လူတစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝတွေမှာ တိုးတက်မှုတွေ ရရှိနိုင်စေဖို့ ဒီကနေ့ ဘာကို စတင်လုပ်ဆောင်ရမှာလဲဆိုတဲ့ ဦးစားပေးအဆင့်ကို ရွေးချယ်ကြရတယ်။ အလားတူ မိသားစုဘ၀ တိုးတက်စေဖို့လည်း ဘာကို စတင်လုပ်ဆောင်ရမှာလဲဆိုတဲ့ ဦးစားပေးအဆင့် ရွေးချယ်မှု မှန်ကန်ဖို့ အရေးကြီးတယ်။ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေမှာလည်း အဖွဲ့အစည်း တစ်ခုချင်းအလိုက် ဘာကို ဦးစားပေး လုပ်ဆောင်ရမှာလဲ ဆိုတာကို ရွေးချယ်လုပ်ဆောင်ကြရတယ်။ နိုင်ငံတွေမှာလည်း နိုင်ငံတစ်နိုင်ငံချင်း တိုးတက်လာစေဖို့ ဘာကို စတင်လုပ်ဆောင်ရမှာလဲဆိုတဲ့ ဦးစားပေးအဆင့် မှန်ကန်စွာ ရွေးချယ်လုပ်ဆောင်တတ်ဖို့ အရေးကြီးတယ်။အတိတ်ကာလမှာ မိမိနိုင်ငံရဲ့ ပကတိအခြေအနေကို အတုယူပြီး မိမိနိုင်ငံ တိုးတက်အောင်လုပ်သွားတဲ့ စင်ကာပူနိုင်ငံ၊ မိမိနိုင်ငံရဲ့ ကောင်းမွန်တဲ့စနစ်ကို ကူးယူပြီး မိမိနိုင်ငံ တိုးတက်အောင် လုပ်ဆောင်သွားတဲ့ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံက ဘာသယံဇာတ ပစ္စည်းမှမရှိတဲ့ ကျွန်းနိုင်ငံငယ်လေး။ သို့ပေမဲ့ ခေါင်းဆောင်ကောင်းရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ဦးစားပေးလုပ်ဆောင်မှု မှန်ကန်တဲ့အတွက် တိုးတက်သွားတယ်။ ဂျပန်နိုင်ငံဆိုရင်လည်း ဘာသယံဇာတမှမရှိဘဲ မှန်ကန်တဲ့ ဦးစားပေးအဆင့် ခွဲခြားလုပ်ဆောင်နိုင်တဲ့အတွက် ကမ္ဘာမှာ တိုးတက်တဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် မားမားမတ်မတ် ရပ်နိုင်ခဲ့တယ်။စာရေးသူတို့ နိုင်ငံကတော့ ဦးစားပေးမှု လွဲမှားခဲ့လို့ သဘာဝသယံဇာတတွေ မြေပေါ်မှာရော မြေအောက်မှာပါ အလျှံပယ် ရှိနေပါလျက် ကမ္ဘာ့နိုင်ငံတွေမှာ မကြည့်ပါနဲ့ဦး။ အရှေ့တောင်အာရှ ၁၀ နိုင်ငံမှာတောင်မှ အောက်ဆုံးအဆင့်ကို ရောက်သွားတယ်။ ဒါတွေကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်တတ်ကြဖို့ လိုအပ်တယ်။နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ပထမဦးစားပေး လုပ်ဆောင်ရမှာက ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုတဲ့ အရေးသုံးပါး မြင့်မားအောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်။ လတ်တလောမှာ စာရေးသူတို့ နိုင်ငံရဲ့ ပညာရေး အခြေအနေကို လေ့လာဆန်းစစ်ကြည့်ရင် ဘွဲ့ရပညာမတတ်တွေ များလာနေတယ်။ ဘွဲ့ရအောင်လုပ်တာက လွယ်တယ်။ သို့ပေမဲ့ အမှန်တကယ် တတ်အောင်လုပ်ဖို့က ပိုအဓိကကျတယ်။ပညာရေးအဆင့်အတန်းတွေ နိမ့်ကျအောင် လုပ်ဆောင်ခဲ့တာလည်း မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။ ကျောင်းတွေမှာ ပညာမြင့်မှ လူမျိုးမြင့်မယ်ဆိုတဲ့ ဆောင်ပုဒ်တွေ စာလုံးကြီးတွေနဲ့ အမြင်ကောင်းအောင် ရေးထားပေမယ့် လက်တွေ့ဘဝနဲ့ လွဲချော်နေတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပညာကို အမှန်တကယ် တတ်သိတဲ့ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ များပါမှ နိုင်ငံတိုးတက်နိုင်မှာ ဖြစ်တယ်။ ပညာမတတ်တော့ အတွေးအခေါ်တွေ နိမ့်ကျကုန်တယ်။ ပညာမတတ်တော့ ဘဝရပ်တည်မှုတွေအတွက် ဝမ်းကျောင်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့တာဖြစ်တယ်။ ပညာမတတ်တော့ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု မရှိတော့ဘဲ အကျိုးလိုလို့ ညောင်ရေလောင်းသူတွေနဲ့ တွေတဲ့အခါ သူတို့ခိုင်းတာကို အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုမရှိဘဲ လုပ်ဆောင်ပေးတတ်ကြတယ်။လူတစ်ဦးချင်းမှာ အပျော့စွမ်းရည်ကျွမ်းကျင်မှု (Soft Skills) တစ်နည်း အလုပ်လုပ်နိုင်စေနိုင်တဲ့ ကျွမ်းကျင်မှုတွေ Employ-ability Skills တွေ ပိုင်ဆိုင်စေဖို့ လိုအပ်တယ်။ ရှိသင့်ရှိထိုက်တဲ့ ပညာတွေရှိအောင် လုပ်ပေး၊ သိသင့်သိထိုက်တဲ့ အသိပညာတွေ သိအောင် လုပ်ပေးပါမှ လုပ်ဆောင်ကြတဲ့ အလုပ်တွေမှာ ရလဒ်ကောင်းတွေ ရရှိစေမှာ ဖြစ်တယ်။ ပညာရေးမှာ အခြေခံအဆင့်ကနေ သင်ပုံစနစ်တွေက အတိတ်ပညာရေး စနစ်ကို အဖွင့်ပညာရေး တစ်နည်း ငယ်ရွယ်စဉ်အခါကလည်း အတွေးသစ်တွေ စိတ်ကူးပုံဖော်မှုတွေ ဖြစ်လာစေမယ့် သင်ပုံသင်နည်း စနစ်တွေကို နိုင်ငံတကာက တိုးတက်စေတဲ့ ပုံစံတွေအတိုင်း သင်ကြားပေးကြရမှာ ဖြစ်တယ်။လုပ်ငန်းနေရာတိုင်းမှာ ဦးစားပေးမှုတွေ လွဲမှားနေတဲ့ အထက်တိုးတက်ကောင်းမွန်မှုထက် တိုးတက်ဆုတ်ယုတ်မှုတွေ ဖြစ်နေတယ်။ လူတွေမှာ ကိုယ်ကျိုးရှိမှုတွေ များလာစေတဲ့ မကောင်းတဲ့စိတ်ဓာတ်တွေ ဖြစ်လာကြတယ်။ စနစ်တွေကို လူတွေသတ်မှတ်ပေးတာ ဖန်တီးပေးတာဖြစ်တယ်။ အဲဒီစနစ်တွေကို ပုံဖော်ရာမှာ အများပြည်သူတွေကို မှန်ကန်တဲ့ အသိတွေ ရလာအောင် အသိပညာပေးရမှာက ပထမဦးစားပေး လုပ်ရမယ့်အလုပ် ဖြစ်တယ်။ ပညာပေးမှုတွေက ဦးစားပေးမပိုလုပ်ဘဲ လုပ်လိုရာကိုသာ ဦးစားပေး လုပ်လိုက်တဲ့အတွက် အမှားတွေဖြစ် ဆုံးရှုံးမှုတွေ ဖြစ်လာစေတယ်။ ဥပမာဆိုရရင် စတော့အိတ်ချိန်းဈေးကွက်ကို တည်ထောင်တော့မယ်ဆိုရင် အဓိကကတော့ အများပြည်သူတွေကို စတော့ရှယ်ယာရဲ့ သဘောတရားတွေကို တတ်သိနားလည်အောင် လုပ်ဆောင်ပေးကြရမှာက ပထမ ဦးစားပေး ဖြစ်ပါတယ်။ သို့ပေမဲ့ အဲ့ဒီ လုပ်ဆောင်မှုကို မလုပ်ဘဲ စတော့အိတ်ချိန်းဈေးကွက် ပေါ်ထွက်လာရေး ဦးစားပေးနေတယ်။Securities ဆိုတဲ့ စကားလုံးကို ၂၀၀၂ ခုနှစ်ကတည်းက ဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက် စာအုပ်မှာ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးလို့ ဘာသာပြန်ထားတယ်။ အဲ့ဒီစကားလုံးကို အဓိပ္ပာယ်ဖွင့်လျက် လွဲမှားနေတာကို စာရေးသူက တွေ့ဆုံမှု အင်တာဗျူးတွေ ဆောင်းပါးတွေမှာ အမြဲထည့်ရေးတယ်။ သို့ပေမဲ့ အခုအထိ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေး ဥပဒေအဖြစ် အသုံးပြုနေဆဲဖြစ်တယ်။ SEC လို့ ခေါ်တဲ့ အများပိုင်ကုမ္ပဏီကနေ စာရင်းဝင် အများပိုင် ကုမ္ပဏီတွေအဖြစ် စနစ်တကျ ပြောင်းလဲစေဖို့ ကြားခံလုပ်ဆောင်ပေးရမယ့် Securities Exchange Commission ကိုလည်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်လို့ အမည်ပေးထားတာ ဖတ်ရတယ်။စာရေးသူကိုယ်တိုင် ဟောပြောပွဲတစ်ခုမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးကို Securities ရဲ့ အဓိပ္ပာယ်ဖွင့်ချက်ကို ငွေချေးသက်သေခံလို့ အမည်ပေးထားတာ မှားနေတဲ့အကြောင်း ပြောပြတော့ ကျွန်တော်မှားမှန်း သိပါတယ်လို့ပြောတယ်။ သို့ပေမယ့် မှားတာကို ခုထိ သုံးနေဆဲဖြစ်တယ်။ ဒါကြောင့် ဦးစားပေးအဆင့်တွေ မှန်ကန်ပါမှ နေရာတိုင်းမှာ တိုးတက်မှုရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။










