ရန်ကုန်မြို့ပြအကျိုးအတွက် ထပ်ထိုးလိုက်သည့် ခေါင်းလောင်းသံ

ရန်ကုန်မြို့ပြအကျိုးအတွက် ထပ်ထိုးလိုက်သည့် ခေါင်းလောင်းသံ
Published 4 June 2015
ကျော်ဦး

“မိုးရွာရင် မိုးရေချိုးမယ်” ဟု အော်ဟစ်ကာ သီဆိုမြူးထူး ပျော်ပါးနေသော ကလေးတို့ကိုကြည့်၍ လူကြီးတို့ပါ စိတ်လက်ကြည်နူးရခြင်းကို ရန်ကုန်တွင် အတွေ့ရနည်းလာပြီဖြစ်သည်။ ကလေးကစားကွင်းများ၊ ရပ်ကွက်တွင်းပန်းခြံများ၏ နေရာတွင် အဆောက်အအုံများ၊ ကွန်ကရစ်ပြင်များ ရောက်လာသည့်အတွက် ကလေးတို့ ဆော့ကစားနိုင်သည့် နေရာပျောက်ပြီး လူကြီးတို့ကမူ အိမ်ထဲသို့ ရေဝင်လာတော့မလားဟု ရင်တမမဖြင့် စိုးရိမ်တကြီး “ရေကင်းစောင့်” ကြရသည့် ဘဝသို့ ရောက်နေသည်။
လက်ရှိရန်ကုန်လမ်းများ၊ မိလ္လာစွန့်စနစ်နှင့် ရေထုတ်မြောင်းများကို လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် ကတည်းက စတင်အကွက်ချ တည်ဆောက်ခဲ့သည်။ စနစ်ကျသော အင်ဂျင်နီယာတို့၏ လုပ်ထုံးလုပ်နည်းနှင့်အညီ တည်ဆောက်ပြီးစီးသည်မှ နောင်နှစ်ပေါင်း ၅၀၊ ၆၀ ကြာသည့်တိုင်အောင် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ မည်သည့်နေရာတွင် မည်မျှမြင့်သည့် တိုက်တာအဆောက်အအုံများရှိပြီး လူမည်မျှနေ၍ ရေမည်မျှသုံးကာ ရေဆိုးမည်မျှထွက်မည်၊ ရေများကို မည်သို့ပေးဝေပြီး ရေဆိုးများကို မည်သို့ထုတ်မည်စသဖြင့် ကြိုတင်တွက်ဆကာ စနစ်တကျ အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ ယင်းသို့လုပ်ဆောင်ခဲ့၍လည်း တည်ဆောက်ပြီး နှစ်ပေါင်း ၅၀ ကျော်အထိ အခက်အခဲ ပြဿနာကြီးကြီးမားမား မရှိခဲ့ကြောင်း ရန်ကုန်နေလူထုအများ ကိုယ်တွေ့သိရှိပြီး ဖြစ်သည်။
ရန်ကုန်မြို့လယ် မိလ္လာစွန့်စနစ်သည် သက်တမ်းများစွာ ကျော်လွန်၍ အိုမင်းနေပြီ ဖြစ်သော်လည်း ဇီဝိန်ချုပ်ခွင့်မရသေးဘဲ ဝန်ဆောင်မှု ပေးနေရဆဲဖြစ်သည်။ ယင်းစနစ်ကို တည်ဆောက်ခဲ့စဉ်က လူဦးရေ ၄၀၀၀၀ ခန့်မှထွက်သော မိလ္လာများကို သယ်ယူစွန့်ပစ်ရန် ရည်မှန်းခဲ့သည်။ ယခုအခါ ရည်မှန်းသည်ထက် ဆယ်ဆနီးပါး ပိုလွန်ကာ လူဦးရေ ၃၅၀၀၀၀ ခန့်တို့မှထွက်သော မိလ္လာများကို လက်ခံစွန့်ထုတ် ပေးနေရကြောင်း စည်ပင်၏ “ရန်ကုန်မြို့တော် ရေပေးရေးနှင့် မိလ္လာစနစ် တိုးတက်ကောင်းမွန်ရေးဓ စီမံချက်စာတမ်း၌ ဖော်ပြထားသည်။
