့မယ်လို့ လူသိရှင်ကြား ကြေညာခြင်းပါပဲ။
ပြည်သူဟာ မိမိတို့ကိုယ်တိုင်က ဒီမိုကရေစီနဲ့ တန်အောင်လုပ်ကြမှသာ ဒီမိုကရေစီက ရနိုင်တယ်။ ဒီမိုကရေစီကို လိုချင်ရင်ရနိုင်တဲ့ တာဝန်ဝတ္တရားတွေကို စိတ်အားထက်သန်စွာ လုပ်ကြရလိမ့်မယ်။ ဒီမိုကရေစီ ပေါ်လာခြင်းမှာ ပြည်သူအများ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်ဖို့အတွက် ပေါ်လာခြင်းပါပဲ။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်နဲ့ တာဝန်မှာ ပြည်သူတွေ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ လူမှုကိစ္စအဖုံဖုံ ပြည့်စုံအောင် ဖန်တီးပေးဖို့ပါပဲ။
ဒီမိုကရေစီက အစစအရာရာ အဆင်ပြေမှုတွေကို အိမ်တိုင်ရာရောက် လာပို့မှာ မဟုတ်ပေမဲ့ အားလုံးအဆင်ပြေအောင် ဖန်တီးပေးဖို့ကို တာဝန်ယူပါတယ်။
ဒီမိုကရေစီနိုင်ငံမှာ အစိုးရကောင်း၊ မကောင်းသိချင်ရင် အစိုးရလုပ်သူများ ပြည်သူတွေရဲ့ အလိုဆန္ဒကို ကျိုးနွံစွာနာခံခြင်း ရှိ၊ မရှိနဲ့ ပြည်သူတွေဘ၀ သာယာဝပြောအောင် လုပ်ပေး၊ မပေး၊ ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိအောင် လုပ်ပေး၊ မပေးဆိုတာကိုပဲ ကြည့်ရမယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။ ပြည်သူက မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို စိတ်မဝင်စားရင် ဒီမိုကရေစီ ပျက်စီးတတ်တယ်။
ဂရိပညာရှိကြီး အရစ္စတိုတယ်က “လူသည် နိုင်ငံရေးသတ္တဝါဖြစ်သည်၊ နိုင်ငံရေးတွင် စိတ်မဝင်စားသူသည် နတ်သော်လည်း ဖြစ်ရမည်၊ နွားသော်လည်း ဖြစ်ရမည်၊ လူမဟုတ်နိုင်” လို့ ဆိုခဲ့တယ်။ နိုင်ငံရေးဆိုတာ ပြည်သူတွေ စားဝတ်နေရေးပြည့်စုံမှု၊ အလုပ်အကိုင်အဆင်ပြေမှု၊ ကိုယ်စိတ်ချမ်းသာစွာ နေနိုင်မှုစတာတွေပါပဲ။ ဒါကြောင့် နိုင်ငံသားတိုင်းဟာ နိုင်ငံရေးကို စိတ်မဝင်စားလို့ မရဘူး။ စိတ်မဝင်စားဘဲနေခဲ့ရင် မသမာသူတွေ အစိုးရဖြစ်ပြီး ဒုက္ခရောက်ဖို့သာရှိတယ်။
ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုတဲ့အတိုင်း ဒီမိုကရေစီကို အလိုရှိရင်ရနိုင်တဲ့ နည်းလမ်းတွေကို မိမိတို့ကိုယ်တိုင် ကြိုးစားကြရမယ်။ သူများကတော့ မိမိတို့အတွက် ဒီမိုကရေစီကိုလာပြီး ပေးကမ်းစွန့်ကြဲမှာ မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ပေးပါ၊ ကမ်းပါ၊ သနားပါ၊ ကယ်မပါလို့ လက်ဝါးဖြန့်တောင်းလို့ ရကောင်းတဲ့ အရာမဟုတ်ဘူ။ ပြည်သူတွေ တကယ်အလို ရှိလာတဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒတန်ခိုး ပြင်းထန်မှုရှိမှ ရနိုင်တဲ့အရာဖြစ်တယ်။
ဒီမိုကရေစီ အစစ်အမှန် မရှိသေးသ၍ သန့်ရှင်းသောအစိုးရ မရှိနိုင်ဘူး။ ညစ်ပတ်သော အစိုးရပဲရှိမယ်။ ဒီမိုကရေစီ အပြည့်အ၀ မရသေးသ၍ စိတ်ဓာတ်ကောင်း၊ စည်းကမ်းကောင်း၊ အကျင့်ကောင်း၊ အလုပ်အကိုင်ကောင်း၊ စီးပွားရေးကောင်းတဲ့ ကောင်းမွန်သောပြည်သူ မဖြစ်နိုင်ဘူး။
ဒီမိုကရေစီ ဘုံဗိမာန်အောက်မှာသာ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော ပြည်သူကို တွေ့ရှိနိုင်တယ်။ ဒါ့ကြောင့် ပြည်သူ့ဆန္ဒအမှန်ကို ဖော်ဆောင်နိုင်သော ဒီမိုကရေစီနည်းကျကျ အစိုးရဖြစ်အောင် အားထုတ်၍ သန့်ရှင်းသော အစိုးရ ဖြစ်ပါစေ။ ဒီမိုကရေစီကို အကောင်အထည်ဖော်နိုင် အရယူနိုင်ကြ၍ ကောင်းမွန်သော ပြည်သူဖြစ်ပါစေ။ ။
စာကိုး - သခင်ဘသောင်း၏ ဒီမိုကရေစီ ဆိုတာ

Most Read

Most Recent