ငယ်ငယ်တုန်းက ရေနံချောင်းမှာ နေခဲ့တော့ သတိတရ ရှိတာလေးတွေ ရေးရင်း ပုဂံကို ကားနဲ့သွားတဲ့အခါ လမ်းမှာ ဒေါင်းသေချောင်းဆိုတဲ့ သဲချောင်းကြီးကို ဖြတ်ဖူးကြမယ် ထင်ပါတယ်။ အညာရဲ့ သင်္ကေတလေးတွေမို့ အမှတ်တရ ထည့်လိုက်ပါတယ်။ရေနံချောင်းကို ကျွန်မရောက်တော့ တတိယတန်းရောက်ပြီ။ တောမှာ အဘွားနဲ့ အတူနေလာတဲ့ ဘဝကနေ မိဘတွေနဲ့အတူ ပြန်နေရတဲ့အချိန်မို့ ရေနံချောင်းကို တစ်သက်မမေ့နိုင်ဘူး။ အဖေအလုပ်လုပ်တဲ့ ရုံးကြီးနားက စိန်ပန်းမြိုင်ထဲမှာ အိမ်ငှားနေကြတယ်။ ခြံကြီးက အကျယ်ကြီးကိုး။ ခြံထောင့်မှာ ဧကရာဇ်ပင်ကြီးက ပွင့်ရင်မြေမှာ ဖွေးနေတယ်။ မြတ်လေးပန်းရုံတွေကလည်း တစ်ခြံလုံး စင်တွေနဲ့။ ပြီးတော့ ခွာညိုပန်းပင်တွေ နွယ်တွေကို တိုင်စိုက်ပြီး ပျိုးထားသေးတယ်။အိမ်နောက်ဖေးအုတ်ကန်နားမှာ ခံပင်ကြီးက အပွင့်ဖြူဖြူလေးတွေ အသီးတွေ အမြဲပြည့်နေတယ်။ လူကြီးတွေက ခံသီးကိုခူးပြီး သနပ်လုပ်စားကြတယ်။ မရမ်းသီးသနပ်လိုမျိုး အချဉ်ထည့်တာပေါ့။ အဲဒီတုန်းက စံပယ်ပန်းအစားထိုး ခံပွင့်ကို ကဗျာစပ်မှန်း ကျွန်မ မသိခဲ့သေး။ အခုလိုမှတွေ့ရင် “ပန်းအလယ်” ကဗျာလေးကိုရွတ်ကာ ခံပွင့်လေးတွေကို သနားပြီးရင်း သနားနေမိလိမ့်မယ်။ခြံကြီးက အကျယ်ကြီးကိုး။ အိမ်က နှစ်ထပ်အိမ်ဆိုတော့ ပြေးလို့ဆော့လို့အရိုက်ခံရတာလည်း ခဏခဏ။ အဘွားတွေနဲ့ နေလာပြီး အခုမှ မိဘနဲ့ ပြန်တွေ့ရတော့ ခပ်တန်းတန်း ဆက်ဆံရေးကြားမှာ အငယ်သုံးယောက်နဲ့ လုံးလည်လိုက်နေတော့ စကားကို ပြောချိန်မရ။ အားရင် ပန်းခူးပန်းသီ နေလိုက်တော့တယ်။ကျောင်းတက်တော့ မြို့လယ်တံတားထိပ် ချောင်းနေချောင်းအစပ်က မြို့မ မူလတန်းကျောင်းမှာ တက်ရတယ်။ ချောင်းနေချောင်းကလည်း နွေဆိုရေခန်းပြီး သဲသောင်ပြင်ဖြစ်နေပေမယ့် မိုးတွင်းမိုးသည်းပြီဆိုရင် ရေစီးပုံက ဒေါင်းတောင် ပြေးမလွတ်ဘူးလို့ ပြောသံကြားရတယ်။ ရေကျချိန်မှာ ချောင်းဟိုဘက်သည်ဘက် လှေနဲ့ကူးရတယ်။ ဟိုဘက်ကမ်းထိပ်မှာ လက်ဖက်ရည်ဆိုင်တွေနဲ့ စနေနံဘုရား။ရေနံချောင်းမြို့ကြီးက မြို့ကြောရှည်တယ်။ ကုန်းတက်ကုန်းဆင်းတွေနဲ့ အပြင်ထွက်ရင် မြင်းလှည်းစီးရတာများတယ်။ ကျွန်မတို့ ရုံးကြီးနားမှာနေတုန်းက ညောင်လှဆိပ်ကို ခဏခဏ သွားလည်ကြတယ်။ ဧရာဝတီမြစ်ကြီးကို မြင်ရတဲ့ ရှုခင်းက တကယ့်ကို ရင်သပ်ရှုမောစရာ အတိပါပဲ။ကျွန်မ လေးတန်းအောင်ပြီးတော့ အိမ်ပြောင်းရတယ်။ ထ (၁) ရဲ့ နံဘေးက မန်ကျည်းလေးပင်ရပ်ထဲကို ရွှေ့ရတယ်။ ကျောင်းရဲ့ နံဘေးလမ်းမကြီးက ဝင်လာရင် မြို့နယ် စည်ပင်သာယာရေးရုံးရဲ့ တစ်လမ်းကျော်မှာ ဖြစ်တယ်။ ကျွန်မက ကျောင်းတက်ခေါင်းလောင်းထိုးသံကို အိမ်မှာနားစွင့်ရင်း အငယ်တွေကို ထိန်းရင်းနဲ့ ကျောင်းတက်ရတယ်။ရေနံချောင်းမှာ ကျွန်မတို့နေစဉ်က ရေအလွန်ရှားတယ်။ စည်ပင်က ရေပိုက်က ရေပေးဝေမှုကလည်း အလှည့်ကျပေးတာဖြစ်တော့ ရေလာတဲ့အချိန်မှာ ရေကို ပီပါနဲ့ အပြည့်ခံထားပြီး ပြန်ရောင်းစားကြတယ်။ ရေတစ်ထမ်းကို စိတ်အထင် ၅ ပြားလား ၁၀ ပြားလား မသိတော့ပြီ။ အဖေ့ လစာ ၃၂၅ ကျပ်က အိမ်ငှားခနဲ့ စားစရိတ်မလောက်တော့ ရေကို စီးပွားဖြစ်ရောင်းချခြင်းပါ ရေဝယ်သူတွေ ထမ်းသမျှကို ကိုယ်က ထိုင်စောင့်ပြီး မှတ်ကာ ရေဖိုးတောင်းရတယ်။ကျွန်မခြောက်တန်းအထိ ကျောင်းစာမှန်သမျှ အမေ အကုန်စစ်တယ်။ စာမေးပွဲဖြေပြီး ပြန်လာရင် မေးခွန်းထဲက စာတွေ အကုန်သူ့ကို ပြန်ဆိုပြရတယ်။ မရရင် နာပြီသာမှတ်။ အငယ်တွေ နှိပ်စက်လွန်းလို့ ခဏခဏ အရိုက်ခံရတဲ့ ကျွန်မကလည်း ကိုယ့်အသားနာမှာ ကြောက်လွန်းလို့ စာကို အသေကျက်တယ်။ စာတော်တာ ဒါတွေ ကျေးဇူးတင်ရမယ်။
ကျောင်းပိတ်ရက်တွေမှာ အဖေက မြစိမ်းရောင်ရုပ်ရှင်ရုံမှာ အင်္ဂလိပ်ကားကောင်းတင်ရင် လိုက်ပြတတ်တယ်။ ရုပ်ရှင်ကြည့်မယ်ဆိုရင် ကျွန်မတို့ တစ်အိမ်လုံး ပျော်ကြရတယ်။ ရုပ်ရှင်ရုံက ကျွန်မတို့နဲ့ အဝေးကြီး မြို့အစွန်မှာ အသွားခြေလျင် အပြန် မြင်းလှည်းနဲ့ အိမ်ရောက်မှ အမြဲနိုးရတယ်။ ဖေဖေက အင်္ဂလိပ်ကားကောင်းတွေ ပြတတ်တော့ ရုပ်ရှင်ကြည့်တဲ့အကျင့် စွဲလိုက်တာ ရန်ကုန်ရောက်တော့ ပပဝင်းနဲ့ ဂုဏ်ရုံကို ကားအသစ်လဲတိုင်း ကြည့်ကြတဲ့ အထိပါပဲ။ အခုတော့ ဒီနေရာတွေက Traders Hotel ဖြစ်နေပါပြီ။ (ဟိုတုန်းက ဂျပန်ကား Take me away တို့ On the road တို့ So this is love တို့ မလွတ်တမ်းပေါ့)အ ထ က (၁) မှာ ငါးတန်းတက်တော့ ကျောင်းကြီးရဲ့ အစွန်ဆုံး ကုန်းမြင့်ပေါ်က အဆောင်မှာ စာသင်ရပါတယ်။ နေခဲ့ဖူးသမျှ ကျောင်းတွေ အားလုံးထဲမှာ ဒီကျောင်းလောက် သင်ကြားမှုစနစ်ကောင်းတာ မတွေ့ခဲ့ပါဘူး။ (ဗိုလ်ချုပ်အောင်ဆန်းတက်ခဲ့တဲ့ ကျောင်းမို့လား မသိပါ) သိပ္ပံချိန်တွေ စက်မှုလက်မှုအချိန်တွေ ထည့်သွင်းပြီး သင်ကြားခဲ့ရပါတယ်။ ယောကျ်ားလေးတွေ စက်မှုချိန်မှာ စက်ပစ္စည်းတွေနဲ့ လက်တွေ့သင်ရသလို မိန်းကလေးတွေက ဇာထိုးပန်းထိုး အချက်အပြုတ်ပညာသင်ကြရပါတယ်။ ကျွန်မ စက်ချုပ်ဝါသနာပါတာ အချက်အပြုတ် ဝါသနာပါတာတွေဟာ ဒီက ဆရာမတွေ သင်ပေးတဲ့ အကျိုးဆက်တွေပါ။ (ဆရာတော် အရှင်ဆန္ဒာဓိကလည်း ဒီကျောင်းကပဲ ၁၀ တန်းကို မြန်မာတစ်ပြည်လုံး ဒုတိယနဲ့အောင်မြင်ခဲ့ပါတယ်)အဲဒီနှစ်မှာ ရေတွေကြီးလို့ ဆန်ဈေးတွေ အရမ်းကြီးလို့ ထမင်းမချက်ဘဲ ခေါက်ဆွဲတွေ ခဏခဏ ကြော်စားရတာ မှတ်မိပါရဲ့။ အဖေက စာသင်တာ ဝါသနာပါတော့ မိတ်ဆွေတစ်ယောက်နဲ့ ပေါင်းပြီး အိမ်အောက်ထပ်မှာ ကျူ ရှင်ဖွင့်ပါတယ်။ ခုံဖိုးတွေ ပစ္စည်းဖိုးတွေရင်းပြီး ရှစ်တန်း၊ ကိုးတန်းနဲ့ တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်စာနဲ့ သင်္ချာကျူရှင်ဖွင့်ကြပါတယ်။ ကျောင်းသားတွေက များပေမယ့် အသပြာဆရာ မဟုတ်တော့ ဝင်ငွေမကောင်းပါဘူး။ နေရာကလည်း မြို့လယ်မဟုတ်ဘူးကိုး။အမေကတော့ စီးပွားရေးအတွက် အိမ်ဆိုင်လေးဖွင့်မယ်ဆိုပြီး ဆန်၊ ဆီ၊ ထင်းနဲ့ ကုန်ခြောက်လေးတွေကို အိမ်မကြီးနံဘေးက ကားဂိုဒေါင်မှာ ဖွင့်ပါတယ်။ အမေဆိုင်ထွက်တော့ အိမ်အလုပ်မှန်သမျှ အကုန် ကျွန်မခေါင်းပေါ် ကျလာပါတယ်။ တစ်ခါတလေ ကျောင်းတက်ခေါင်းလောင်းထိုးမှ အိမ်က အပြေးအလွှားထွက်ပြီး ကျောင်းရဲ့ နောက်ဘက်က ခြံစည်းရိုးကနေ ဝင်ပြီးသွားရတယ်။ ကျောင်းရှေ့ပေါက်ကို တစ်ပတ်ကြီး ပတ်သွားရင် မီမှာမဟုတ်လို့လေ။ရေနံချောင်းမှာ နာမည်ကြီးတဲ့ သောင်ပြင်ပွဲတော်ဆိုတာလည်း နွေရာသီမှာ ကျင်းပလေ့ ရှိပါတယ်။ ၁၂ ပွဲ ဈေးသည်တွေနဲ့ အရမ်းကို စည်ကားပါတယ်။ အဲဒီခေတ်က ဓာတ်ပုံရိုက်ဖို့ ကင်မရာ အရမ်းရှားတော့ ဘုရားပွဲမှာလာတဲ့ သီတာဝင်းဆိုတဲ့ ဆိုင်ကြီးမှာ တကူးတက ရိုက်ကြရပါတယ်။ ဆိုင်မှာ အဝတ်အစားလဲပြီး နောက်ခံပန်းချီကားချပ်တွေနဲ့ အဖြူအမည်း ဓာတ်ပုံကို လိုသလို ရိုက်ပေးပါတယ်။ ဒီဆိုင်တွေမှာ ရှိုးစမိုးအပြည့်နဲ့ အိုက်တင်နဲ့ ရိုက်ကြတာ ကြိတ်ကြိတ်တိုးနေတာပါ။နွေရာသီကျောင်းပိတ်ရက် တစ်ခုမှာ အဖေ့တပည့်တစ်ယောက်ရှိတဲ့ ရွာကို သွားလည်ကြပါတယ်။ ဧရာဝတီမြစ်ရဲ့ တစ်ဖက်ကမ်းက ဘူးကျွန်းဆိုတဲ့ ရွာကလေးပါ။ ရွာကိုသွားဖို့လှေစီးရင်း မြစ်ထဲက ကျွန်းတွေမှာ တံငါသည်တွေရဲ့ အိမ်ကလေးတွေနဲ့ ငါးဖမ်းနေတဲ့ လှေတွေကိုတွေ့တော့ ဝင်ကြည့်ပြီး ငါးတွေဆင်းဝယ်ကြပါတယ်။ အညာမှာက အမဲသား၊ ဆိတ်သား၊ ကြက်၊ ဝက်ပေါပြီး ငါးက ဈေးကြီးပါတယ်။ ကျွန်မဆို ရန်ကုန်ရောက်မှ ငါးကို ပေါပေါတွေ့ရပါတယ်။ အညာမှာက ရေချိုငါးဆိုတော့ ဈေးကြီးတယ်ထင်ပါရဲ့။ဒေါင်းသေချောင်းအတွင်း လက်ယက်တွင်းများမှ ရေခပ်ယူနေကြစဉ် (ဓာတ်ပုံ -အောင်သူငြိမ်း)
ဈေးပေါတာက အမဲသားပေါ့။ အသားဝယ်ပြီး အမျှောင်းရှည်ရှည်လေးလှီးပြီး တုတ်ချွန်နဲ့ ထိုးကြိုးနဲ့ဆွဲပြီး အခြောက်လှန်းထားကြပါတယ်။ ခြောက်တော့မှ မီးသွေးမီးနဲ့ကင် ရွရွလေးထုပြီး ပဲဆီဆမ်းရေနွေးကြမ်းနဲ့ မြည်းကြပါတယ်။ ဟင်းမရှိရင် အမဲခြောက်ကိုပဲ အိုးထဲထည့်ပြုတ် နူးရင်ဆယ်ပြီး ထောင်းကာကြက်သွန်နီနဲ့ ပြန်ကြော်ပြီး ဟင်းတစ်ခွက် လုပ်ကြတယ်။ အဲလိုနေ့ဆိုရင် ကလေးတွေကို မန်ကျီးရွက်နုလေးတွေ ခူးခိုင်းပြီး ပဲအနှစ်ထည့် ကြက်သွန်စိမ်းလေးနဲ့ မန်ကျီးရွက်သုပ်က တစ်ခွက်ထည့်စားရတာ အစပ်တည့်လှပါတယ်။ရေနံချောင်းမှာ ကျွန်မခြောက်တန်းဖြေပြီး နွေမှာ အဖေက ဂန့်ဂေါကို ပြောင်းရလို့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးကိုခွဲခွာပြီး တောင်ပေါ်ဒေသယောနယ်ကို ရေတတန်ကုန်းတတန်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ တမာလမ်းက ပြန်ခဲ့ပါလို့လည်း လွမ်းဆွတ်နေမယ့်သူ မရှိလို့ တခါမှ မရောက်ဖြစ်တော့ဘဲ ခရီးသွားရင်း ဖြတ်သွားဖြတ်လာဘဲ ရောက်ခဲ့ပါတယ်။ တကယ်တမ်းပြောရရင် ရေနံချောင်းမှာနေတုန်းက လမ်းဘေးမှာ အမြဲတွေ့နေခဲ့ရတဲ့ ရှားစောင်းပင်ကြီးတွေ သူ့ရဲ့အင်မတန်ရုပ်ဆိုးလှတဲ့ ဆူးပင်စည်က ပွင့်လာတဲ့ ရှားစောင်းပန်းပွင့်ကြီးရဲ့ ရနံ့တွေကို အမြဲတမ်း သတိရမိပါတယ်။ဒီရှားစောင်းပင်ကြီးလို အပေါ်ယံ အသွင်ဆိုးပေမယ့် ရင်ထဲက ဖြူစင်တဲ့မေတ္တာတရားတွေ ဖော်ထုတ်ပြတတ်တဲ့သူတွေနဲ့ ဘဝမှာ ဆုံမိတိုင်း မကြာခဏ ဒီအကြောင်းတွေကို လွမ်းမိပါရဲ့ . . .