မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ထိုင်းနိုင်ငံ၏အကြီးဆုံးဘဏ်တစ်ခုဖြစ်သော ဘန်ကောက်ဘဏ်၏ ဘဏ်ခွဲကို နိုင်ငံတကာဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ချိတ်ဆက်လုပ်ကိုင်ရန် ၂၀၁၅ ခုနှစ် ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်လိုက်သည်။ဘန်ကောက်ဘဏ်ကို မ,တည်ငွေရင်း ဒေါ်လာသန်း ၂၀၀ ဖြင့် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး အဆိုပါဘဏ်ခွဲမှ Deposit တင်ပို့ခြင်း၊ လုပ်ငန်းချေးငွေ၊ ကုန်သွယ်မှုဝန်ဆောင်မှုများ၊ ငွေလွှဲခြင်းများအား ပြည့်ဝသော ဘဏ္ဍာရေးဝန်းဆောင်မှုများပေးရန်နှင့် နိုင်ငံခြားငွေကြေး၊ မြန်မာငွေကြေးတို့ကို ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များအတွက် ငွေကြေးလဲလှယ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။"ပြည်တွင်းကကုမ္ပဏီတွေနဲ့ ချိတ်ဆက်မယ့် ထိုင်းကုမ္ပဏီတွေကို ကနဦးဝန်ဆောင်မှုပေးသွားမှာပါ။ ပြည်တွင်းဘဏ်တွေနဲ့လည်း အချင်းချင်းအကူအညီပေးဖို့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်" ဟု ဘန်ကောက်ဘဏ်၏ မြန်မာပြည်ဘဏ်ခွဲမန်နေဂျာ Kanet Buranasin ကပြောကြားသည်။ဘန်ကောက်ဘဏ်နှင့် အချင်းချင်း အပြန်အလှန်ကူညီနိုင်ရန် နားလည်မှုစာချွန်လွှာရေးထိုးထားသော ပြည်တွင်းဘဏ်များတွင် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့ ပါဝင်ကြောင်း သိရသည်။၎င်းဘဏ်က မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် အပြုသဘောဆောင်သော အလားအလာများကို တွေ့ရှိထားသည်ဟုဆိုသည်။"ဘဏ်တိုးနှုန်းကတော့ မြန်မာကျပ်ငွေအတွက် မြန်မာနိုင်ငံဘဏ်တွေအတိုင်း ၁၃ ရာခိုင်နှုန်းပါပဲ။ နိုင်ငံခြားငွေကြေးအတွက်ကတော့ ကန့်သတ်ချက်တွေရှိနေတဲ့အတွက် ချမှတ်ထားတဲ့စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ရမှာဖြစ်ပါတယ်" ဟု Mr. Kanet Buranasin ကဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် အောက်တိုဘာတွင် နိုင်ငံခြားဘဏ်ကိုးဘဏ်ကို အကန့်အသတ်ဖြင့် ဘဏ်လုပ်ငန်းများလုပ်ကိုင်ရန် လိုင်စင်ပေးအပ်ခဲ့ရာ ဘန်ကောက်ဘဏ်မှာ ထိုင်းနိုင်ငံဘဏ်များထဲတွင် လိုင်စင်ရရှိခဲ့သည့် တစ်ခုတည်းသောဘဏ်ဖြစ်သည်။ဘန်ကောက်ဘဏ်ကိုယ်စားလှယ်ရုံးခွဲကို လွန်ခဲ့သည့် နှစ် ၂၀ ဖြစ်သည့် ၁၉၉၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဘဏ်ခွဲတစ်ခုအဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ဘန်ကောက်ဘဏ်ကို ၁၉၄၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဘဏ်ခွဲပေါင်း ၁၂၀၀ နှင့် အခြားနိုင်ငံ ၁၄ ခုတွင် ဘဏ်ခွဲပေါင်း ၃၀ ရှိထားသည်။မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ကိုးဘဏ်ကို လိုင်စင်ပေးအပ်ခဲ့သော်လည်း ဘဏ်လုပ်ငန်းများကို အပြည့်အဝလုပ်ကိုင်ခွင့်မပေးထားဘဲ မြန်မာပြည်သားများကို ငွေချေးရာတွင် ပြည်တွင်းဘဏ်များမှသာ တစ်ဆင့်ချေးပေးရမည်ဟု ကန့်သတ်ထားမှုအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းစတင်ရာတွင် အကြီးမားဆုံးစိန်ခေါ်မှုမှာ ဘဏ္ဍာရေးရရှိရန် ခက်ခဲမှုဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ စစ်တမ်းများ၊ သုတေသနတွေ့ရှိချက်များအရ သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ်ခွဲကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ပြီး နိုင်ငံတကာဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ချိတ်ဆက်လုပ်ကိုင်မည်