အာရှ-ပစိဖိတ် လုံခြုံရေး ထိပ်သီးအစည်းအဝေး အပြင်ဘက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား

အာရှ-ပစိဖိတ် လုံခြုံရေး ထိပ်သီးအစည်းအဝေး အပြင်ဘက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား
Published 31 May 2015

စင်ကာပူနိုင်ငံတွင် မေ ၃၁ ရက်က မူးယစ်ဆေးသယ်ဆောင်လာသည့် ကားတစ်စီးသည် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ရဲများက ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ရာ ကျင်းပနေသည့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို လုံခြုံရေးအရ ပိတ်ထားခဲ့ရသည်ဟု သိရသည်။ ထိုသို့ ပစ်ခတ်ဖမ်းဆီးရာတွင် ကားမောင်းသူ သေဆုံးသွားခဲ့သည်။အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ကာကွယ်ရေးဝန်ကြီးများစွာ တက်ရောက်သည့် သုံးရက်ကြာ ထိပ်သီးအစည်းအဝေးသည် မေ ၃၁ ရက် မွန်းလွဲပိုင်း၌ ပြီးဆုံးမည်ဖြစ်သော်လည်း မေ ၃၁ ရက် အရုဏ်တက်ချိန်တွင် ထိပ်သီးအစည်းအဝေး ကျင်းပသော ရှန်ဂရီလာဟိုတယ် အပြင်ဘက်ရှိ စစ်ဆေးရေးဂိတ် အရံအတားကို စင်ကာပူအမျိုးသားသုံးဦး စီးနင်းလာသည့် ကားတစ်စီးက ဝင်တိုက်ပြီး ထိုးဖောက်ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။အသက် ၃၄ နှစ်အရွယ် ကားမောင်းသမားမှာ သေနတ်မှန်ကာ သေဆုံးခဲ့ပြီး ကျန်နှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာရကာ ဆေးရုံသို့ တင်ထားရသည်။ ထိုနှစ်ဦးစလုံးကို ထိန်းသိမ်းထားသည်ဟု သိရသည်။မေ ၃၁ ရက်က ပစ်ခတ်မှုဖြစ်ပွားရာ စင်ကာပူ ရှန်ဂရီလာဟိုတယ် အရှေ့တွင် ရဲထောက်လှမ်းရေးများ စစ်ဆေးကြည့်ရှုနေသည်ကို တွေ့ရစဉ် (Photo:AFP)
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲအရာရှိများသည် ထိပ်သီးအစည်းအဝေး တက်ရောက်မည့်သူများကို ကြိုတင်ပြောကြားကာ ဟိုတယ်ကို လုံး၀ ပိတ်ထားလိုက်သည်။ ဟိုတယ်သို့ ဦးတည်သည့် လမ်းမများနှင့် လမ်းကြောင်းများ အားလုံးကိုလည်း အတားအဆီးတိပ်များဖြင့် လုံး၀ ပိတ်ထားလိုက်သည်။ ယင်းနောက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အစည်းအဝေးကို ပြန်လည်ကျင်းပခဲ့ပြီး သတိပေးမှု ထွက်ပေါ်ခြင်း တစ်စုံတစ်ရာမရှိဟု ဆိုသည်။ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း အနိမ့်ဆုံးဖြစ်သည့် စင်ကာပူတွင် သေနတ်ပစ်ခတ်မှု ဖြစ်စဉ်များမှာ အလွန်ရှားပါးသည်။ သို့သော်လည်း စင်ကာပူနိုင်ငံ ကိုယ်တိုင်က သူတို့နိုင်ငံသည် အကြမ်းဖက်သမားများ၏ပစ်မှတ် ဖြစ်နေသည်ဟု မှတ်ယူနေသည်။ စင်ကာပူ၏ မူးယစ်ဆေးဝါး ဥပဒေမှာလည်း ကမ္ဘာ့အတင်းကျပ်ဆုံး ဥပဒေများအနက် တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါး အမြောက်အမြား သယ်ဆောင်သူများကို တရားရုံးများက သေဒဏ်အထိ ချမှတ်ခွင့်ရှိသည်။Ref:AFP

Most Read

Most Recent