(၁)
မြို့မရောက်ခင်ကတော့ ပလက်ဖောင်းဆိုသည်ကို မမြင်ဖူး၊ မကြားဖူးသေး။ မြို့ရောက်ပြီးကာမှ ပလက်ဖောင်းဆိုသော ထိုအရာကို မြင်ဖူး၊ ကြားဖူးရခြင်းဖြစ်သည်။ နောက်ပြီး “ပလက်ဖောင်း” က မြန်မာစကားလုံး မဟုတ်၊ အင်္ဂလိပ်စကားလုံးဖြစ်၏ဆိုသည်ကိုပါ သိလာရသည်။ ရွာတွေမှာတော့ ပလက်ဖောင်းဆိုသောထိုအရာက ရှိမှမရှိသည်ကိုး။ သို့သော်ငြား “ယာခင်းနံဘေးက ကန်သင်းရိုး နှင့် ကားလမ်းနံဘေးက ပလက်ဖောင်းတို့ သဘောသဘာဝခြင်း ခပ်ဆင်ဆင်” ဟုတော့ စိတ်ထဲတွေးမိခဲ့ဖူးသည်။ ထိုအဆိုကိုတော့ဖြင့် မြို့ကြီးသားတွေက သဘောတူချင်မှ တူပါလိမ့်မည်။
“စင်မြင့်” ကိုလည်း ပလက်ဖောင်းဟု ခေါ်သည်။ “မီးရထားစင်္ကကြိုလည်း ပလက်ဖောင်းဟုခေါ်သည်။ ဘတ်စ်ကားစီးခရီးသည်တို့ အတက်အဆင်းပြုရာခြေနင်းခုံကိုလည်း “ပလက်ဖောင်း” ဟုခေါ်သည်။ ထိုမှ တစ်ပါး၊ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတစ်ခုခုက ကြေညာထားသော မူဝါဒလမ်းစဉ်ကိုလည်း “ပလက်ဖောင်း” ဟုခေါ်ဆိုကြောင်း မှတ်သားရဖူးသည်။
ပလက်ဖောင်း၏ ထိုထိုအနက်သွားများစွာတို့တွင် ကားလမ်းမ၏ ဝဲယာနှစ်ဖက်၌ လမ်းပခုံးသား ခပ်မြင့်မြင့်အနေအထားဖြင့် ပြုလုပ်ထားသော၊ လမ်းသွားလမ်းလာအချင်းချင်း ရှောင်သာတိမ်းသာလောက် အောင်အတန်အသင့်ကျယ်ဝန်းသော လူသွားလမ်းသည်သာ မိမိရင်းနှီးကျွမ်းဝင်သော ပလက်ဖောင်းဖြစ်ပါသည်။
(၂)
မိမိတို့ မန္တလေးရောက်စက ယာဉ်တွေကလည်း သည်လောက်မများသေး၊ လူတွေကလည်း သည်လောက်မများသေး၊ မန္တလေး၏ ဟန်ပန်မူရာက အတန်အသင့် ချောင်ချောင်လည်လည်ရှိ၏ဟု ထင်သည်။ ရုပ်ပိုင်းဆိုင်ရာဘက်ကလည်း ချောင်ချိသလို၊ စိတ်ပိုင်းဆိုင်ရာဘက်ကလည်း ချောချောမောမော ပြေပြေပြစ်ပြစ်ရှိပုံရသည်။ နောက်ပြီး ပလက်ဖောင်းတွေကလည်း သွားလမ်းသာ၍ လာလမ်းဖြောင့်သေးသည်။
မိမိအများဆုံးဖြတ်သန်းခဲ့ဖူးသော ပလက်ဖောင်းက (၈၄) လမ်းမကြီး၏ ပလက်ဖောင်းဖြစ်သည်။ မန္တလေးသို့ ရောက်စနှစ်များက အကြောင်းကိစ္စရှိ၍ ဈေးချို၊ဘုရားကြီး စသည်တို့သို့ သွားဖို့အကြောင်းကြုံလာလျှင် (၈၄) လမ်းမကြီးသို့တက်ကာ (ယခု မရှိတော့သော) “တော်ဝင်သံလမ်းမှတ်တိုင်” မှ အမှတ်(၁) ဘတ်စ်ကားကို စောင့်ရသည်။
