၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲကို အမျိုးသားဘောလုံးပြိုင်ပွဲဖြင့် စတင်ကျင်းပမည်ဖြစ်သည်။ မေ ၂၉ ရက်က စတင်ယှဉ်ပြိုင်လျက်ရှိပြီး ဇွန် ၁၅ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ အာဆီယံဒေသတွင်းမှ အသင်း ၁၁ သင်းစလုံး စုံလင်စွာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘောလုံးအားကစားနည်းမှာ ကမ္ဘာပေါ်ရှိ လူသားတိုင်း၏ သည်းခြေကြိုက် အားကစားနည်းဖြစ်ပြီး အခြားအားကစားနည်းများတွင် ရရှိသည့် ရွှေဆုထက် ဘောလုံးမှရရှိသည့် ရွှေဆုကို ပိုပြီးလိုချင်ကြသည်။ ဒါက ပြိုင်ပွဲဝင် နိုင်ငံတိုင်း၏ ရည်မှန်းချက် ပန်းတိုင်လိုမျိုး ဖြစ်နေသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ဘောလုံးရွှေဆုကို အလိုချင်ဆုံး ဖြစ်သည်။ သို့သော် ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုသလို မရယူနိုင်ခဲ့သည်မှာ အတော်ပင်ကြာနေပြီ ဖြစ်သည်။အမျိုးသားဘောလုံးပြိုင်ပွဲကို ဆီးဂိမ်းစ်ပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၅၉ ခုနှစ်ကတည်းက ထည့်သွင်းကျင်းပခဲ့ပြီး ၂၀၀၁ ဆီးဂိမ်းစ်ပြိုင်ပွဲမှစ၍ ယူ-၂၃ ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့သည်။ မြန်မာအမျိုးသား ဘောလုံးအသင်းသည် ၁၉၆၀ ပြည့်နှစ်ကျော် ကာလများနှင့် ၁၉၇၀ ကျော်ကာလများတွင် အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ရွှေဆုများစွာ ရယူနိုင်ခဲ့သည်။ မြန်မာအသင်းသည် ၁၉၆၅ မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့်အတူ ပူးတွဲချန်ပီယံဆု ရရှိခဲ့မှုမှာ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အောင်မြင်မှုအစ ဖြစ်ခဲ့ပြီး ၁၉၇၃ ပြိုင်ပွဲအထိ ငါးကြိမ်ဆက်တိုက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည်။ မြန်မာအသင်း၏ အောင်မြင်မှုမှာ ရှစ်နှစ်သာကြာခဲ့ပြီး ၁၉၇၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှစ၍ အောင်မြင်မှုနှင့် ဝေးသထက် ဝေးကွာလာခဲ့သည်။ နှစ်ပေါင်း ၄၀ ကျော်အတွင်း မြန်မာအမျိုးသားအသင်းမှာ ရွှေတံဆိပ်ရယူနိုင်ခြင်း မရှိတော့ဘဲ ၁၉၉၃ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၂၀၀၇ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲများတွင်သာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ တစ်ချိန်က အရှေ့တောင်အာရှသာမက အာရှဘောလုံးလောက၌ ရွှေခေတ်ရောက်ခဲ့သည့် မြန်မာ့ဘောလုံးမှာ စိုးရိမ်ဖွယ်ကောင်းလောက်အောင်ပင် ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းခဲ့သော်လည်း တစ်ပွဲတိုးဗျူဟာများ များနေသောကြောင့် အရှိန်ရရန် ဟန်ပြင်နေချိန်၌ ပြန်လည်ကျဆင်းသွားသည်က များနေသည်။ ၂၀၀၁ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲတွင် စိုးမြတ်မင်း၊ ရန်ပိုင်တို့အုပ်စုက ကြေးတံဆိပ် ပြန်ရခဲ့သည်။ ၁၉၉၃ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံး ဆုတံဆိပ်ရယူနိုင်မှုလည်း ဖြစ်သည်။ သို့သော် ယင်းအောင်မြင်မှုကို ထိန်းထားနိုင်ခြင်းမရှိဘဲ ၂၀၀၇ ခုနှစ်မှ ဗိုလ်လုပွဲသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယင်းပြိုင်ပွဲအပြီး လာအိုနိုင်ငံ၌ ကျင်းပသည့် ၂၀၀၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုက ထွက်ခဲ့ရပြန်သည်။ ကျော်ကိုကို၊ ကြည်လင်း၊ အေးဆန်း၊ ကျော်ဇေယျာဝင်းတို့ အုပ်စုက ၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူနိုင်ခဲ့သော်လည်း ယင်းကစားသမားအများစု