အင်တာနက်ပေါ်မှ အရည်အသွေးမြင့် ပညာဒါန

အင်တာနက်ပေါ်မှ အရည်အသွေးမြင့် ပညာဒါန
Published 27 May 2015
ကျွန်း

သင် ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ ပညာသင်ခွင့်ရသူတွေကို အားကျဖူးပါသလား။ ကမ္ဘာ့အဆင့်မီ ပညာရေးကို လက်လှမ်းမီဖို့ စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ အမေရိကန်နိုင်ငံလို နိုင်ငံကြီးတွေက နာမည်ကြီး တက္ကသိုလ်တစ်ခုခုမှာ အတန်းလေးတစ်ခုလောက်ကို တစ်ချိန်လေးပဲဖြစ်ဖြစ် တက်ကြည့်ချင်လိုက်တာလို့ တောင့်တမိဖူးပါသလား။
သင်က အတန်းပညာလည်း နည်းမယ်၊ အင်္ဂလိပ်စာလည်း မကျွမ်းကျင်လှသူ ဖြစ်မယ်၊ အရွယ်ကလည်း လွန်နေပြီဆိုတဲ့ အနေအထားမျိုး ရောက်နေပြီဆိုရင် အဲဒါတွေကို စိတ်ကူးမိတောင်မှ လက်လှမ်းမမီနိုင်တော့ဘူးလို့ ထင်မိကောင်း ထင်မိပါတယ်။
ဒါပေမဲ့ အဲဒီအထင်က မှားပါတယ်။ သင် အမှန်တကယ်လိုချင်ရင် လက်လှမ်းမီ သင်ယူနိုင်တဲ့ အနေအထားကို ရောက်အောင် ကူညီမယ့် အရာတစ်ခု ရှိနေပြီ ဖြစ်ပါတယ်။
အဲဒါက ကိုဆာရာ (Coursera) လို့ ခေါ်တဲ့ အင်တာနက်ပေါ်က ပညာဒါန စာမျက်နှာလေး ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ သင်ယူလို့ရတဲ့ အခြားပညာဒါန စာမျက်နှာတွေရှိပေမယ့် သူတို့နဲ့ ကိုဆာရာမှာ အဓိက ကွာခြားချက် နှစ်ခုရှိပါတယ်။ တစ်ခုက မြန်မာနိုင်ငံက အင်တာနက်နှုန်းနဲ့ ကိုက်ညီနိုင်တဲ့ အနေအထားမှာ ရှိခြင်းပါ။ နောက်တစ်ခုက သင်ယူရလွယ်ကူတဲ့ ပုံစံနဲ့ ပို့ချခြင်း ဖြစ်ပါတယ်။ စမတ်ဖုန်းရှိရင် ကိုဆာရာ အပလီကေးရှင်းကို ဂူဂယ်လ် ပလေးစတိုးကနေ အခမဲ့ ရယူလို့ ရပါတယ်။ အိုင်ဖုန်းဆိုရင်တော့ အပ်ပဲလ်စတိုးကနေ အခမဲ့ယူလို့ ရပါတယ်။ အဲဒီအပလီကေးရှင်း ကနေ မိမိအီးမေးလ်နဲ့ အကောင့်ဖွင့်ပြီး အင်တာနက်ရှိချိန်မှာ မိမိသင်ယူလိုတဲ့ အတန်းက ဗွီဒီယိုတွေကို ဖြည်းဖြည်းချင်း ဒေါင်းလုပ်လုပ်ထားပြီး အချိန်မရွေး ပြန်ကြည့်လို့ရပါတယ်။ မိမိမှာ စမတ်ဖုန်း မရှိခဲ့ရင်တောင် စမတ်ဖုန်းရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး အတူလေ့လာတာမျိုး၊ အင်တာနက်ဆိုင်မှာ တစ်နေ့ အချိန်နည်းနည်းပေးပြီး ထိုင်လေ့လာတာမျိုးတွေ လုပ်လို့ရပါတယ်။ အင်္ဂလိပ်စာ မကျွမ်းကျင်ရင်တောင် မိမိစိတ်ဝင်စားတဲ့ အတန်းက ဗွီဒီယိုတွေ၊ ဖတ်စာတွေကို လေ့လာမှတ်သားရင်းက အင်္ဂလိပ်စာကိုပါ တစ်ပါတည်း