ဤအချက်ကို ဂရုမစိုက်ဘဲ မြို့လယ်တစ်ဝိုက်တွင် ခုနစ်ထပ်၊ ရှစ်ထပ်နှင့်အထက် အဆောက်အအုံများကို ဆက်လက်ဆောက်လုပ် နေကြခြင်းသည် သန့်ရှင်းမှုဆိုင်ရာ ပြဿနာပေါင်းစုံကို ဖိတ်ခေါ်နေခြင်းပင်ဖြစ်သည်။ 
မနိုင်ဝန်ထမ်းနေရသော မိလ္လာစွန့် စနစ်သည် လာမည့်နှစ်များတွင် ပို၍သာ အခြေအနေဆိုးလာရန် ရှိနေသည်။ လာမည့် ငါးနှစ်အတွင်း ရန်ကုန်မြို့လယ်၌ တိုးပွားမည့် ရှစ်ထပ်နှင့်အထက်တိုက်ပေါင်း လုံးရေ ၂၀၀ ရှိမည်ဟု ယူဆလျှင် တိုက်တစ်လုံးလျှင် ၁၆ ခန်း၊ လူဦးရေ ၁၀၀ ခန့် နေထိုင်မည် ဖြစ်သည်။ တိုက်သစ် အလုံး ၂၀၀ တွင် နေသည့် လူပေါင်း ၂၀၀၀၀ ခန့်မှ ထွက်လာသော မိလ္လာနှင့် ရေဆိုးများ၏ ပမာဏသည် ဂါလန် ၃၀၀၀၀ ခန့်ရှိသည်။ ဖော်ပြပါ ကိန်းဂဏန်းများမှာ အနည်းဆုံးဖြစ်နိုင်ခြေကိုသာ တွက်ပြထားခြင်းဖြစ်ရာ လက်တွေ့တွင် ယင်းထက်များစွာ ပိုဖို့သာရှိသည်။ ယင်းမိလ္လာနှင့် ရေဆိုးများကိုသက်တမ်းလွန်ပိုက်လိုင်းများ၊ မြောင်းများဖြင့် ပြည်သူ့ကျန်းမာရေး အန္တရာယ်ကင်းကင်း အဆင်ပြေပြေစွန့်ထုတ်ဖို့ ဆိုသည်မှာ အလွန်တရာ မလွယ်ကူသော ကိစ္စဖြစ်သည်။
တိုးချဲ့စွန့်ပစ်နိုင်ရန် ပိုက်လိုင်းများကို ပိုမိုကြီးမားသော အရွယ်အစား၊ ပိုကောင်းသောစနစ်တို့ဖြင့် အစားထိုးရန် လုံလောက်သော ဘတ်ဂျက်ရှိသည့်တိုင်အောင်မှ ကျပ်ညပ်နေပြီဖြစ်သော မြို့တွင်းလမ်းများတွင် အကောင်အထည်ဖော်ရန် များစွာခက်ခဲမည် ဖြစ်သည်။
မိလ္လာစနစ်နည်းတူ ရေထုတ်မြောင်းများသည် မတန်တဆ ဝန်ပိနေကြသည်။ ရန်ကုန်မြို့လယ် ဧရိယာအပြင် ယင်းကို ထိစပ်ဝန်းရံနေသော မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများကို ယခုကပင် ဆိုးရွားစွာခံစားနေကြရာ ထပ်တိုးလာမည့် အဆောက်အအုံနှင့် လူများမှ ထွက်လာမည့် ရေဆိုးများသည် ရေနစ်နေသောသူကို ဝါးကူထိုးသလို ဖြစ်နေမည်။ မိလ္လာနှင့် ရေဆိုးကိစ္စပြီးနောက် ရေပေးရေးကိုစဉ်းစားလျှင် လက်ရှိရန်ကုန်ရေပေးရေး စနစ်တွင်ပါသော လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ၊ ငမိုးရိပ်တို့မှ ကန်ရေများ၊ အဝီစိတွင်းရေများဖြင့် တစ်နေ့လျှင် ရေဂါလန် သန်း ၂၀၀ ကျော်ခန့် ပေးဝေနေကြောင်း သိရသည်။ ရန်ကုန်လူဦးရေကို ငါးသန်းဟု ယူဆလျှင် တစ်ဦးဂါလန် ၄၀ နှုန်းဖြစ်သည်။ တကယ်သာထိုမျှရလျှင် လုံလောက်သော ပမာဏ ဖြစ်သည်။
သို့သော် ပိုက်ပေါက်ခြင်း၊ သုံးစွဲသူအချို့ မဆင်မခြင် ဖြုန်းတီးခြင်း စသည်တို့ကြောင့် ၅၀ ရာခိုင်နှုန်းခန့် လေလွင့်ဆုံးရှုံးပြီး ပေးဝေသည့်ရေပမာဏ၏ ထက်ဝက်ခန့်သာ ရန်ကုန်သားတို့ သုံးနေရသည်ဟု ဆိုသည်။ ဖွံ့ဖြိုးပြီး နိုင်ငံအချို့တွင်ပင် ပေးဝေသောရေ ပမာဏ၏  ရာခိုင်နှုန်း ၄၀ အထိ လေလွင့်ဆုံးရှုံးနေကြောင်း စစ်တမ်းများက ပြဆိုနေရာရန်ကုန်၌ ရေလေလွင့်ဆုံးရှုံးမှု ရာခိုင်နှုန်း ၅၀ သည် များစွာဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့် ကိန်းဂဏန်းများကသာ ရန်ကုန်သားတစ်ဦးတစ်နေ့ ရေဂါလန် ၄၀၊ စုစုပေါင်းရေဂါလန်သန်း ၂၀၀ ရသည်ဟု ပြဆိုသော်လည်း လက်တွေ့တွင်မူ တစ်ဦးတစ်နေ့လျှင် ရေဂါလန် ၂၀ နှုန်း၊ တစ်မြို့လုံးအနေနှင့် တစ်နေ့ဂါလန်သန်း ၁၀၀ ခန့်သာ သုံးစွဲနေရသည်ဟု ဆိုနိုင်သည်။
ဤအခြေအနေမှ လွန်မြောက်ရန်အတွက် ရန်ကုန် စည်ပင်သည် လဂွန်းပြင်၊ တိုးမြစ်၊ ကုက္ကိုဝစသည့် စီမံကိန်းများ၊ အခြားတိုးချဲ့ပြုပြင်ခြင်းများကို ကျပ်ငွေဘီလျံပေါင်း များစွာအပြင် ပြည်ပအကူအညီများနှင့်လည်း ကြိုးပမ်းလုပ်ဆောင်နေသည်။ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်သို့ ရေဂါလန်သန်း၂၅၀ ခန့် ပေးနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
ဤနေရာ၌ သတိပြုသင့်သည်မှာ ရာသီဥတု ပြောင်းလဲမှု၏ဒဏ်ကို ခံရဖွယ်ရှိသော နိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ပိုင်းတွင် ပါဝင်နေသော အချက်ဖြစ်သည်။ နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းလေ့လာ ပြုစုကာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော “မြန်မာ့ရေအရင်းအမြစ် စီမံခန့်ခွဲရေး မဟာဗျူဟာမြောက် လေ့လာချက်” တွင်လည်း မြန်မာ့ရေ အရင်းအမြစ်အပေါ် ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုကို စဉ်းစားရမည်ဟု ဖော်ပြထားသည်။
ရန်ကုန်ရေပေးရေးတွင် အဓိက ပါဝင်နေသော ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် ရေကန်ကြီးများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရေအဝင်နည်းကာ ရေမပြည့်တော့လျှင် မည်သို့လုပ်ဆောင်မည်နည်းဟု မေးလျှင် အတော်အဖြေရခက်သော မေးခွန်းဖြစ်သည်။ အဆိုပါ ကန်ကြီးများသည် မိုးရေရရှိမှုပေါ်တွင် တည်မှီနေရာ မုတ်သုံမိုး သိသာစွာ လျော့နည်းလာနေခြင်းသည် များစွာစိုးရိမ်ဖွယ် ကောင်းသောအချက်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကာလကြာမိုးခေါင်ခဲ့လျှင် ရန်ကုန်ရေရရှိရေးတွင် အခက်အခဲကြီးစွာ ကြုံရဖွယ်ရှိသည်။
