ကျွန်တော် ၁၀ နှစ်သားလောက်တွင် ဖခင်က အိမ်ရှေ့မှာ တမာပင်ပေါက်ကလေး တစ်ပင်စိုက်သည်။ တမာပင်ကလေးက သုံးလက်မသာသာပဲ မြင့်သည်။ တစ်ပေခွဲပတ်လည် ကျင်းထဲမှာ မြေဆွေးတွေ သေသေချာချာထည့်ပြီး ဘေးကအကာအရံနှင့် စနစ်တကျစိုက်သည်။ မိုးမရွာသောရက်များတွင် ကျွန်တော်က ညဉ့်-မနက်တစ်ကြိမ်ကျ ရေတစ်ခွက်စီလောင်းပေးသည်။ တမာပင်က လေးပတ်လည်မှာ ရေမြောင်းကလေးလို ဝန်းရံတူးလျက် ယင်းမြောင်းထဲမှာ ရေထည့်ပေးသည်။ ရေအစိုဓာတ်အမြဲရရန် သစ်ရွက်ခြောက်ကလေးတွေနဲ့ ဖုံးပေးထားသည်။
အိမ်ရှေ့မှာ တမာပင်စိုက်ရတာက အိမ်ထဲကို လေကောင်းလေသန့်ဝင်ဖို့စိုက်တာ။ “တမာပင်ဟာ လေကိုသန့်စင်ပေးတဲ့ ဆေးပင်ဖြစ်တယ်” ဟု အဖေကရှင်းပြသည်။
ကျွန်တော်တို့အိမ်ရှေ့မြေလွတ်သည် ကျယ်သည်။ အလျားအနံ ပေ ၃၀ စီ ရှိသည်။ အလယ်တည့်တည့်မှာ တမာပင်စိုက်ထား၍ တစ်ဖက်ကို ၁၅ ပေစီစိုက်ဖို့ နေရာကျန်သေးသည်။ ယင်းကြောင့် အရှေ့နှင့်အနောက်တွင် တစ်ပင်စီ မြောက်ဘက်တွင် တစ်ပင် ငါးပေကျော်ကျော်မြင့်သော ပိတောက်ကိုင်းတစ်ကိုင်းစီကို စနစ်တကျစိုက်သည်။ တောင်ဘက်အစွန်းမှာ ရေချိုးရေသုံးရာရေပင် (ဘုံပိုင်) ရှိသည်။ သုံးပေခွဲအမြင့်ရှိ မိတ်ဆွေ ကိုမြ လက်ဆောင်ပေးသော ကွမ်းသီးပင်ကို ရေပင်နားမှာ စိုက်သည်။
အားလုံးစိုက်ပြီး တစ်နှစ်ခွဲကြာသောအခါ ပိတောက်ပင် သုံးပင်က ၁၀ ပေလောက်ထိမြင့်၍ ပိတောက်ပန်းပွင့်လာပြီ။ ကွမ်းသီးပင်က ခြောက်ပေကျော်မြင့်လျက် စိုပြည်စိမ်းလန်းနေသည်။
အဖေစိုက်သော တမာပင်က ငါးပေခွဲအမြင့်ရောက်နေပြီ။ အိမ်ရှေ့တွင် ပိတောက်ပင်သုံးပင်၏ ကောင်းမှုကြောင့် နေပြောက်မထိုးနိုင်သည်ထိ အရိပ်ရနေသည်။ တမာပင်ကလည်း သန်စွမ်းဖြာဝေ၍ အိမ်ရှေ့ကျက်သရေကို ဆောင်သည်။ ကွမ်းသီးပင်က စိမ်းညို့နေသည်မှာ သူ့အစိမ်းကို ဘယ်သူမျှမပြိုင်နိုင်ပါ။ စိမ်းသရဖူစိမ်းဟု ဘွဲ့နှင်းအပ်ရလောက်အောင် စိမ်းဆိုမှ စိမ်းသောကွမ်းသီးပင်ပါ။