ပြန်လည်ပါဝင်လာသည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်မူ အိမ်ကွင်း၌ အရှက်တကွဲ ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရပြီး အုပ်စုမှ ထွက်ခဲ့သည်။ ယခု စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ မပါဝင်သဖြင့် ဘောလုံးဆုတံဆိပ် ရရှိနိုင်မှုမှာ အမျိုးသားအသင်းအပေါ် လုံးလုံးလျားလျားမူ တည်နေပေသည်။ အမျိုးသမီးအသင်းမှာ အာဆီယံထိပ်သီးအသင်း ဖြစ်သော်လည်း ဆီးဂိမ်းစ်၌ ရွှေဆု လုံးဝမရရှိခဲ့သေးပေ။ မြန်မာအသင်းအနေဖြင့် နောက်ပိုင်း ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် နိုင်ငံခြားနည်းပြများဖြင့်သာ ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ထူးထူးခြားခြား ပြည်တွင်းနည်းပြများဖြင့်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။
နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်မည် ဖြစ်သည်။ ဦးကြည်လွင်သည် ငွေခေတ်ဘောလုံးသမားဟောင်း တစ်ဦးဖြစ်ပြီး သက်တမ်းအလိုက်နှင့် လက်ရွေးစင်အသင်းနည်းပြ မှတ်တမ်းကောင်းများ ရရှိခဲ့ဖူးသူလည်း ဖြစ်သည်။ ၂၀၀၂ အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် ဗိုလ်စွဲစဉ်က လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို ယူ-၁၇၊ ယူ-၁၈၊ ယူ-၁၉ အသင်းများ ဒေသတွင်း ပြိုင်ပွဲများ၌ ဗိုလ်စွဲရာတွင်လည်း နည်းပြအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။ နောက်ဆုံး ၂၀၀၆ ခုနှစ် မာဒေးကားဖလား ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ဗိုလ်စွဲစဉ်က ဦးဆန်းဝင်းနှင့်အတူ ကိုင်တွယ်ပြီး ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ထားနိုင်သည့် နည်းပြတစ်ဦးဖြစ်သည်။ သို့သော် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် ကစားသမား ၂၀ ဦးတွင် ကျော်ကိုကို၊ ကြည်လင်းတို့ကဲ့သို့ တစ်ဦးချင်းထူးချွန်သူများ မပါဝင်ပေ။ အချို့ဆိုလျှင် ကလပ်အသင်းများ၌ပင် ပွဲထွက်ခွင့်မရသည့် ကစားသမားများပါသည်။ အသင်းလိုက်စုစည်းမှုဖြင့် ယှဉ်ပြိုင်မည့် အနေအထား ဖြစ်နေသည်။ ပြိုင်ပွဲအကြို ပြင်ဆင်မှု အနေအထားအရ အာရှ ယူ-၂၂ ခြေစစ်ပွဲ အပြီးတွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲသာ ကစားခဲ့ရပြီး ပြည်တွင်းအသင်းများနှင့် ကစားရသည်က များခဲ့သည်။ လက်ရှိအသင်းအနေအထားမှာ အများကြီး မျှော်လင့်လို့မရသည့် အနေအထားဖြစ်သည်။ ပြိုင်ဘက်အသင်းများနှင့်စာလျှင် ခြေစွမ်းပိုင်း အားနည်းသည်။ တစ်ဦးချင်းဘောလုံးပညာ၊ စွမ်းဆောင်ရည်က ထင်သလောက် မကောင်း။ စိတ်ဓာတ်နှင့် ကစားရမည့် သဘောဖြစ်သည်။ မြန်မာအသင်း၏ အုပ်စုအနေအထားက ဆီမီးတက်နိုင်သည့် အခွင့်အရေးရှိသည်။ အင်ဒိုနီးရှား၊ စင်ကာပူအသင်းတို့နှင့် ရှေ့နှစ်ပွဲတွင် ရလဒ်ကောင်းရန် လိုအပ်သည်။ တစ်ဦးချင်း ထူးချွန်သူများ မပါသော်လည်း အသင်းလိုက်ကစားပုံ ကောင်းခဲ့ပါက ဆီမီးတက်ရန် မျှော်လင့်ချက် အပြည့်အဝရှိသည်က သေချာသည်။အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၃ ပြိုင်ပွဲလောက် ပြင်ဆင်မှု မကောင်းသော်လည်း မြန်မာ ယူ-၂၃ အသင်း ပြိုင်ပွဲဝင်ပြီဆိုပါက မြန်မာဘောလုံးပရိသတ်များက မျှော်လင့်တကြီး စောင့်စားတတ်ကြသည်။ မြန်မာ ယူ-၂၃ အသင်း၏ လက်ရှိအနေအထားကို ယေဘုယျသုံးသပ်ရလျှင် လိုအပ်ချက်များစွာ ရှိနေသေးပြီး ပြိုင်ဘက်အသင်းများထက် အားနည်းနေသေးရာ ဆုတံဆိပ်ရလျှင်ပင် အောင်မြင်သည်ဟု ဆိုရမည်ဖြစ်သည်။ နှစ်ပေါင်း ၄၀ ကျော် ဝေးကွာနေသည့် ရွှေဆုကို ပြန်လည်ရယူနိုင်မလား ဆိုသည်ကတော့ . . .