World News Media Congress တွင် WAN-IFRA မှ နှစ်စဉ်ပေးအပ်သော ရွှေကလောင်ဆုကို တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသော ဂျာနယ်လစ်များသို့ ပေးအပ်ချီးမြှင့်

World News Media Congress တွင် WAN-IFRA မှ နှစ်စဉ်ပေးအပ်သော ရွှေကလောင်ဆုကို တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသော ဂျာနယ်လစ်များသို့ ပေးအပ်ချီးမြှင့်
Published 3 June 2015
အေသင်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကျင်းပသည့် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့ (WAN-IFRA) ၏ (၆၇) ကြိမ်မြောက် ကမ္ဘာ့သတင်းမီဒီယာ ညီလာခံ (World News Media Congress) ဖွင့်ပွဲ၌ WAN-IFRA မှ နှစ်စဉ်ချီးမြှင့်သော ရွှေကလောင်ဆု (The Golden Pen of Freedom) ကို ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းမှ တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသော ဂျာနယ်လစ်များသို့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအသင်း (WAN-IFRA) အနေဖြင့် ယခုကျင်းပသည့် ကမ္ဘာ့သတင်းမီဒီယာ ညီလာခံကို အမေရိကန်သတင်းစာအသင်း (Newspaper Association of America) နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး ၂၀၁၅ ခုနှစ် ဇွန် ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။၁၉၉၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ သတင်းသမားပေါင်း ၁၂၀၀ ခန့် အသတ်ခံခဲ့ရကြောင်း နယူးယောက်မြို့အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ ခန့်မှန်းမှုတွင် ဖော်ပြထားပြီး ၂၀၁၅ ခုနှစ်အတွင်း သတင်းသမား ၁၆ ဦး အသတ်ခံခဲ့ရကာ ဇန်နဝါရီ ၇ ရက်က ပြင်သစ်အခြေစိုက် Charlie Hebdo သတင်းစာတိုက် ပစ်ခတ်မှု တစ်ခုတည်း၌ပင် သတင်းသမားရှစ်ဦး သေဆုံးခဲ့ရသည်။ကမ္ဘာ့အယ်ဒီတာဖိုရမ်မှ ဥက္ကဋ္ဌဖြစ်သူ မာဆယ်လိုရိချ်က “၁၉၉၂ ခုနှစ်ကနေပြီး ဂျာနယ်လစ် ၁၁၀၀ ကျော်လောက် အသတ်ခံခဲ့ရတယ်။ သူတို့ဟာ အမှန်တရားကို ဖော်ဆောင်ဖို့ ကြိုးစားခဲ့တာကြောင့် အသတ်ခံခဲ့ရတာဖြစ်တယ်။ နိုင်ငံသားတိုင်းဟာ လွတ်လပ်ပွင့်လင်းတဲ့ သတင်းအချက်အလက် ရရှိမှု ရပိုင်ခွင့်နဲ့ ထိုက်တန်ပါတယ်” ဟု ဆိုသည်။ရွှေကလောင်ဆုကို ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့ (WAN-IFRA) က ၁၉၆၁ ခုနှစ်မှစ၍ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အထောက်အပံ့ ဖြစ်စေသော ထူးချွန်သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်ခဲ့သည်။ ၂၀၁၅ ခုနှစ်အတွက် ပေးအပ်သော ရွှေကလောင်ဆုကို ကမ္ဘာတစ်ဝန်းမှ တာဝန်ထမ်းဆောင်ရင်း အသတ်ခံရသော ဂျာနယ်လစ်များသို့ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း