လေ့လာသွားလို့ ရပါတယ်။ အလွန်ကို နာမည်ကြီးတဲ့ တက္ကသိုလ်တွေက အလွန်ကို နာမည်ကြီးတဲ့ ပရော်ဖက်ဆာတွေ ကိုယ်တိုင် ပို့ချပေးတဲ့ အတန်းတွေလည်း ရှိပါတယ်။ ကိုဆာရာကြောင့် မဟုတ်ရင် အဲဒီအတန်းမျိုးတွေ တက်ခွင့်ရဖို့က အိပ်မက်တောင် မမက်ရဲခဲ့တဲ့ အနေအထားမျိုးပါ။ ဂီတပိုင်းမှာ ဘာကလေ ဂီတကောလိပ်လိုမျိုး၊ ပြည်သူ့ကျန်းမာရေး ဆိုင်ရာမှာ ဂျွန်ဟော့ပ်ကင်းလို တက္ကသိုလ် မျိုးတွေက ပို့ချပေးတာတွေ ရှိပါတယ်။ ဘာက လေဂီတကောလိပ်က ဂစ်တာကို အခြေခံက စသင်ပေးတဲ့ အတန်းမှာ ဂစ်တာရဲ့ အစိတ်အပိုင်း၊ ကြိုးညှိပုံ၊ ဂစ်တာရွေးချယ်ပုံတွေကအစ သေသေချာချာ သင်ကြားပို့ချပေးတာကို တွေ့ရပါတယ်။
ကိုဆာရာဆိုတဲ့ အင်တာနက် စာမျက်နှာကလေးကို စတင်တည်ထောင်ခဲ့သူတွေက စတန်းဖို့ဒ်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံက တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သူ Andrew Ng နဲ့ ပါမောက္ခတစ်ဦးဖြစ်သူ Daphne Koller တို့ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကမှ စတင်ခဲ့ တာပါ။ သူတို့က ကမ္ဘာ့တက္ကသိုလ်ကြီးတွေကို ကိုဆာရာထံမှာ ပညာဒါနအတန်းတွေ ပို့ချပေးဖို့ လှုံ့ဆော်တိုက်တွန်း ခဲ့ကြပါတယ်။ အခု ကျွန်မ ဒီဆောင်းပါးကို ရေးနေချိန်မှာ ကိုဆာရာမှာ တစ်ကမ္ဘာလုံးက တက်ရောက်သင်ကြားနေသူ ၁၃ သန်းကျော်ရှိပြီး စက္ကန့်နဲ့အမျှ လူဦးရေ တိုးနေပါတယ်။ အတန်းက ၁၀၃၉ တန်းရှိပြီး ပို့ချပေးနေတဲ့ မိတ်ဖက်တက္ကသိုလ်က ၁၁၉ ခု ရှိပါတယ်။ ဘာသာရပ်တွေထဲမှာ အနုပညာ၊ ဂီတ၊ ပညာရေး၊ သင်္ချာ၊ ဓာတုဗေဒ၊ လူမှုရေးသိပ္ပံ၊ ဥပဒေ ၊ ကျန်းမာရေး၊ စီးပွားရေး၊ ကွန်ပျူတာ စသဖြင့် ရွေးစရာ အတော်များများ ရှိတာကို တွေ့ရပါတယ်။ အချိန်အကန့်အ သတ်နဲ့ ဖွင့်တဲ့ အတန်းတွေရှိသလို ဘယ်အချိန်မဆို တက်လို့ရအောင် တောက်လျှောက် ပို့ချပေးနေတဲ့ အတန်းအချို့လည်း ရှိပါတယ်။ အဲဒါကို On Demand Course တွေလို့ ခေါ်ပါတယ်။ ဒါပေမဲ့ ပြဿနာက On Demand Course တွေက ဗွီဒီယိုတွေကို အခြားအတန်းက ဗွီဒီယိုတွေလို ဒေါင်းလုပ်လုပ်ပြီး သိမ်းထားလို့ မရပါဘူး။ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အချိန်တွေမှာပဲ ကြည့်လို့ရပါတယ်။
