ပြည်သူက အခွန်ဆောင်
ပြည်သူ ပြည်သားတစ်ယောက်အနေနဲ့ သတ်မှတ်စည်းမျဉ်းနဲ့အညီ အခွန်ဆောင်ရမယ်ဆိုတာ သာမန်အားဖြင့် သိထားကြတယ်။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ သိရသလောက် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ မြေခွန်၊ ရေခွန်၊ အမှိုက်ခွန်၊ ဘီးခွန်စတဲ့ အမျိုးမျိုးသော အခွန်တွေရှိတယ်လို့ သိထားတယ်။ ဘာခွန်ဖြစ်ဖြစ် ပြည်သူတစ်ယောက် အခွန်ဆောင်ရမှာ အခြေခံတာဝန်တစ်ရပ်ပါ။ ရှောင်လွှဲဖို့ မသင့်တဲ့တာဝန်ပါ။ နိုင်ငံတော်ရှိ ယန္တရားတွေ လည်ပတ်ဖို့အတွက် အခွန်ဟာအဓိက မောင်းနှင်အားပါ။
ကြုံတုန်း အခွန်ရဲ့အရေးကြီးပုံကို အစိုးရရော အစိုးရခန့်ဝန်ထမ်းတွေရော၊ ပြည်သူများပါသိအောင် ရေးပြချင်တယ်။အစိုးရလွှတ်တော်အသီးသီး၊ အစိုးရခန့် အစိုးရဝန်ထမ်းများအားလုံးက ပြည်သူထံမှရတဲ့ အခွန်မှရတဲ့ ငွေနဲ့လစာစားနေကြတဲ့ ပြည်သူအစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်။ တစ်နည်းပြောရရင် ပြည်သူက အလုပ်ရှင်ဖြစ်တယ်။ သမ္မတကြီးရဲ့လစာ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များရဲ့လစာ၊ ညွှန်ကြားရေးမှူးချုပ်မှ အောက်ခြေဝန်ထမ်း၊ ရုံးလုလင်မှ၊ ညစောင့်အထိ လစာအားလုံးအသီးသီးဟာ ပြည်သူများပေးဆောင်တဲ့အခွန်အသီးသီး ရတဲ့ငွေနဲ့ ရယူစားသုံးပြီး တာဝန်ထမ်းဆောင် အလုပ်လုပ်ပေးနေကြတာ။ အစိုးရဝန်ထမ်းအိမ်ရာ၊ အစိုးရဝန်ထမ်းတည်းခိုးခန်း၊ အစိုးရဧည့်ဂေဟာ အဲဒီနေရာတွေကလည်း ပြည်သူတွေရဲ့ငွေနဲ့ ဆောက်ထားတာ။ ပြည်သူဘဏ္ဍာငွေနဲ့ တည်းခိုကြတာ။
ပဒေသရာဇ်ခေတ်ကလို မိုးနတ်မင်းဆီက ဆင်းသက်လာတဲ့မင်း (ဘုရင်) ရဲ့တန်ခိုးကြောင့်ရလာတဲ့ ငွေတွေမဟုတ်ဘူး။ တန်ခိုးရှင်က ဖန်ဆင်းပေးထားတဲ့ ကျောက်စိမ်းတွေ၊ ရွှေတွေ၊ ရေနံတွေ၊ ဂက်စ်တွေ မဟုတ်ဘူး။
နိူင်ငံတော်အတွင်းရှိရေ၊ မြေ၊ လေအားလုံးဟာ ဒီနိုင်ငံတော်မှာနေတဲ့ နိုင်ငံသားပြည်သူတွေပိုင်ဆိုင်တာ အစိုးရတစ်ရပ်က ပိုင်ဆိုင်တာမဟုတ်ဘူး။ ဒါကိုပြည်သူတွေ၊ အထူးသဖြင့် အစိုးရဝန်ထမ်းတွေ ရှင်းရှင်းလင်းလင်း သိသင့်တယ်။ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေပြီဆိုရင် အစိုးရတစ်ရပ်ဆိုတာ ငါးနှစ်၊ ဆယ်နှစ်တာတည်မြဲရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ငါးနှစ်၊ ဆယ်နှစ်အတွင်းမှာ ပြည်သူရဲ့ဆန္ဒကို အစွမ်းကုန် အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိတယ်။ ထာဝရအစိုးဖွဲ့ထားလို့ ထာဝရအာဏာချုပ်ကိုင်ထားလို့ မရဘူး။