စင်စစ် ဤကွမ်းသီးပင်သည် ကျွန်တော်အကြိုက်ဆုံး ကျွန်တော်အချစ်ဆုံး သစ်ပင်ဖြစ်သည်။ ကျွန်တော်တို့ခြံထဲမှာ ကွမ်းသီးပင်မရှိခင်က တစ်ဖက် ကိုမြတို့ခြံမှာ သီးလျက်ကွမ်းသီးပင် သုံးပင်ရှိသည်။ ကျွန်တော်သည် မိုးလင်းသည်နှင့် ကိုမြ၏ ကွမ်းသီးပင်တို့ကို လှမ်းကြည့်သည်။ စိမ်းညို့နေသော ကွမ်းသီးရွက်၏အလှကို ကျွန်တော်ချစ်သည်။ မွေ့လျော်သည်။ ပါးစပ်ကကျောင်းစာကျက်သည့်တိုင် မျက်လုံးက ကွမ်းသီးရွက်စိမ်းတို့၏အလှမှာ စူးရောက်နေသည်။ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့စုစုပေါင်း တစ်နာရီခန့် ကွမ်းသီးရွက်စိမ်းကိုကြည့်လျက် သာယာသည်။ နှစ်သက်ကြည်နူးနေလေ့ရှိ၏။
ကွမ်းသီးရွက် ဖားဖားကြီးတွေအကြည့်မှာ မိမိမျက်စိကို သာယာသလို ပိတောက်ရွက်စိမ်းတွေကိုလည်း တပ်မက်စွာကြည့်သည်။ လူတစ်ရပ်ကျော်လာသော တမာပင်ရွက်စိမ်းတို့ကိုလည်း ကျွန်တော့်မျက်လုံးက နှစ်သက်စွာကြည့်မိသည်ပင်။ ရှင်းရှင်းပြောရလျှင် အရွက်စိမ်းစိမ်းတွေသည် ကျွန်တော့်မျက်လုံး၏ ချစ်ဆွေများပင်။ ချစ်ဆွေရွက်စိမ်းတို့သည် ကျွန်တော့်မျက်လုံးကို တောက်ပလာအောင် ပြုစုယုယပေးကြသည်။
သို့သော် ကျွန်တော်သည် ငါးနှစ်ကစ၍ မျက်မှန်တပ်ရသည်။ အလင်းအမှောင်မရှောင် စာကြည့်စာဖတ်သည့်အကျိုးကြောင့် မျက်မှန်တပ်ရခြင်းဖြစ်သည်။ အလင်းရောင်အားနည်းရာမှာ စာမကြည့်ခဲ့ပါက လုံးဝမျက်မှန်တပ်ရမည် မဟုတ်ချေ။
နှစ်နှစ်အတွင်းမှာ ပိတောက်ပင်နှင့် တမာပင်တို့၏ အကျိုးကျေးဇူးကို စတင်ခံစားရသည်။ အဖေသည် မန္တလေးဘုရားကြီးတိုက်က သံဃာတစ်ပါးဖြစ်ခဲ့ဖူး၍ ဗုဒ္ဓဓမ္မစာပေမှာ မွေ့လျော်သည်။ အနစ်နာခံ နိုင်ငံရေးသမားဖြစ်ခဲ့ဖူး၍ ပြည်သူ့ကိစ္စတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ပြောဟောဆွေးနွေးတတ်သည်။ ယင်းကြောင့် အဖေ့မှာ မိတ်သင်္ဂဟပေါသည်။ ပိတောက်ရိပ် တမာရိပ်တို့မှာ ရေနွေးကြမ်းစားပွဲနှင့် ထန်းလျက်ခဲနှင့် ထန်းသားပက်လက် ကုလားထိုင် ငါးလုံးနှင့် သက်ကြီးရွယ်အိုတို့ လက်ဖက်ရည်ကြမ်းဝိုင်း ထိုင်လေ့ရှိသည်။ တပေါင်းတန်ခူးနှင့် သင်္ကြန်ကာလမှာ ပိတောက်ပွင့်တို့က