ကိုဆာရာကို ဘာကြောင့် စတင်ဖြစ်ခဲ့ သလဲဆိုတဲ့ အကြောင်းကို Dephne Koller က သူမရဲ့ ၂၀၁၂ က တက်ဒ်တော့ (Tedralk) မှာ အခုလို ပြောပြခဲ့ပါတယ်။ သူမက ပညာရေးကို အလေးထားတဲ့ မိဘအသိုင်းအဝိုင်းက ပေါက်ဖွားလာခဲ့သူဖြစ်ပြီး ပီအိပ်ချ်ဒီအဆင့် ပညာရေးအထိ ရခဲ့သူတွေရဲ့ တတိယမျိုးဆက် ဖြစ်ပါတယ်။ သူမက အကောင်းဆုံး တက္ကသိုလ်တွေကို တက်ခွင့်ရခဲ့ပေမယ့် ကမ္ဘာပေါ်မှာ သူမလို ကံကောင်းသူတွေ အများအပြား ရှိနေတာကို သတိပြုမိပါတယ်။ အဲဒါကြောင့် သူမက သူမ ရရှိထားတဲ့ အနေအထားကို အသုံးပြုပြီး ကံမကောင်းသူတွေအတွက် အခွင့်အလမ်း တံခါးတွေ ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ သူမက တောင်အာဖရိကနိုင်ငံက Johannesburg တက္ကသိုလ်မှာ နေရာအလုံအလောက် မရှိတဲ့အတွက် လူဦးရေ ကန့်သတ်ပြီး လက်ခံရတဲ့ အကြောင်းလေးကို ဥပမာအဖြစ် ပြောပြပါတယ်။ ကျောင်းဝင်ခွင့်စာရင်း သွင်းရမယ့်နေ့မှာ ဝင်ခွင့်ရဖို့အတွက် လူ တွေက ကျောင်းဂိတ်တံခါးဝမှာ ညကတည်း က စောင့်ခဲ့ကြရာက တစ်မိုင်လောက်ရှည်တဲ့  လူတန်းကြီး ဖြစ်နေခဲ့ပါတယ်။ ဂိတ်တံခါး စဖွင့်ချိန်မှာ လူတွေအလုအယက် တွန်းကြ တိုးကြရင်းက မိမိသားကျောင်းတက်ခွင့်ရဖို့ လာစောင့်နေတဲ့ မိခင်တစ်ဦး လူနင်းခံရပြီး သေဆုံးသွားခဲ့ပါတယ်။ လူနှစ်ဆယ်ကျော် လည်း ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒါက ၂၀၁၂ ခုနှစ်ထဲမှာတင် ဖြစ်ခဲ့တာပါ။ တကယ်တော့ တောင်အာဖရိကနိုင်ငံလိုမျိုးမှာတင် မဟုတ်ပါဘူး။ သူမ နေထိုင်တဲ့ အမေရိကန်နိုင်ငံလို မျိုးမှာတောင် တက္ကသိုလ်တွေများစွာရှိပေ မယ့်  လက်လှမ်းမမီနိုင်၊ မတက်နိုင်သူတွေ တစ်ပုံတစ်ပင် ရှိနေကြပါတယ်။ အဆင့်မြင့် ပညာသင်ကြားရေးစရိတ်က အလွန်မြင့်မား လာတဲ့အတွက်  လူအတော်များများက မတတ်နိုင်ကြပါဘူး။
သူမနဲ့ အတူ ကိုဆာရာကို တည်ထောင်ခဲ့တဲ့ Andrew Ng စတန်းဖို့ဒ်တက္ကသိုလ်မှာ Machine Learning ဆိုတဲ့ အတန်းကိုသင်ရင် တက်တဲ့ကျောင်းသားက ၄၀၀ ရှိပါတယ်။ ဒါပေမဲ့ အင်တာနက်ပေါ်မှာ အဲဒါကို သင်ပေးတော့ အဲဒီအတန်းကို တက်သူက တစ်သိန်း ရှိပါတယ်။ အဲဒီလို လူဦးရေကို ရောက်အောင် စတန်းဖို့ဒ်တက္ကသိုလ်က စာသင်ခန်းထဲမှာ ချည်းပဲ သင်နေမယ်ဆိုရင် နှစ်ပေါင်း ၂၅၀ သင်မှသာ ရနိုင်မယ်လို့ သူမက ထောက်ပြ ပြောဆိုပါတယ်။ အဲဒီလို သက်ရောက်မှုတွေ ကို တွေ့ပြီးတဲ့အခါ သူမနဲ့ Andrew Ng က အင်တာနက်ပေါ်က ပို့ချမှုတွေကို တိုးချဲ့ဖို့ လိုအပ်နေပြီလို့ နားလည်ခဲ့ကြပါတယ်။ အ ရည်အသွေးအမြင့်ဆုံး ပညာရေးတွေကို လူ များများထံ ရောက်နိုင်သမျှ ရောက်အောင် ပို့ပေးဖို့အတွက် သူမတို့ ကြိုးစားကြည့်ကြမယ်လို့ ဆုံးဖြတ်ပြီး ဒီကိုဆာရာကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကိုဆာရာရဲ့ ပန်းတိုင်က ကမ္ဘာပေါ်မှာ ရှိသမျှ လူတွေ အားလုံးထံကို အကောင်းဆုံး တက္ကသိုလ်တွေက အကောင်းဆုံး သင်ကြားပို့ချသူတွေရဲ့ အကောင်းဆုံး အတန်းတွေကို အခမဲ့ပို့ဆောင်ပေးဖို့ ဖြစ် ပါတယ်။
သူမ အဲဒီ တက်ဒ်တော့ကို ပြောဆိုချိန်မှာ ကိုဆာရာမှာ သင်ကြားပို့ချပေးနေတဲ့ တက္ကသိုလ်လေးခုပဲ ရှိပါသေးတယ်။ တက်ရောက်သူတွေထဲမှာ စတန်းဖို့ဒ် တက္ကသိုလ်လို အရည်အသွေးမျိုးနဲ့ သင်ကြားပို့ချမှုတွေကို သာမန်အားဖြင့် လက်လှမ်းမမီနိုင်မယ့် အိန္ဒိယနိုင်ငံ၊ မြို့သေးသေးလေးက လူလည်း ပါပါတယ်။ အလုပ်တစ်ဖက်နဲ့ ဝင်ငွေရှာရင်း ကလေးတွေကို ပြုစုစောင့်ရှောက်နေရလို့ ကျောင်းမတက်နိုင်တဲ့ မိခင်လည်း ပါပါတယ်။ ကိုယ်ခံအားလျော့နည်းနေတဲ့ မိမိရဲ့ ကလေး ကို ရောဂါပိုးကူးစက်မှာ စိုးရိမ်ပြီး အပြင် မထွက် ကျောင်းမတက်ရတဲ့ ဖခင်လည်းပါပါ တယ်။ အခု အဲဒီကလေးလေးက နေကောင်း သွားပြီး ဖခင်ဖြစ်သူက ကိုဆာရာအတန်းတွေ ကရတဲ့ လက်မှတ်တွေနဲ့ အလုပ်ရှာလို့ ရခဲ့ ကြောင်းကိုလည်း သူမက ပြောပြပါတယ်။ သူမက အဲဒီဟောပြောချက်နဲ့ နာမည်ကြီး တက္ကသိုလ်တွေရဲ့ နှလုံးသားတွေကို လှုပ်နှိုးပြီး အင်တာနက်ပေါ်မှာ အခမဲ့ ပို့ချမှုတွေကို အလှူခံခဲ့ပါတယ်။
သင်ကြားပို့ချတဲ့ ပုံစံက အပတ်စဉ်တိုင်း မှာ ရက်တစ်ရက်သတ်မှတ်ပြီး ပို့ချနေတဲ့ အတန်းက ဗွီဒီယိုအသစ်တွေ တင်ပေးပါ တယ်။ အတန်းတက်သူတွေက အဲဒီဗွီဒီယိုတွေကို ကိုယ်အားတဲ့ အချိန်တွေမှာ ကြည့်နိုင်ကြပါ တယ်။ အဲဒီနောက်မှာ ပေးထားတဲ့ အိမ်စာ တွေကို လုပ်ကြရပါတယ်။ အဲဒီအိမ်စာတွေ အတွက် နောက်ဆုံးတင်ရမယ့်ရက်ကို သတ်မှတ်ထားပြီး တင်တဲ့ အိမ်စာတွေကို အမှန်တကယ် အမှတ်ပေးပါတယ်။ အဲဒီအတန်းကပေးတဲ့ အိမ်စာတွေကို မှန်မှန်လုပ်ပြီး သတ်မှတ်ထားတဲ့ အောင်တဲ့ အနေအထားကိုရရင် အောင်လက်မှတ်ထုတ်ယူလို့ ရပါတယ်။ အဲဒီအောင်လက်မှတ်တွေကို ကမ္ဘာ့တက္ကသိုလ် တွေကို သွားတက်တဲ့ အချိန်တွေမှာ၊ အလုပ်လျှောက်တဲ့ နေရာတွေမှာ အမှန်တကယ်သုံးလို့ ရပါတယ်တဲ့။
