ရန်ကုန်စတော့အိတ်ချိန်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး ဦးဆုံးအနေဖြင့် Under Writer လိုင်စင်များကို ဇွန်လအတွင်း ချပေးသွားမည်ဟုဆို

ရန်ကုန်စတော့အိတ်ချိန်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး ဦးဆုံးအနေဖြင့် Under Writer လိုင်စင်များကို ဇွန်လအတွင်း ချပေးသွားမည်ဟုဆို
Published 27 May 2015
အငယ်ထွေး၊ နီလာ

ရန်ကုန်စတော့အိတ်ချိန်းအား ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပြီး ပထမဦးဆုံးအဆင့်တွင် Under Writer  လိုင်စင်များကို လာမည့် ဇွန်လ အတွင်း ချပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း မေ ၂၆ ရက်က နေပြည်တော်ရှိ   ဘဏ္ဍာရေးဝန်ကြီးဌာန၊ အဆောက်အအုံတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်  ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 
“ကျွန်တော်တို့ Yangon Stock Exchange ဆိုပြီး တည်ထောင်ဖို့လုပ်နေတဲ့ project ကြီးမှာ အခုဆိုရင် ၇၂ ရာခိုင်နှုန်း ပြီးသွားပါပြီ။ နောက်တစ်ခုက စတော့အိတ်ချိန်းလုပ်မယ့်နေရာကို ပြင်ဆင်နေတာက ၃၀ ရာခိုင်နှုန်းလောက် ပြီးပါပြီ။ ဇူလိုင် လောက်ဆိုရင် အားလုံးလောက်နီးနီးပြီးသွားမှာပါ။ နောက်တစ်ခုက services provider လုပ်မယ့် ကုမ္ပဏီတွေကို လိုင်စင်ဘယ်တော့ပေးမှာလဲဆိုပြီး ခဏခဏမေးပါတယ်။ services provider အတွက်ဆိုပြီး လိုင်စင်လျှောက်ထားတာက ၅၇ စောင်ရှိပါတယ်။ အဲဒီအထဲကနေ Under Writer လို့ခေါ်တဲ့ လုပ်ငန်းလိုင်စင် လျှောက်တာက အစောင် ၂၀ ရှိပါတယ်။ ကျွန်တော်တို့ကတော့ Under Writer လိုင်စင်ကို ဦးစားပေးပြီး စဉ်းစားပါတယ်။ သူ့မှာ IT System တွေတပ်ဖို့လိုတဲ့အတွက်  အချိန်တွေဘာတွေပေးရမယ်ဆိုတော့ သူ့ကိုဦးစားပေးပြီး စဉ်းစားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 
အဆိုပါ အစောင် ၂၀ တွင် မည်သူ့ကိုပေးရမည်ကို စိစစ်ဆဲဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တိုင်ပင်ပြီး သတ်မှတ်ထားသည့် criteria များနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ Security  ကုမ္ပဏီများထဲမှ Under Writing လိုင်စင် လျှောက်ထားသည့် ကုမ္ပဏီများကို ရွေးချယ်သည့်အခါတွင်လည်း Criteria များ သတ်မှတ်ပြီး Point System ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
 
“Under Writer ကို အရင်လုပ်ပေးမယ်။ နောက်လထဲ ဖြစ်ဖို့များတယ်။ Under Writer က ICT ကို သုံးရမယ့်သူတွေလေ။ICT အတွက် အကုန်ချိန်ပေးရမယ်လေ။ ဥပမာ-အကြံပေးတွေ ဘာတွေကျတော့ ဘာ ICT မှ မလိုဘူးလေ။ ဘယ်အချိန်ပေးပေး သူတို့က လုပ်နိုင်တယ်။ မီအောင်တော့ လုပ်သွားမှာပေါ့လေ။ ဦးစားပေးကတော့ Under Writer ကိုရွေးလိုက်တယ်။ ရည်ရွယ်ချက်ကတော့ သူတို့က ICT တွေတပ်ပြီးသုံးရမှာ ဖြစ်တဲ့အတွက်  သူတို့မှာအချိန်လိုတာပေါ့။ ကျန်တာတွေက ICT မလိုတဲ့ အခါကျတော့ဘယ်အချိန် လုပ်လုပ်ရတယ်။ 
အချိန်မယူဘူးပေါ့။ အခု ၂၀ ထဲမှာ ဘယ်လောက်လောက်ရွေးသွားမလဲဆိုတာကတော့ သူတို့ရဲ့အရည်အချင်းပြည့်ဝမှုအပေါ် မူတည်တယ်။ နောက်တစ်ချက်က listed ကုမ္ပဏီပေါ့နော်။ ရှယ်ယာထုတ်ရောင်းတဲ့ ကုမ္ပဏီဘယ်နှခုရှိမလဲဆိုတဲ့အပေါ်လည်း မူတည်တယ်။ အဲဒါကလည်း ပြောလို့တော့ မရသေးပေါ့။ Listed ကလည်း အခြေအနေပေါ်မူတည်ပါတယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
 
မြန်မာပြည်တွင် အများပိုင်ကုမ္ပဏီ အခု ၂၀၀ ဝန်းကျင်ခန့်ရှိနေကြောင်းနှင့် ၁၀ ယောက်နှင့် အယောက် ၂၀ ကြားသာ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent