ကြိုးမဲ့စွန်တို့ ပျော်စံရာ

ကြိုးမဲ့စွန်တို့ ပျော်စံရာ
Published 26 May 2015
မင်းသီဟဇော်

အဝေးကနေပြီးကြည့်ကြည့် အနီးက ကပ်ပြီးကြည့်ကြည့် တောင်စဉ်တောင်တန်း၊ လျှိုမြောင်ချိုင့်ဝှမ်းတွေက ပြည့်နှက်လို့။ ဒီလို တောထဲတောင်ထဲမှာ လျှပ်စစ်မီးတွေ ၂၄ နာရီ ထိန်ထိန်ညီးပြီး ခေတ်မီမြို့ပြ အဆောင်အယောင်တွေ ထုံမွှမ်းနေတဲ့ မြို့တစ်ခုရှိတယ်လို့ သူများပြောတာကြားဖူးပေမယ့် ဒီလောက်ကြီး ထင်မထားခဲ့။ တရုတ်-မြန်မာနယ်စပ်မြို့၊ အရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ နယ်ခြားမြို့၊ ဗကပ ဌာနချုပ်ရှိခဲ့ဖူးတဲ့မြို့၊ သံလွင်အရှေ့ခြမ်း “ဝ” တောင်တန်းတွေဆီက တောင်ပေါ် မြို့တစ်မြို့၊ ဘိန်းနဲ့ပတ်သက်ပြီး နာမည်ကြီးခဲ့တဲ့ ဒေသရဲ့မြို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသတစ်ခုရဲ့ မြို့တော် . . . ဒီလောက်ပဲ သိထားခဲ့သည်။ 
 
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး သတင်းရယူဖို့အတွက် အဲဒီမြို့လေးကို ဧပြီလနှောင်းပိုင်းမှာ ရောက်ဖြစ်ခဲ့သည်။ ဒီမြို့လေးကိုတော့  မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ပန်ဆန်း သို့မဟုတ် ပန်ခမ်းမြို့လို့ခေါ်ကြသည်။ ပန်ခမ်းဆိုတာက ရှမ်းလို ရွှေမြို့လို့ အဓိပ္ပာယ်ရတယ်လို့ ရှင်းပြတာလည်း ကြားခဲ့ရသေးသည်။ ကျွန်တော့် အမြင်၊ ခံစားမှုအရတော့ ကြိုးမဲ့စွန်တွေ ပျော်စံရာ အရပ်တစ်ခု၊ မြို့တော်တစ်ခုလို့ပဲ ဆိုချင်ပါသည်။
 

 
တရုတ်နှင့်ဆက်စပ်နေသည့် နယ်စပ်မြို့မို့လားမသိ တစ်မြို့လုံးမှာ တွေ့မြင်နေရသည်က တရုတ်စာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ၊ ကြားနေရသည်က တရုတ်စကားသံများ၊ စားရသည်က တရုတ်အစားအစာက ခပ်များများ။ ဆက်သွယ်ရေးအတွက် သုံးရသည့်ဖုန်းက တရုတ်ဖုန်း၊ရောင်းရေး ဝယ်တာကိစ္စများအတွက် သုံးစွဲရသည်က တရုတ်ယွမ်၊ မြို့ပြအငွေ့အသက်အားလုံးက တစ်ဖက်နိုင်ငံအလား ခံစားမိသည်။ ပန်ဆန်း ညရှုခင်း၊ ညမြင်ကွင်းတွေက အရောင်စုံသည်။ စားသောက်ဆိုင်၊ ဈေးဆိုင်၊ ဟိုတယ်နှင့် ဖျော်ဖြေရေးနေရာတွေက နေရာအနှံ့။
 
ပန်ဆန်းမြို့မှာတော့ တိုက်တာအဆောက်အအုံတွေ၊ လမ်းတွေ၊ အခြေခံအဆောက်အအုံတွေက နယ်စပ်မြို့တွေထဲမှာ ဖွံ့ဖြိုးမှု အကောင်းဆုံးဟု ဆိုနိုင်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ ယခင်စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲမှုကို ၁၉၈၉ ခုနှစ်တွင် သဘောတူညီမှုရယူပြီးနောက် ဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်လာခဲ့သည်။
 