ဒါပေမဲ့ အခုအချိန်မှာတော့ အောင် လက်မှတ်တွေက အခမဲ့ မဟုတ်တော့ပါဘူး။ လိုချင်ရင် ကန်ဒေါ်လာ ၄၅ ပေးရပါတယ်။ လက်မှတ်မလိုချင်ဘဲ သိချင်တတ်ချင်လို့ တက်တဲ့သူတွေ အတွက်ကတော့ ဘာမှမလို ပါဘူး။ အိမ်စာတွေကို ဝင်မလုပ်ဘဲ ဗွီဒီယို တွေချည်းပဲ ကြည့်ပြီး လေ့လာလည်း ရပါတယ်။ အိမ်စာတွေ မလုပ်ရင် သင်ယူမှုတွေကို ရရှိမယ့် အဆင့်တော့ ကွာသွားနိုင်ပါတယ်။ အောင်လက်မှတ်လည်း လိုချင်တယ် ပိုက်ဆံ လည်း အကုန်မခံချင်ဘူးဆိုရင် အခြားနည်း လမ်းလေးတစ်ခု ရှိပါတယ်။ အဲဒါက ကိုဆာရာရဲ့ ဘာသာပြန်ပေးသူတွေထဲကို ဝင်ပြီး ဗွီ ဒီယိုတွေထဲက သင်ကြားပို့ချမှုတွေကို မြန်မာ ပြန်ပေးလို့ ရပါတယ်။ စာလုံးရေ ၂၅၀၀၀ ပြန်ပေးနိုင်တိုင်းမှာ အတန်းတစ်တန်းရဲ့ အောင်လက်မှတ်ကို ရဖို့ ၄၅ဒေါ်လာအစား သုံးနိုင်မယ့် ကုဒ်တစ်ခု ရပါမယ်။ အင်တာနက် ပေါ်မှာ တိုက်ရိုက်ပြန်ပေးရမှာမို့ အဲဒီအတွက် ကတော့ ကွန်ပျူတာနဲ့ အင်တာနက် အချိန် ကြာကြာ သုံးစွဲဖို့ လိုအပ်ပါမယ်။ ခြွင်းချက် အနေနဲ့ အောင်လက်မှတ် မပေးနိုင်ဘူးဆိုတဲ့ အတန်းတွေလည်း ရှိလာပါပြီ။ အတန်းတစ်ခုတိုင်းရဲ့ စာမျက်နှာမှာ သူတို့ပေးမှာ၊ မပေးမှာတွေကို အသေးစိတ် ဖော်ပြထားလေ့ရှိပါတယ်။
သင်ယူလေ့လာချင်တဲ့ စိတ်နဲ့ အလေ့အကျင့်က မွေးယူလို့ ရပါတယ်။ နေ့စဉ်အချိန် အနည်းငယ်ပေးပြီး သင်ယူလေ့လာတဲ့ အကျင့်ကို စတင်မွေးရင် ကာလတစ်ခု ကြာလာ တဲ့အခါ အဲဒီအလေ့အကျင့်က မိမိရဲ့ မသိစိတ်ထဲ ဝင်သွားပြီး အားစိုက်စရာမလိုတော့တဲ့ အလေ့အထတစ်ခု ဖြစ်သွားနိုင်ပါတယ်။ အသစ် သင်ယူလေ့လာမှုတွေက ဦးနှောက် ကိုသာမက၊ ရုပ်ကိုပါ နုပျိုစေနိုင်ပါတယ်။ တစ်နေ့ကို ဗွီဒီယိုလေးတစ်ခု ဒါမှမဟုတ် ဆယ်မိနစ်စာလောက်ကလေး ပုံမှန်ကြည့်ရင်းကနေ တစ်နှစ်ကြာတဲ့အခါ သိသိသာသာ အသိဉာဏ် ကွာဟသွားတဲ့ အနေအထားမျိုးကို ရောက်ရှိနိုင်ပါတယ်။ ကိုဆာရာက ပေါ့ပေါ့ကလေး လေ့လာချင် သူတွေအတွက် အဆင်ပြေသလို၊ ကျောင်းတက်သလို သေသေချာချာ လေ့လာချင်သူတွေ အတွက်လည်း အဆင်ပြေတာကြောင့် မသိသေးသူတွေ သိနိုင်အောင် သတင်းမျှဝေခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ လူတိုင်း လက်လှမ်းမီနိုင်မယ့် အနေအထားမျိုးမှာ မရှိသေးပေမယ့် လက်လှမ်းမီနိုင်တဲ့သူတွေ ရှိနေပြီ ဖြစ်တဲ့အတွက် ဒီစာကိုရေးခြင်း ဖြစ်ပါတယ်။ အဲဒီအင်တာနက် စာမျက်နှာကို www.coursera.org မှာ ကြည့်လို့ရပါတယ်။
(ညွှန်း - www.coursera.org, Dephne Koller’s redralk)

Most Read

Most Recent