ရန်ကုန်တွင် အသစ်ဆောက်မည့် အဆောက်အအုံ စီမံကိန်းများသို့ စည်ပင်ရေ အခြေအနေ အရပ်ရပ်ကြောင့် မပေးနိုင်သေးဟု သိရသည်။ ထိုသို့ဆိုလျှင် စီမံကိန်းပါ အဆောက်အအုံတို့သည် ရေရရှိရေးအတွက် မြေအောက်ရေဘက်သို့ လှည့်ကြမည် ဖြစ်သည်။ ထို့အတူရာသီဥတု အပြောင်းအလဲကြောင့် မိုးခေါင်ကာ ရေကန်ကြီးများ ရေလျော့နည်းလာလျှင်လည်း မြေအောက်ရေကို အားကိုးရမည်။
သို့သော် ရန်ကုန်ဧရိယာ၏ မြေအောက်ရေသည်လည်း အားကိုးလောက်သည့် အခြေအနေတွင် မရှိချေ။ တစ်ချိန်ကရန်ကုန်တွင် အဝီစိတွင်းတူးလိုလျှင် အိုးအိမ်ဦးစီးဌာန၊ မြေအောက်ရေ ကြီးကြပ်ရေးအရာရှိထံ ခွင့်ပြုချက်တောင်းခံပြီးမှ တူးရသည်။ ယင်းဌာနကလည်း တူးဖော်သည့် အဝီစိတွင်းများနှင့် သက်ဆိုင်သော မှတ်တမ်းမှတ်ရာများကို ပြုစုထားသဖြင့် မြေအောက်ရေထုတ်ယူမှုကို သိနိုင်သည်။ နောက်ပိုင်းတွင် ယင်းစနစ် မရှိတော့သဖြင့် ရန်ကုန်၏ မြေအောက်ရေ အတိုးအလျော့ကို စာရင်းဇယားများဖြင့် အတိအကျ မသိနိုင်တော့ချေ။
သို့သော် အဝီစိတွင်းပိုင်ရှင်အချို့ ကိုယ်တွေ့ခံစားနေရသည့် တွင်းရေပြင် တစ်နှစ်ထက်တစ်နှစ် နိမ့်ကျလာနေခြင်း၊ အချို့နေရာများတွင် ရေမမိတော့သဖြင့် တွင်းသစ်ပြန်တူးနေရခြင်း၊ ကမ်းနားနှင့်နီးသော တွင်းအချို့တွင် ရေငန်ဝင်လာနေခြင်းတို့က မြေအောက်ရေပြင် ကျဆင်းလာနေမှုကို ညွှန်ပြနေသည်။
မြေအောက်ရေကို အရှိန်ကောင်းကောင်းနှင့် ထုတ်ယူနေကြချိန်တွင် ကစားကွင်းနှင့် ပန်းခြံများနေရာတွင် အဆောက်အအုံများ ရောက်လာခြင်း၊ သဘာဝမြေသားပေါ်တွင် ကွန်ကရစ်ပြင် ကတ္တရာပြင်များဖြင့် ဖုံးလိုက်ခြင်းတို့က မြေပေါ်ရေများ မြေအောက်သို့ စိမ့်ဝင်မှုကို တားဆီးပိတ်ဆို့ လိုက်ခြင်းဖြင့် မြေအောက်ရေပြင်ကိုပို၍ နိမ့်ကျစေလျက်ရှိသည်။
မြေအောက်ရေထုတ်ယူမှုနှင့် ဆက်စပ်၍ သတိပြုရမည်မှာ မြေလွှာနိမ့်ကျလာမှု ဖြစ်သည်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်နှင့် မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ ပညာရှင်များက ဂြိုဟ်တုနည်းပညာများကို အခြေခံကာ စုပေါင်းပြုစုပြီး ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော “ရန်ကုန်မြေပြင်ရွေ့လျားမှု ဆန်းစစ်ချက်” စာတမ်းတွင် “ဒဂုံတက္ကသိုလ်ဝင်းနှင့် အရှေ့ဒဂုံစက်မှုဇုန်ကြားရှိ မြေထုသည် တစ်နှစ်လျှင် နှစ်လက်မနှုန်း ကျော်ကျော်ဖြင့် နိမ့်ဆင်းလျက်ရှိပြီး ထိုသို့နိမ့်ဆင်းမှု၏  အကြောင်းရင်းသည်  မြေအောက်ရေ အလွန်အကျွံ ထုတ်ယူမှုကြောင့်  ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့၏ အခြားအပိုင်းများတွင်လည်း မြေအောက်ရေထုတ်ယူမှုကြောင့် ယင်းသို့မြေပြင်နိမ့်ကျမှုများ ဖြစ်ပေါ်နေနိုင်သော်လည်း တိကျသော တိုင်းတာမှုများ မရှိသဖြင့် အသေအချာ ပြောရန်ခက်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ယင်းအချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း” စသဖြင့် ဖော်ပြသတိပေးခဲ့သည်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် မြို့တော်အချို့၏ မြေလွှာများသည် မြေအောက်ရေ အထုတ်လွန်သဖြင့် နိမ့်ကျလာခဲ့သည်။ ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများကို ယင်းဖြစ်စဉ်က ပို၍ဆိုးရွားသွား စေသည့်အပြင် အချို့ နေရာများတွင် သမိုင်းဝင်အထင်ကရ အဆောက်အအုံအချို့ပါ နိမ့်ဆင်းလာနေသည်။
ရန်ကုန်မြို့တော်၏ မိလ္လာနှင့်ရေဆိုး စွန့်စနစ်၊ ရေပေးရေးစနစ်တို့သည် အဆမတန် တိုးပွားလာသော အဆောက်အအုံနှင့် လူဦးရေတို့ကြောင့် မနိုင်ဝန်ကို လေးလံစွာ ထမ်းဆောင်နေရသည်ကို လက်ခံအသိအမှတ်ပြုလျက် ရေနှင့်သန့်ရှင်းမှု ပြဿနာကို ဖြေရှင်းရန် စီစဉ်ပြီးမှသာ မြို့လယ်နှင့် မြို့လယ်ကို ထိစပ်ဝန်းရံနေသည့် နေရာများတွင် အထပ်မြင့် အဆောက်အအုံများကို ခွင့်ပြုဖို့ စဉ်းစားသင့်သည်။
လမ်းအခြေအနေကို ကြိုတင်စဉ်းစား ချဲ့ထွင်ခြင်းမပြုဘဲ မော်တော်ယာဉ်များ အလုံးအရင်းနှင့် တင်သွင်းခွင့်ပြုလိုက်၍ အလွန်ဆိုးရွားသော ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်လာခြင်းကို သင်ခန်းစာယူလျက်  ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် အခြားပညာရပ်အသီးသီး၏ ရှုထောင့်မှ သုံးသပ်နေသည့်အတိုင်း ရေပေးရေးနှင့် သန့်ရှင်းရေး ကဏ္ဍမှလည်း အလေးပေး လေ့လာကာ ပုံစံအသစ်ဖြင့် ချဉ်းကပ်အဖြေရှာရမည့် အခြေအနေသို့ ရောက်နေပြီ။

Most Read

Most Recent