၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး စံချိန်တင် ရွှေတံဆိပ်ရရှိမှုနဲ့အတူ နိုင်ငံအလိုက် ဒုတိယနေရာ ရရှိခဲ့ပါတယ်။ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်ခင်အထိ ယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတွေမှာ အများဆုံး ရွှေ ၅၀ ကျော်သာ ရရှိခဲ့ဖူးတဲ့ မြန်မာအားကစားအဖွဲ့ အနေနဲ့ ရွှေ ၈၄ ခုအထိ ရယူနိုင်ခဲ့တာက အအောင်မြင်ဆုံး ဖြစ်သွားစေခဲ့တာပါ။
မြန်မာအားကစားအဖွဲ့ အနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲမို့လို့ ရွှေဆုအရေအတွက် ၈၀ ကျော်အထိ ရယူနိုင်ခဲ့တာဆိုတဲ့ ဝေဖန်မှုတွေနဲ့ မကြုံတွေ့ရအောင် စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရအောင် လုပ်ပြဖို့တော့ လိုအပ်ပါတယ်။ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ စင်ကာပူနိုင်ငံဟာ သူတို့အားသာတဲ့ အားကစားနည်းတွေ၊ ပြိုင်ပွဲအမျိုးအစားတွေကိုသာ ဦးစားပေးထည့်သွင်း ကျင်းပတာဖြစ်ပြီး ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက မြန်မာအားကစားအဖွဲ့ ရွှေဆုရရှိခဲ့တဲ့ အားကစားနည်း ၂၄ မျိုးထဲက ၁၅ မျိုးသာ ပြန်လည်ပါဝင်လာပါတယ်။ ကိုးမျိုးကိုတော့ ထည့်သွင်းကျင်းပမှာ မဟုတ်ပါဘူး။ အခု စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲမှာ အားကစားနည်း ၃၆ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့ ၃၁ မျိုး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မူလက အားကစားနည်း ၂၀ ကျော်လောက်သာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမယ့် အားကစားအဖွဲ့ချုပ်တွေက ကိုယ်ပိုင်ကုန်ကျစရိတ်တွေနဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့် ၃၁ မျိုးအထိ ဖြစ်သွားရတာပါ။ အခု ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း ၃၁မျိုးမှာ မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်မျှော်မှန်းနိုင်တဲ့ အားကစားနည်းက ၁၀ မျိုးကျော်လောက်ပဲ ရှိပါတယ်။ ကျန်တဲ့ အားကစားနည်းတွေကတော့ ဆုတံဆိပ်မျှော်မှန်းနိုင်တဲ့ အနေအထားမျိုးသာရှိပြီး အတွေ့အကြုံယူမယ့် အားကစားနည်းတွေက များပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း ၃၁ မျိုးထဲမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်မယ့် အားကစားနည်းတွေရှိပြီး ဓားရေး၊ Netball၊ Squash ပြိုင်ပွဲတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတာကြာပြီဖြစ်တဲ့ ဘိုးလင်း၊ ကျွမ်းဘားနဲ့ Triathlon ပြိုင်ပွဲတို့ကိုလည်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ဝင် ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေထဲက ရွှေတံဆိပ်ရရှိနိုင်တဲ့ အားကစားနည်းတွေကတော့ လက်ချိုးရေလို့ရပါတယ်။ ကျိန်းသေပေါက် ရွှေဆုရယူနိုင်မယ့် အားကစားနည်းတွေကတော့ ရိုးရာလှေ၊ ကနူး/ကယက်၊ ဘိလိယက်၊ ဂျူဒို၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ သေနတ်ပစ်၊ တိုက်ကွမ်ဒိုနဲ့ ဝူရှူးတို့ ဖြစ်ပါတယ်။ မြားပစ်၊ ပြေးခုန်ပစ်၊ အပြည်ပြည်ဆိုင်ရာလှေ၊ လက်ဝှေ့၊ ပီတန်း၊ ရွက်လှေအားကစားနည်းတွေကတော့ ပိုမိုအားထုတ်ကြိုးပမ်းဖို့ လိုအပ်ပြီး ရွှေတံဆိပ်မျှော်လင့်နိုင်တဲ့ အနေအထား ရှိပါတယ်။ ပထမဆုံး ယှဉ်ပြိုင်မယ့် အားကစားနည်းတွေထဲက ဓားရေးပြိုင်ပွဲမှာတော့ ဆုတံဆိပ်မျှော်လင့်နိုင်မယ့် အနေအထား ရှိပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက ရွှေတံဆိပ်တွေရရှိခဲ့တဲ့ ဗိုဗီနမ်၊ ကမ်ပို၊ မွေလက်ဝှေ့၊ စစ်တုရင်၊ နပန်း၊ ကာယဗလ၊ ကရာတေးဒိုနဲ့ အလေးမပြိုင်ပွဲတွေ မပါဝင်တာကတော့ မြန်မာအားကစားအဖွဲ့ရဲ့ ရွှေတံဆိပ်ရရှိနိုင်မှုကို အားနည်းသွားစေခဲ့တာ အမှန်ပါပဲ။ ပန်ကြပ်ဆီလတ်ပြိုင်ပွဲကတော့ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပါဝင်ပေမယ့် မြန်မာပန်ကြပ်ဆီလတ်အဖွဲ့က မယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ အနေနဲ့ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲမှာ ချီးမြှင့်မယ့် ရွှေတံဆိပ် ၄၀၂ ခုမှာ ၅၀ ကျော်ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ မြန်မာအားကစားအဖွဲ့ရဲ့ လက်ရှိအနေအထားနဲ့ လက်တွေ့ကျကျ သုံးသပ်ရမယ်ဆိုရင် ရွှေ ၃၀ ရရှိဖို့တောင် တော်တော်လေး လုပ်ယူရမယ့် အနေအထား ဖြစ်ပါတယ်။ ရိုးရာလှေပြိုင်ပွဲက ရွှေရှစ်ခုပေးမယ့် အထဲမှာ မြန်မာအသင်းက ရွှေအားလုံးမှန်းထားပါတယ်။ ခြေချော်လက်ချော်ဖြစ်ခွင့်တောင် မရှိတဲ့ အနေအထားပါ။ အားကစားမှာ ဘာမဆို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရွှေ ၅၀ ခု မျှော်မှန်းထားတဲ့ နေရာမှာ ၃၀ ဝန်းကျင်ရရင်တောင် အောင်မြင်တယ်လို့ ပြောရမှာပါ။ တချို့အားကစားနည်းတွေက အမှတ်နဲ့ ဆုံးဖြတ်မှာ ဖြစ်တာကြောင့် အိမ်ရှင်နဲ့ အားသာတဲ့နိုင်ငံတွေကို အလေးသာတဲ့ ဆုံးဖြတ်ချက်တွေ ရှိတတ်တာကြောင့် မြန်မာအားကစားအဖွဲ့တွေ အနေနဲ့ ပြတ်ပြတ်သားသား အသာရမှ မျှော်လင့်ချက်ကောင်းမယ့် အနေအထား ဖြစ်ပါတယ်။အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာတို့ အောင်မြင်ခဲ့ပါတယ်။ အိမ်ရှင်မဟုတ်လည်း အောင်မြင်မှုရတယ်ဆိုတဲ့ အစဉ်အလာကို မြန်မာတို့ စင်ကာပူဆီးဂိမ်းစ်မှာလည်း ပြသဖို့လိုပါတယ်။ ၂၀၁၃ ဆီးဂိမ်းစ်အောင်မြင်မှုကို ဆက်ထိန်းနိုင်ခဲ့ရင်တော့ ကျေနပ်စရာကောင်းမှာ အမှန်ပါပဲ။
ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် အားကစားနည်းများပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိုးလင်း၊ လက်ဝှေ့၊ ကနူး/ကယက်၊ စက်ဘီး၊ ဒိုင်ဗင်၊ မြင်းစီး၊ ဓားရေး၊ ဟော်ကီ၊ ဘောလုံး၊ ဂေါ့ဖ်၊ ဘိလိယက်/စနူကာ၊ ကျွမ်းဘား၊ ဂျူဒို၊ Netball၊ ပီတန်း၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ Squash၊ ရေကူး/ဒိုင်ဗင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ရိုးရာလှေ၊ Triathlon၊ ဘော်လီဘော၊ ဝူရှူး