မန္တလေးဘတ်စ်ကားဆိုသည်က ရန်ကုန်ဘတ်စ်ကားများလို ဟောတစ်စင်း၊ ဟောတစ်စင်း ထိုးဆိုက်လာသော အမျိုးမဟုတ်၊ ကိုယ့်မှတ်တိုင်ရှေ့ ဘတ်စ်ကားတစ်စီးရောက်လာဖို့အရေး အတော်လေးအချိန်ပေးရသည်။ စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံရသည်။ စိတ်လက်မရှည်နိုင်သည့်ကာလမျိုး၌ “ဈေးချို လောက်ကိုတော့ အပျော့” ဟု ပစ္စဝေက္ခဏာ ဆင်ခြင်ကာ ခြေကျင်ပဲလျှောက်ပစ်လိုက်ကြသည်။
မြို့ခံမန္တလေးသားများအနေဖြင့် မန္တလေးဘတ်စ်ကားကို စီးလေ့စီးထ သိပ်မရှိ။ အဝေးနယ်မှ ဘုရားဖူး၊ ဆေးကု၊ ဈေးဝယ်လာကြသူများ၊ ကုန်စိမ်းသည်များနှင့် ပဉ္ဇင်း၊ ကိုရင်အများစုတို့သည်သာ မန္တလေးဘတ်စ်ကားကို စီးကြသည်။ မြို့ခံအများစုက စက်ဘီးတစ်စီးဖြင့် ဖြတ်သွားဖြတ်လာလုပ်ကြသည်။ ကိုယ်ပိုင်ကားစီးသူ အနည်းစုလည်းရှိသည်။
နေဝင်မီးငြှိမ်းချိန်လောက်ရောက်လျှင် ဘတ်စ်ကားတွေကလည်း လုပ်ငန်းခွင်သိမ်းကြပြီ။ ကိုယ်ပိုင်ကားနှင့် စက်ဘီးအများစုလောက်ပဲ လမ်းပေါ်မှာကျန်ရစ်သည်။ မော်တော်ဆိုင်ကယ်ဆိုသည့်အမျိုးကလည်း ယခုလို ဖောချင်း၊ သောချင်းမဟုတ်သေး။ ထိုကာလက ဆိုင်ကယ်တစ်စီးတလေ ဖြတ်မောင်းသွားလျှင်ကိုပဲ အထူးအဆန်းကြီးဖြစ်ကြရသည့်ခေတ်။ မိမိတို့ အားကိုးအားထားပြုရသော စီးတော်ယာဉ်က စောင်းကောက်ဖိနပ် ဖြစ်သည်။ စောင်းကောင်းဖိနပ်သံ တကျွိကျွိဖြင့် ပလက်ဖောင်းတစ်လျှောက် စိတ်တိုင်းကျ လျှောက်တော်မူပေရော့။
(၃)
ဥပုသ်သီတင်းနေ့၊ စာဝါနားသည့်ရက်မျိုး၌ ကျန်းမာရေးအရ လမ်းလျှောက်ခွင့်ကို ဘုန်းတော်ကြီးများကလည်း ခွင့်ပြုထားသည်။ “ရဟန်းတို့၊ လမ်းလျှောက်ခြင်း၏အကျိုးကား ဤငါးမျိုးတို့တည်း” အစချီသော ဘုရားဟောဒေသနာတော်ကလည်း အထင်အရှားရှိခဲ့သည် မဟုတ်ပါလား။ မိမိတို့တိုက်မှ စာချဘုန်းတော်ကြီးအချို့သည်လည်း (၈၄) လမ်းအတိုင်းပင် လမ်းလျှောက်တော်မူလေ့ရှိသည်။
ကိုယ့်ဆရာသမားကို ကိုယ်ကဦးအောင် မြင်မိလျှင် ဤမှာ ဘက်ပလက်ဖောင်းမှသည် ထိုမှာ ဘက်ပလက်ဖောင်းသို့ ခပ်သုတ်သုတ်ကူးရသည်မျိုးလည်း ရှိသေး၏။ မလွှဲသာမရှောင်သာ မျက်နှာချင်းဆိုင်မိကြသော်ကား “လမ်းလျှောက်လားဟေ့” ဆိုလျှင် “မှန်ပါ” ဟု အမြန်ဖြေပြီး နောက်စကားတစ်ခွန်းမလာခင် အသောနှင်ကြရစမြဲတည်း။ ထိုစဉ်ကတော့ ပလက်ဖောင်းတွေကလည်း လျှောက်လို့လှမ်းလို့ အတော်ကောင်းသေးသည်။