သင်္ကြန်ပျော်တို့နှစ်သက်ရာ ခူးကြပန်ကြနှင့်။ ပိတောက်ရိပ်မှာ မုန့်လုံးရေပေါ် သာဂူမုန့်ဖက်ထုပ်စသော စားစရာဒါနလှူ ပွဲတို့ကလည်း အစဉ်အမြဲ။ သစ်ပင်ရိပ်တို့သည် လူသားတို့အတွက် နေ့စဉ်နှင့်အမျှ ကောင်းမှုကုသိုလ်ကို ပေးဝေချီးမြှင့်နေသည်။ လမ်းနှင့်အနီးဆုံး ပိတောက်ပင်အောက်တွင် ရေအိုးစင်ကလေးကို သဲခင်း၍ တည်ထားပေးရာ လမ်းသွားလမ်းလာတို့ သစ်ပင်အောက်မှာ နားလျက် အမောပြေရေသောက်သုံးကြသည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ပင်။
ယနေ့မြန်မာနိုင်ငံမြောက်ပိုင်းတွင် သစ်တောများပြုန်းတီးနေပြီ။ တစ်ဖက်နိုင်ငံသို့ မသမာနည်းအမျိုးမျိုးဖြင့် ပို့နေကြသည်။ ပထမထပ် မပြုမခုတ်နိုင်အောင် သစ်တော သစ်ပင်တို့ကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရမည်။ ဒုတိယ ပြောင်တလင်းခါသွားသော သစ်တောမဲ့မြေတွေမှာ သစ်တောသစ်ပင်တွေပြန်ဖြစ်လာအောင် ပြုစုပျိုးထောင်စိုက်ပျိုးကြရပေမည်။
အကြောင်းအမျိုးမျိုးကြောင့် ဆန်စပါးတို့ထွက်သည်။ လယ်ယာများပျက်စီးသည့်အခါ တစ်နှစ်သာဒုက္ခခံရ၏။ သစ်တောများ မရှိတော့ပါက နှစ်ပေါင်း ၁၅၀ ထိ ဒုက္ခရောက်နိုင်ပေသည်။ ယင်းကိုသတိထား အသိများလျက် အစိုးရအား၊ ပြည်သူ့အားဖြင့် ပြန်လည်ထူထောင်ရပေမည်။
မကြာမီကာလက တစ်နိုင်ငံလုံး အပူဒဏ်ကို ခါးစည်းခံရပေသည်။ မိုးနည်းရပ်ဝန်းဒေသ ရွှေဘို၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ၊ မန္တလေး စသောဒေသတွေမှာ အပူဒဏ်ကြောင့် သုံးရေသောက်ရေကန်များ ရေခန်းကုန်သည်။ လူများ ဒုက္ခရောက်သည်သာမက စိုက်ပျိုးရေးလုပ်ငန်းများအားလုံး မစိုက်နိုင်မပျိုးနိုင်ကြ၍ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရသည်။ သစ်တောမရှိ၍ သစ်ခုတ်ထုတ်သုံးခဲ့ကြ၍ သစ်တောပြုန်းတီးကာ အပူဒဏ်ကို ပို၍ခံရပေသည်။