WAN-IFRA က ၂၀၁၅ ခုနှစ် မတ် ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ ခန့်မှန်းမှုမှ ထုတ်ပြန်သော အချက်အလက်များအရ ၁၉၉၂ ခုနှစ်မှ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရသော ဂျာနယ်လစ်များထဲတွင် အမေရိကန်နိုင်ငံမှ ဂျာနယ်လစ်ပေါင်း ၉၈၀ ခန့် ပါဝင်ခဲ့ခြင်းဖြစ်ပြီး အီရတ်မှ ၁၆၆ ဦး၊ ဆီးရီယားမှ ၈၀ ဦး၊ ဆိုမာလီယာမှ ၅၆ ဦး၊ ပါကစ္စတန်မှ ၅၆ ဦးနှင့် မက္ကဆီကိုမှ ၃၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။    သို့သော် ဂျာနယ်လစ်များ အသတ်ခံရမှုတွင် ဂျာနယ်လစ် ၁၀ ဦးသေဆုံးရာ၌ တစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍သာ အပြစ်ရှိသူများကို အပြစ်ပေးနိုင်ခဲ့ခြင်းကလည်း ဂျာနယ်လစ်များ၏ လုံခြုံရေးကို ကာကွယ်ပေးမှုတွင် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။မာဆယ်လိုရိချ်က “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရရှိဘဲနဲ့တော့ လွတ်လပ်ခြင်းရှိတယ်လို့ မဆိုနိုင်ဘူး။ ဒီလိုပါပဲ။ အလုပ်လုပ်နေတဲ့ ဂျာနယ်လစ်တွေကို လုံခြုံမှု၊ ကာကွယ်မှု မပေးနိုင်ဘူး ဆိုရင်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိလာမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒီနေရာမှာ ဒီနေ့ ရောက်ရှိပြီး လွတ်လပ်မှုအတွက် ဂုဏ်ပြုနေကြတယ်။ တာဝန်ကျစဉ် အချိန်ကာလအတွင်းမှာ အသက်ပေးခဲ့ရတဲ့ ဂျာနယ်လစ်တွေရဲ့ ကြိုးစားအားထုတ်မှုဟာ ဘယ်တော့မှ အချည်းနှီး မဖြစ်ဘူးဆိုတာကို သက်သေပြဖို့ ရောက်ရှိနေကြတာလည်း ဖြစ်တယ်။ ကျွန်တော်တို့အတွက် အဖြေကတော့ အခုအချိန်နဲ့ အစဉ်ထာဝရ နှစ်ခုစလုံးမှာ မမျှတမှုပုံစံ အားလုံးကို ဖော်ထုတ်ဖို့ သတင်းပညာကို ဆက်ပြီး ပံ့ပိုးမောင်းနှင်သွားမယ်။ ငြိမ်းချမ်းတဲ့၊ လွတ်လပ်တဲ့ ကမ္ဘာတစ်ခုကို ဖော်ဆောင်သွားမယ်” ဟု ရွှေကလောင်ဆုပေးအပ်ပွဲတွင် ပြောကြားသည်။WAN-IFRA မှ ချီးမြှင့်သော လွတ်လပ်ရေးရွှေကလောင်ဆုကို မြန်မာနိုင်ငံမှ သတင်းစာဆရာများအဖြစ် ၁၉၆၃ ခုနှစ်တွင် ဂါးဒီးယန်းဦးစိန်ဝင်း၊ ၂၀၀၁ ခုနှစ်တွင် ဟံသာဝတီ ဦးဝင်းတင်နှင့် သာယာဝတီ စမ်းစမ်းနွဲ့တို့က ပူးတွဲရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ရရှိခဲ့ဖူးသည်။အဆိုပါ ကမ္ဘာ့သတင်းမီဒီယာ ညီလာခံသို့ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ မီဒီယာထုတ်ဝေရေးဆိုင်ရာ တာဝန်ရှိသူများ၊ အယ်ဒီတာချုပ်များနှင့် အခြားသတင်းနယ်ပယ်မှ တက်ရောက်သူများ စုစုပေါင်း ၉၀၀ ကျော် တက်ရောက်ခဲ့ပြီး Eleven Media Group မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။        
Ref:WAN-IFRA 

Most Read

Most Recent