ဒီလို နိုင်ငံသားတွေပိုင်ဆိုင်တဲ့ သယံဇာတ၊ ကျောက်သံပတ္တမြားတွေအားလုံးကို ပြည်သူတွေ ယုံကြည်ရတဲ့အစိုးရထံ ငါးနှစ် ဆယ်နှစ်တာ အပ်နှံကာ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးရှိစေမယ့် လုပ်ငန်းတွေကို စီမံခန့်ခွဲစေဖို့ တာဝန်ပေးထားတာ ဖြစ်တယ်။ အဲဒီလို တာဝန်ပေးတဲ့နေရာမှာ ကောင်းမွန် မှန်ကန်တက်ကြွစွာ လုပ်ကိုင်နိုင်ဖို့ အစိုးရတာဝန်ရှိသူတွေရဲ့စားဝတ်နေရေးပြေလည်ပြီး ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့ပြည်သူတွေက သူတို့ရဲ့ငွေတွေ စုဆောင်းပြီး စုပေါင်းကာ ထောက်ပံ့ထားတာဖြစ်တယ်။ အဲဒါဟာ အခွန်ဆောင်ခြင်းရဲ့ အဓိပ္ပာယ်ဖြစ်တယ်။
ဝန်ထမ်းက အခွန်စား
အခွန်ဟာ အစိုးရတစ်ရပ်တည်ဖို့ ဝန်ထမ်းအဖွဲ့အစည်းပုံမှန် Function တွေလည်ပတ်ဖို့ နိုင်ငံတော်ရဲ့ယန္တရားမောင်းနှင်ဖို့ ပြည်သူတွေက ထောက်ပံ့တဲ့ငွေတွေ ဖြစ်တယ်။ တစ်နည်းပြောရရင် အခွန်ဟာ ပြည်သူတွေ ရဲ့ ချွေးတွေ၊ လုပ်အားတွေ၊ ဉာဏ်အားတွေ အရည်အချင်းတွေကရလာတဲ့ မိမိစားရမယ့်၊ သောက်ရမယ့်အထဲက ခွဲဝေပေးထားတာ ဖြစ်တယ်။မပေးချင်သည်ဖြစ်စေ၊ ပေးချင်သည်ဖြစ်စေ ပေးသင့်တယ်လို့ ပြည်သူကယူဆလို့ ကြည်ကြည်ဖြူဖြူပေးတယ်။ စည်ပင်ဝတ်စုံဝတ်ထားတဲ့ ဝန်ထမ်းမိန်းကလေးတွေ အမှိုက်ခွန်ကောက်ဖို့ အိမ်တစ်အိမ်ရှေ့ရောက်လာရင် သူတို့ရဲ့မျက်နှာလေးတွေ ငယ်နေရရှာတယ်။ “အမှိုက်လည်းမကောက်ဘဲ၊ ပိုက်ဆံတော့ ကောက်တယ်” “ပိုက်ဆံပေးရင် အမှိုက်ကောက်ပေးမှာလား” “အမှိုက်ခွန်ဖိုး၊ ဟုတ်လား၊ ကျားသားမိုးကြိုး၊ ခင်ဗျားတို့ရှေ့မှာပဲ အမှိုက်တွေက ပုံနေတာ၊ တစ်ခါမှလည်း အမှိုက်မကောက်ဘဲ” ဒီလိုမျိုးစကားနာထိုးသံတွေကြားမှ စည်ပင်ဝန်ထမ်းတွေခမျာ ခေါင်းမဖော်နိုင်ဘူး။
မြန်မာနိုင်ငံမှာ အခွန်ဆောင်တဲ့ကိစ္စဟာ ခုနှစ်ပိုင်းတွေကျမှ ကျယ်ကျယ်လောင်လောင်ပြောလာကြတဲ့ကိစ္စပါ။ ယခင်ကာလတွေက အခွန်ကောက်ခံရငွေတို့၊ ဝန်ကြီးဌာနအလိုက် အသုံးစရိတ်တို့၊ စီမံကိန်းအလိုက် အသုံးစွဲငွေတို့ဆိုတာ အထက်ကကျလာတဲ့အမိန့်နဲ့ အတည်ပြုကြရတာ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်များတယ်၊ ပညာရေးဌာန၊ ကျန်းမာရေးဌာနတွေက အသုံးစရိတ်နည်းတယ်လို့ ဘယ်သူမှ ထောက်ပြဆွေးနွေးခဲ့တာမရှိဘူး။ ဝင်ငွေကောင်းရှာပေးနိုင်တဲ့ သစ်တောဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန စတဲ့ဌာနကဝန်ကြီးတွေက ဝန်ကြီးအဆင့် အစည်းဝေးမှာ မျက်နှာကိုပွင့်လို့။ ဝင်ငွေမရဘဲ ထွက်ငွေပဲပြနေတဲ့၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာနမှ ဝန်ကြီးတွေဟာ ထိုအစည်းအဝေးမှာ မျက်နှာငယ်လို့။ လိုအပ်လို့ ဘတ်ဂျက်ပိုတောင်းရမှာ ပြောမထွက်ခဲ့ဘူး။ ဟန်မပျက်ဝန်ကြီးဌာနအဖြစ် ရပ်တည်နေရုံပဲ။