မိုးရွာသည့်အခါ သစ်ပင်မဲ့သောတောင်ကုန်းဟူသမျှသည် နှစ်စဉ်နှင့်အမျှ မြေသားများ တိုက်စားခံရသဖြင့် မြေသြဇာဖြင့်ပြည့်စုံသော အပေါ်ယံမြေဆီလွှာများ ကုန်ခန်းလာသည်။ အောက်ခံကျောက်သားများ ပေါ်ပေါက်လာသည်။ ချုံပုတ်ပင်ပေါက်ရောက်ရန် ခက်ခဲသော တောင်ကတုံးများအဖြစ်သို့ ရောက်ကြရတော့သည်။ ဤတွင်မှ မြေဆီသြဇာမရှိတော့၍ တောင်ကုန်းသည် ရွာသမျှသော မိုးရေကို စုပ်ယူထိန်းသိမ်းထားခြင်း မပြုနိုင်တော့။
သို့ဖြင့် သဲသောင်များထွန်းနေသည့် ချောင်းကြီးနှင့်မြစ်များဆီသို့ ရေများ အတားအဆီးမရှိ ဆင်းလာသည်။ ယင်းရေတို့ မဆန့်အောင်များလာရာက ရေလျှံသည်။ ထိုမှ ရေဘေးကြုံရသည်။ မြစ်ထဲတွင် သောင်ထွန်းသည်။ ရေကြောင်းပျက်စီးရသည်။
သစ်ပင် ပြုန်းလျက် မြေကတုံးဖြစ်ရာက နောက်ဆုံး မြေသြဇာပြုန်းလျက် ရေလမ်းကြောင်းထိခိုက်သည်ထိဖြစ်ရသည်မှာ သစ်ပင်မရှိ၍ ဖြစ်သည်။
အကယ်၍ မိုးခေါင်ရပ်ဝန်းနေ လူတစ်သန်းသည် သစ်ပင်တစ်ပင်စီကို ပျိုးလျက် ရေတစ်ခွက်စီ နေ့စဉ်လောင်းပေးခြင်းဖြင့် ငါးနှစ်ကြာသောအခါ အရိပ်ပင် တစ်သန်းရလာမည်။ ထိုအခါ မြေသြဇာကို ထိန်းပေးလာမည်။ အပူဓာတ်လျော့နည်းလာမည်။ ရာသီဥတု မျှမည်။ သစ်ပင်စိုက်ပင် စပါးပင်တို့ သန်စွမ်းလာမည်။ ယင်းလူတစ်သန်း ငါးနှစ် သစ်တစ်ပင်စီ စိုက်ရာတွင် ပြည်သူနှင့်အစိုးရ စနစ်တကျညီညာဖြဖြစိုက်ပျိုးနိုင်မှ လက်တွေ့အောင်မြင်မှု ရပေလိမ့်မည်။
ကျွန်တော်သည် ငယ်ငယ်က အမှောင်မရှောင် စာကြည့်မိ၍ ၁၀ နှစ်ခန့် မျက်မှန်တပ်ခဲ့ရသည်။ ၁၉၇၃ က ရထားပေါ်မှာ မျက်မှန်ဖြုတ်သွားသူကြောင့် မျက်မှန်မတပ်နိုင်တော့ပါ။ တစ်နေ့ ခြောက်နာရီ သစ်ရွက်စိမ်းတို့ကို ကြည့်ခြင်းဖြင့် ၁၉၇၃ မှ ၂၀၁၅ ထိ နှစ် ၄၀ ကျော် မျက်မှန်လွတ်သွားသည်မှာ ယနေ့တိုင်ပင်။
ပြီးခဲ့သည့်တစ်လက နေတအားပူခဲ့ရာ ခေါင်းရင်းမှာ စိုက်ထားသော အုန်းပင် ၂ ပင်နှင့် ကွမ်းသီးပင် ရှစ်ပင်တို့ကြောင့် အပူဒဏ် အတော်သက်သာခဲ့၏။ သစ်ပင်ချစ်ပါ။ သစ်ပင်စိုက်ပါ။ မိမိအတွက်သာမက မိမိလူမျိုး မိမိတိုင်းပြည်အကျိုးပါ တိုးပွားလာပါလိမ့်မည်။ ထို့ကြောင့် သစ်ပင်ချစ်ကြပါ။
စာကိုး
သစ်တောပညာရှင်ကျော်ကြီး - စိမ်းလန်း စိုပြေ -၁၉၇၅ (စာပေဗိမာန်)