အစဉ်အလာဆိုးတွေကို ချိုးဖျက်ကြရမည်

အစဉ်အလာဆိုးတွေကို ချိုးဖျက်ကြရမည်
Published 3 June 2015
ညီညီစိုးညွန့်

(၂၈)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ စတင်ကျင်းပနေပြီဖြစ်ပြီး မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ရရှိနိုင်တဲ့ အားကစားနည်းတွေကတော့ ဖွင့်ပွဲအခမ်းအနားအပြီး ဇွန် ၆ ရက်မှ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ဆီး ဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ရွှေတံဆိပ် ၈၀ ကျော်ရရှိခဲ့တဲ့ အရှိန်လေးက အခုထိ ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာအားကစားအဖွဲ့ အခုတစ်ကြိမ် လုပ်ပြရမှာက ပြီးခဲ့တဲ့အကြိမ်က ရရှိခဲ့တဲ့ အောင်မြင်မှုကို ရယူပြရမှာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၃၀ ကျော်ကြာ ပြည်ပနိုင်ငံတွေမှာ သွားပြိုင်ရင် ရွှေတံဆိပ် ၂၀ အထက် ပိုမရဘူးဆိုတဲ့ အစဉ်အလာဆိုးကိုပါ။

မြန်မာအားကစားအဖွဲ့ အနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ သုံးကြိမ်ကို ဖယ်လိုက်ရင် မြန်မာ့အားကစား အဆင့်အတန်းကို သုံးသပ်လို့ရပါတယ်။ မြန်မာအားကစား အဖွဲ့တွေအနေနဲ့ ပြည်ပနိုင်ငံတွေမှာ သွားရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေမှာ ရွှေ ၃၀ ကျော် တစ်ခါမှ မရဖူးပါဘူး။ အမြင့်ဆုံးအနေနဲ့ ရွှေ ၂၀ ကျော်သာ ရဖူးပါတယ်။ ၁၉၇၉ ခု နှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေ ၂၆ ခုရရှိပြီးနောက်ပိုင်း မြန်မာအားကစား အဖွဲ့အနေနဲ့ ရွှေဆု ၂၀ နဲ့အထက်ကို ရယူနိုင်ခြင်း မရှိတော့ပါဘူး။ အများဆုံးအနေနဲ့ ရွှေ ၁၉ ခုပဲရခဲ့ပါတယ်။ မြန်မာအားကစားလောက ဘာလို့ ရွှေတွေများများ မရတော့တာလဲဆိုတဲ့ အဖြေကရှင်းပါတယ်။ မြန်မာအသင်းအနေနဲ့ ရွှေဆုတွေ အများကြီးပေးတဲ့ ရေကူး၊ ပြေးခုန်ပစ် အားကစားနည်းတွေမှာ အားမကောင်းပါဘူး။ ပြေးခုန်ပစ်က ရွှေ တစ်ခု၊ နှစ်ခုလောက် ရယူနိုင်ခဲ့ပေမယ့် ရေကူးအားကစားနည်းကတော့ ပြိုင်ပွဲဝင်ဖို့တောင် အနိုင်နိုင်ပါ။ ရေကူးအားကစားနည်းမှာ မိုးသူအောင် အနားယူသွားပြီးနောက်ပိုင်း အားထားရမယ့်သူ မထွက်လာတော့ပါဘူး။ ရေကူးပြိုင်ပွဲမှာက ရွှေဆု ၄၀ အထက်ပေးပါတယ်။ မြန်မာအားကစား အဖွဲ့အနေနဲ့ ရွှေတစ်ခုမှန်းဖို့ထက် ဆုတံဆိပ်တစ်ခု ရယူနိုင်ဖို့တောင် မသေချာတဲ့ အနေအထား ဖြစ်ပါတယ်။ ပြေးခုန်ပစ် အားကစားနည်းလည်း အတူတူပါပဲ။ မျိုးဆက်သစ် ကစားသမား ရှားပါးလာမှုနဲ့အတူ ရွှေတံဆိပ်ရရှိဖို့က တော်တော်လေး လုပ်ယူလာရပါတယ်။ မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေရနိုင်စရာက တာဝေးနဲ့ မာရသွန်လောက်ပဲ ရှိပါတော့တယ်။ လမ်းလျှောက်ပြိုင်ပွဲကလည်း ပြီးခဲ့တဲ့ဆီးဂိမ်းစ်ပြိုင်ပွဲမှာ တားမြစ်ဆေးပြဿနာကြောင့် အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။ မြန်မာ့အားကစား ဘာကြောင့်ကျဆင်း သွားရသလဲဆိုတဲ့ အဖြေက ရှင်းပါတယ်။ မျိုးဆက်သစ်တွေ ထွက်ပေါ်မလာမှုနဲ့ ရေရှည်စီမံကိန်း ဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေ ထွက်ပေါ်နိုင်ဖို့ လူငယ်ပြိုင်ပွဲတွေမရှိဘူး။ ကျောင်းသားပွဲတော်တွေ မလုပ်ဘူး။ ပြိုင်ပွဲတွေကိုလည်း နှစ်စဉ် မလုပ်ဘူး။ လုပ်ချင်ရင်ထလုပ်တယ်။ လုပ်ချင်တဲ့အချိန် ထလုပ်တဲ့ပြိုင်ပွဲကို ကစားသမားတွေ ဘယ်လိုအချိန်တွေမှာ လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ရမလဲ။ ဒါတွေကြောင့်ပဲ ပြိုင်ပွဲဝင်တဲ့သူတွေ တဖြည်းဖြည်း ရှားပါးလာရတာပါ။ ပြေးခုန်ပစ်မှာဆိုရင် အမျိုးသားတံခွန်စိုက် ပြိုင်ပွဲကို မကျင်းပတာ တော်တော်ကြာပါပြီ။ ပြည်တွင်းပြိုင်ပွဲ မရှိရင်တော့ ကစားသမားတွေလည်း ထွက်ပေါ်လာစရာ မရှိပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲတွေကို တစ်ပွဲတိုးဗျုဟာနဲ့ ပြိုင်လာတာ များနေပါပြီ။ ရေရှည်အောင်မြင်ဖို့ မဆောင်ရွက်သ၍ မြန်မာ့အားကစားဟာ ဘယ်တော့မှ ဦးမော့လာမှာ မဟုတ်ပါဘူး။
အခုဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ရဲ့ မျှော်မှန်းရွှေတံဆိပ်က တော်တော်များပါတယ်။ ရွှေ ၅၀ ကျော်မှန်းထားပါတယ်။ ဒါပေမဲ့ ၁၉၇၉ နောက်ပိုင်း မကျော်နိုင်ခဲ့တဲ့ ရွှေ ၂၀ ကျော်အောင်ပဲ လုပ်ကြည့်သင့်ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာ မရယူနိုင်ခဲ့တဲ့ ရွှေ ၂၀ ကျော်အောင်ပဲ လုပ်ရမှာပါ။ ဒီထက်ပိုရခဲ့ရင်တော့ အတိုင်းထက် အလွန်ပါပဲ။ အစဉ်အလာကို ချိုးဖျက်ဖို့ လိုပြီလို့သာ ဆိုချင်ပါတယ်။

Most Read

Most Recent