ဒါပေမဲ့ လုပ်ပိုင်ခွင့်(အာဏာ)ကို လက်ကုန်ထုတ်သုံးတာကတော့ ပြည်သူကို အနိုင်ကျင့်သလို ခံစားရတယ်။ ယခုဆို ဖုန်းခွန်ကို ဇွန် ၁ ရက်မှစကာ ငါးရာခိုင်နှုန်း ကောက်ခံလို့ သတင်းထုတ်ပြန်လာတယ်။ အခွန်ကောက်ရာမှာ ဘယ်လိုမှရှောင်လွှဲလို့ မရအောင် ကြိုတင်ငွေဖြည့်ကတ်ထဲ ငါးရာခိုင်နှုန်းစာတွက်ပြီး တစ်ခါတည်းဖြတ်တောက် ယူသွားမှာဖြစ်တယ်။ ဖုန်းဝယ်ရင် အခွန်ဆောင်ရမယ်လို့ ကြိုသိမထားဘူး။ ဆင်းကတ်က ၁၅၀၀ ကျပ်ဆိုတာ တန်တယ်။ ဝယ်သင့်တယ်။ ဆိုတော့ ဝယ်ကြ။ သုံးကြ။ ဖုန်းတွေ ဆက်ကြပေါ့။
ပြည်သူတွေက လက်ထဲရောက်ပြီး၊ ဝယ်ပြီးမှ အခွန်ဆောင်ရမယ်ဆိုတော့ ရှောင်လို့မရတော့ဘူး။ ဖုန်းတွေမဝယ်မီကတည်းက ဖုန်းခွန်ဆောင်ရမယ်ဆိုရင် ဝယ်သင့်၊ မဝယ်သင့် စဉ်းစားမှာပေါ့။ ခုတော့ လက်ထဲဖုန်းက ရောက်နေပြီး အခွန်ကလည်း ဆောင်ခိုင်းနေပြီ။ ဘာလုပ်ရမလဲ။ အခွန်မဆောင်နိုင်လို့၊ အခွန်မဆောင်ချင်လို့ ဖုန်းတွေလွှင့်ပစ်လိုက်ရမလား။ ဒီလိုတော့လည်းနှမြောစရာကြီး။ ဒါဆို ဖုန်းခွန်ဆောင်ပေါ့။ အပိုင်ပဲ။ ချည်ပြီး တုပ်ပြီးပြီလေ။
စင်စစ်အခွန်ဆိုတာ စိစစ်တွက်ချက်ပြီးမှ အချိုးကျဆောင်သင့်တာကို ဥပဒေပြဋ္ဌာန်းပြီး ဆောင်ခိုင်းရမှာ။ ပြည်သူကလည်း အခွန်ဆောင်တာကို လိုလိုလားလားကြည်ကြည်ဖြူ ဖြူ ဆောင်ရမှာ။ ခုတော့ချည်ပြီး၊ တုပ်ပြီး ခြင်းထဲက ကြက်ကို အပိုင်ကိုင်လိုက်သလို အခွန်ကောက်လိုက်တာက ပြည်သူကိုဗဟိုပြုတဲ့ အစိုးရမှဟုတ်ပါလေစလု့ိ မေးရမလိုဖြစ်နေပြီ။
တကယ်ဆို ဥပဒေက မျှတရမယ်၊ ဥပဒေကို ပြည်သူတွေ သဘောပေါက်အောင် လုပ်ဆောင်ပေးရမယ်။ ပြည်သူတွေ စိတ်ပါဝင်စားလာပြီး တာဝန်ရှိမှန်း သဘောပေါက်လာကာ အခွန်ပေးဆောင်လာအောင် စည်းရုံးရမယ်။ ဘာလုပ်လုပ် အာဏာရှင်ခေတ်ကလို ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်လုပ်လို့မရတော့ဘူး။ ပြည်သူ့သဘောထား၊ လွှတ်တော် သဘောထားတော့ရယူသင့်တယ်။
ပြည်သူတွေကြည်ဖြူစွာပေးဆောင်တဲ့ အခွန်နဲ့ ရပ်တည်တဲ့အစိုးရဟာ ပြည်သူ့မေတ္တာရကြမှာပါ။ သို့မဟုတ် ပြည်သူ့မေတ္တာမရတဲ့ အစိုးရဖြစ်ခဲ့ရင် တိုင်းပြည်ရဲ့တိုးတက်မှု ပုံရိပ်ကတောက်ပဖို့ ခက်ခဲနေမှာပါ။ ပြည်သူမပါဘဲ အစိုးရတစ်ရပ်တည်း နိုင်ငံတော်ကို တိုးတက်အောင် လုပ်ဆောင်လိုမရနိုင်တာကို အားလုံးကလက်ခံရမှာ။