သို့သော် အချို့ပလက်ဖောင်းတွေက အပေါက်အပြဲကြီးတွေနှင့်ဖြစ်သည်။ ကျောက်ပြားချပ်ကြီးတွေက ထိုးထိုးထောင်ထောင်။ အချို့နေရာများ၌ လူတစ်ကိုယ်စာ မြောင်းထဲကျသွားနိုင်လောက်အောင် ကွန်ကရစ်ပြားတွေက ပဲ့ရွဲ့ နေတတ်သည်။ ပဲ့ရွဲ့သည့်နေရာကလည်း ချောင်ကြိုချောင်ကြားမဟုတ်၊ လူသွားလူလာများသော (၂၉) လမ်းတစ်ဝိုက် ဖြစ်ချင်ဖြစ်နေတတ်သည်။ ဝါဆိုဦးလောက်ကတည်းက ထိုအပေါက်အပြဲသည် သီတင်းကျွတ်ပြီးနောက် ကထိန်ရာသီရောက်သည့် တိုင်လည်း ထိုအတိုင်းပင် ရှိချင်ရှိနေတတ်ပြန်သည်။ ခုနစ်ရက်သားသမီးတို့အန္တရာယ်တစ် စုံတစ်ရာမကျရောက်စေခြင်းငှာ လူအချို့က ထိုအပေါက်အပြဲကြီးများနေရာ၌ မြောင်းထဲ ဝါးလုံးတစ်ချောင်းစိုက်ပြီး တောင်းစုတ်၊ ပလုံးစုတ်ကို ထိပ်၌အုပ်ပေးထားတတ်ကြသည်။
အချို့က ကျောက်တုံးကျောက်ခဲကြီးများဝန်းရံ၍ သင်္ကေတအဖြစ် ချထားပေးတတ်ကြသည်။ အဓိပ္ပာယ်ကား၊ “သတိ၊ အန္တရာယ်ရှိသည်” ဟူလို။ ဤသည်ပင်လျှင် မန္တလေး၏ ပင်ကိုယ်ပုံရိပ်ဖြစ်တော့သည်။ ထိုမည်သော ပင်ကိုယ်ပုံရိပ်ကြီးကို နိုင်ငံခြားသားတွေများ မြင်သွားလေမည်လား။ ကြားထဲက အလိုလို မျက်နှာပူနေခဲ့ဖူးသည်။ နောက်ပြီး၊ ထိုနေရာက မန္တလေးမြို့ကြီး၏ အသည်းနှလုံးတစ်ခု မဟုတ်ပါလား။
အခုတော့ မန္တလေးက အသည်းနှလုံးတွေအများကြီးနှင့် မြို့ကြီးတစ်မြို့ဖြစ်ခဲ့ရပြီ။ တစ်ခါက ဈေးချိုနာရီစင်တစ်ဝိုက်သည်သာ မန္တလေး၏ အစည်ကားဆုံးနှင့် မရှိမဖြစ်ဗဟိုချက်မ ဖြစ်ခဲ့သော်လည်း ယခုတော့ ဗဟိုချက်မတွေအများကြီးနှင့် မန္တလေးဖြစ်ခဲ့ပြီ။ တိုက်ပန်းကန်ပြားတစ်ချပ်ကို သမံတလင်းပေါ် ပစ်ချလိုက်သည့်အလား ဗဟိုချက်မတို့က အစိတ်စိတ်အမြွှာမြွှာဖြာထွက်သွားခဲ့လေပြီ။ မန္တလေး၏ မရှိမဖြစ်တွေက နေရာအတော်များများမှာ ဆိုင်းဘုတ်ကိုယ်စီဖြင့် အဆင်သင့်နေရာယူပြီးဖြစ်နေခဲ့လေပြီ။
အခုတော့ ပလက်ဖောင်းတွေကလည်း အရင်လိုမဟုတ်တော့။ လမ်းလျှောက်လို့ သိပ်မကောင်းချင်တော့။ ပြည်သူပိုင် ပလက်ဖောင်းကလည်း ပုဂ္ဂလိကဆန်ချင်လာသည်။ ပလက်ဖောင်းကို ဆိုင်ခင်းလာကြသည်။ တိုးချဲ့စိုက်ပျိုးလာကြသည်။ ပလက်ဖောင်းအတိုင်း လျှောက်ရင်း လျှောက်ရင်း လက်ဖက်ရည်ဆိုင်ခင်းထားသော စားပွဲကုလားထိုင်များကို ရှောင်ရ၊ ခေါက်ဆွဲဆိုင်၊ မုန့်တီဆိုင်ကိုရှောင်ရ၊ စက်ဘီးအပိုပစ္စည်းဆိုင်ကိုရှောင်ရ၊ ကစားစရာအရုပ်ဆိုင်ကိုရှောင်ရ။ ကွမ်းယာဆိုင်ကိုရှောင်ရ၊ လက်တွန်းလှည်းကိုရှောင်ရ၊ ကားလမ်းမပေါ်ခြေချမိတော့လည်း တရုတ်ဘီးတွေကိုရှောင်လိုက်ရသေး။ “ရှောင်ကွန်နရီ”က အဘခေါ်ရလောက်သည့်အဖြစ်။