ဆိုင်းငံ့ဆို ဝိုင်းလန့်နေပြီ
ချည်ပြီး၊ တုပ်ပြီးဖုန်းခွန်ကို ဆိုင်းငံ့ထားမယ်ဆိုပေမယ့်ပြည်သူက မကြည်ဖြူပါ။ မြန်မာနိုင်ငံမှာ ပြည်သူကိုအကျိုးမပြုတဲ့ အရေးကြီးတဲ့စီမံကိန်းတွေကို သမ္မတကြီးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များကပါ ပြတ်ပြတ်သားသား အဆုံးအဖြတ်မပေးကြဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို လက်ရှိသမ္မတလက်ထက်၊ လက်ရှိ လွှတ်တော်သက်တမ်းအတွင်းသာ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ထားတာ။ ဖုန်းခွန်လည်း ထို့အတူပဲ။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းသာ ဆိုင်ငံ့ထားတာ။ ထို့အတူပါပဲ။ ရေကူးအသံလွှင့်ရုံဝင်းနေရာမှ ဧက ၉၀ ခန့်ကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးမယ့် စီမံကိန်းကိုလည်း ဆိုင်းငံ့ထားရန် လွှတ်တော်ကဆုံးဖြတ်ပြန်တယ်။ ကာလကန့်သတ်ချက် မပါဝင်ဘူး။ ဒီလို ဆိုင်းငံ့စီမံကိန်းတွေက တစ်နေ့နေ့ ပြန်အသက်ဝင်လာမှာ။ လျှပ်စစ်မီတာခ တိုးကောက်စဉ်ကလည်း ကာလတစ်ခုသာ ဆိုင်းငံ့ခဲ့ပြီးနောက်တော့ အစိုးရသတ်မှတ်ထားတဲ့အတိုင်း တိုးကောက်တော့တာပဲ။
ခုလည်းပျားရည်နဲ့ဝမ်းချနေတာ။ မြစ်ဆုံစီမံကိန်းကို ထာဝရမဆောက်လုပ်ရေး ဆုံးဖြတ်ရမယ်။ ဖုန်းခွန်ကိုလည်း သင့်တင့်မျှတတဲ့ အခွန်နှုန်းထားကို ဥပဒေပြဋ္ဌာန်းပြီးမှ ကောက်ခံသင့်တယ်။ ရေကူးအသံလွှင့်ရုံဝင်းစီမံကိန်းကလည်း ဆိုင်းငံ့ရုံမဟုတ်ဘဲ ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲကာ ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ်မျိုးနဲ့လုပ်ဆောင်သင့်တယ်။
ဘယ်လိုသော စီမံကိန်းမျိုးဖြစ်ဖြစ် တစ်ဦးတစ်ယောက်တည်း၊ တစ်စုတစ်ဖွဲ့တည်း လက်ဝါးရိုက် မဆုံးဖြတ်ဘဲ ပြည်သူအများကို ချပြတဲ့အလေ့အကျင့်ကောင်းမျိုး ကျင့်သုံးကြပါ။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်ကိုကျင့် သုံးခြင်းဖြစ်တယ်။ ဖုန်းခွန်နဲ့ပတ်သက်ပြီး နိဂုံးချုပ်တင်ပြလိုတာက တစ်နိူင်ငံလုံးအတိုင်းအတာအရ ကောက်သင့်တဲ့ရာခိုင်နှုန်းကို သုတေသနပြုပြီး စနစ်ကျတဲ့ ဥပဒေတစ်ရပ် တည်ဆောက်ပြီးဖုန်းခွန်ကို ကောက်သင့်ပါကြောင်း။
(ပြည်သူတွေက မျှတတဲ့အခွန်ဆောင်ဖို့ ဝန်မလေးပါဘူး) . . . ။