တိုကျိုမှာတော့ ပလက်ဖောင်းတွေပေါ် စက်ဘီးစီးလို့တောင်ရသည်ဟု စာထဲမှာ တွေ့ဖူးသည်။ “ပလက်ဖောင်းဆိုတာ ဈေးရောင်းဖို့လား၊ လမ်းလျှောက်ဖို့လား” ဆိုသည်ကတော့ မလိုအပ်သောမေးခွန်းတစ်ခုသာ ဖြစ်ပါ၏။ “ဈေးရောင်းဖို့ ပလက်ဖောင်းတွေတော့ အလုံအလောက်ရှိနေပါပြီ။ လူတွေ လမ်းလျှောက်ဖို့ ပလက်ဖောင်းတွေ လုပ်ပေးဖို့ပဲ ကျန်ပါတော့တယ်” တဲ့။ မြန်မာကာတွန်းဆရာတစ်ယောက်၏ အသောအထေ့ ကာတွန်းတစ်ကွက်ဖြစ်ပါ၏။ တွေးပုံလေး မလှပေဘူးလား။
(၄)
ပလက်ဖောင်းဈေးသည်တို့နယ်မြေ၌ အရောင်းပစ္စည်းတွေက အမျိုးစုံသလို၊ ဈေးသည်တွေကလည်း အလွှာစုံသည်။ နောက်ပြီး စိတ်နေစိတ်ထားတွေကလည်း အဖုံဖုံ။ နိုင်ငံခြားပစ္စည်းတွေကို ၁၀ ဘီးကားတစ်စီးတိုက်စာ မှာယူတင်သွင်းပြီး အရောင်းဆိုင်နယ်ချဲ့လိုသည့် ဈေးသည်မျိုးရှိသလို၊ ကမ်းနားဈေးက အသီးအနှံလေးဝယ်ပြီး ခဲရာခဲဆစ် အသက်မွေးဝမ်းကျောင်းရရှာသည့် လက်လုပ်လက်စားဈေးသည်တို့လည်း ရှိနေခဲ့ပါ၏။
“ဒီပလက်ဖောင်းမှာ ဈေးကလေးရောင်းပြီး အငယ်နှစ်ကောင် ကျောင်းစရိတ်လုပ်နေရတာပါ ဆရာကြီးရယ်” ဟု မျက်နှာငယ်ကလေးဖြင့် ဆိုလာခဲ့လျှင် ဈေးရဲကြီးသာမက၊ ပလက်ဖောင်းကြီးကိုယ်တိုင်ပင် စိတ်မခိုင်လောက်သည့် အသံမျိုးကိုလည်း ထိုအရပ်၌ ကြားရတတ်သေးသည်။
(၅)
နောက်ဆုံးတော့၊ “ဂျာအေးကိုပဲ သူ့ အမေကရိုက်ရိုက်၊ သူ့အမေကပဲ ဂျာအေးကိုရိုက်ရိုက်” လုံးလည်ချာလည်လိုက်နေသော ထိုသံသရာ၌ အပြောအဆိုအခံရဆုံးက အသက်မဲ့ပလက်ဖောင်းကြီးပဲ ဖြစ်ခဲ့ရသည်။ အိမ်ရာမဲ့တွေကို တင်စားပြောဆိုထားသည့် စကားကိုလည်း နားထောင်ကြည့်ဦး။ “ပလက်ဖောင်းမင်းသား” တဲ့။ ပလက်ဖောင်းရဲ့ သက်တမ်းတစ်လျှောက်မှာ နာမည်ကောင်းလက်မှတ်တော့ဖြင့် သိပ်မရှိခဲ့ပါ။
“ပလက်ဖောင်းတွေဘက်ကို မရောက်တာတောင် အတော်ကြာပေါ့။ တစ်ရက်ရက်တော့ ပလက်ဖောင်းပေါ် လမ်းထွက်လျှောက်လိုက်ဦးမည်” ဟု စိတ်၌ ရံဖန်ရံခါဖြစ်သည်။ စိတ်ကူးဖြင့် မြို့ကြီးကို တစ်ပတ်ပတ်လိုက်သည်။ စိတ်ကူးထဲမှာ မြို့ကြီးက သိပ်လှနေသည်။ လမ်းမတွေက သိပ်လှနေသည်။ ပလက်ဖောင်းတွေကလည်း သိပ်လှနေသည်။ လျှောက်လို့ လှမ်းလို့ အရမ်းကောင်းလွန်းနေသည်။ ညီညီညာညာ၊ သန့်သန့်ပြန့်ပြန့်၊ အကျိုး၊ အပဲ့၊ အပေါက်၊ အပြဲမရှိ၊ ပကတိမိုးပြာရောင်။