 
“ဝ” ဒေသအချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာမှုမှာ အများအားဖြင့် တရုတ်နိုင်ငံ၏ နယ်စပ်တွင် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မြင်တွေ့လေ့လာရပြီး ကိုယ့်ဒေသမှာ ဒီလိုဖြစ်အောင် ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လို့  “ဝ”  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တာဝန်ရှိသူက ပြောကြားခဲ့ဖူးသည်။ “ဝ” ဒေသ၏ အဓိက စီးပွားရေးမောင်းနှင်အားမှာ သယံဇာတလုပ်ငန်းဖြစ်ပြီး ရွှေအပါအဝင် အခြားသတ္တု များထွက်ရှိသည်ဟု ပြောကြသည်။
 
“ဝ”ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုမှုရှိနေကာ ကျင်းပခဲ့သည့် ပန်ခမ်း ထိပ်သီးအစည်းအဝေးတွင်လည်း ယင်းကိစ္စအား ထည့်သွင်းဆွေးနွေးခဲ့သည်။ ပြည်နယ်တောင်းတာ အခုမှမဟုတ် ယခင်ကတည်းကဖြစ်ကြောင်း ကိုယ့်ဒေသပြည်သူတွေ ဝမ်းစာရှာနိုင်မယ့် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနှင့်နေနိုင်မယ့် နေရာတစ်ခုရရှိစေဖို့ ပြည်နယ်တောင်းရခြင်းဖြစ်သည်ဟု “ဝ”ဒသအာဏာပိုင်တို့က အကြောင်းပြစကားဆိုသည်။
 

 
“ဝ” ဒေသသည်  ၁၉၈၉  ခုနှစ် ဧပြီလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မှားယွင်းသော ခေါင်းဆောင်မှုကို ဖယ်ရှားပြီးနောက် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်တို့ကို တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ် မေ ၁၈ ရက်တွင် တပ်မတော် အစိုးရနှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးစေ့စပ်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန် ၂၆ ရက်တွင် “ဝ”ဒေသအား မူးယစ်ဆေးဝါးကင်းမဲ့ဒေသအဖြစ် ကမ္ဘာသို့ကြေညာနိုင်ခဲ့သည်ဟု ဆိုသည်။ လက်ရှိ အစိုးရလက်ထက်တွင်လည်း “ဝ” ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။ သူတို့ကတော့ ဝပြည်နယ်အစိုးရဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ ဘဏ္ဍာရေးဌာနကြီး၊ နိုင်ငံရေးဌာနကြီး၊ ဆောက်လုပ်ရေးဌာနအစရှိသည့် ဌာနကြီးကိုးခုဖြင့် လည်ပတ်ဆောင်ရွက်နေသည်။
 
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသတင်းရယူဖို့ ပန်ဆန်းမြို့ကို ရောက်ရှိနေတဲ့ သတင်းသမားတွေကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း မှာဆောင်ရွက်နေတဲ့ လမ်းဖောက် တံတားဆောက်စတာတွေအပါအဝင် ဘိလပ်မြေစက်ရုံ၊ ရာဘာ စက်ရုံ၊ ဘိန်းအစားထိုး သီးနှံစိုက်ခင်းတွေ၊ စာသင်ကျောင်း၊ ဆေးရုံစတဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေတာတွေကိုလည်း လိုက်လံပြသခဲ့သည်။ ကာကွယ်ရေး၊ စစ်ရေးစစ်ရာ နှင့် သယံဇာတ တူးဖော်ထုတ်လုပ်ရေးနေရာများကိုတော့ အချိန်မရ၍လားမသိ လိုက်လံပြသမှုမရှိခဲ့။ လိုက်လံပြသခဲ့သည့် လုပ်ငန်းအများစုတွင် တရုတ်ပညာရှင်များ၊ တရုတ်လုပ်ငန်းရှင်များနှင့်သာ တွဲဖက်ဆောင်ရွက်နေကြတာကို တွေ့ခဲ့ရသည်။ သူတို့ကတော့ မြန်မာပြည်မှ ပညာရှင်များကို ဖိတ်ခေါ်သော်လည်း နေရာဒေသ အလှမ်းကွာဝေးမှုကြောင့် လာရောက်ခြင်းမရှိသဖြင့် တရုတ်နှင့်သာ တွဲဖက်လုပ်ကိုင်ရသည်ဟု ပြောကြသည်။ အခြားထူးခြားမှုတစ်ခုအနေဖြင့် ဆရာဝန်၊ ကျောင်းဆရာမတို့ကိုသာ မြန်မာပြည်မမှ စေလွှတ်သည်ကိုတွေ့ရပြီး အခြားအုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများကိုမူ မတွေ့ရပေ။
 
“ဝ” ဒေသသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပိုင်နက်အတွင်းပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး  တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသ နှစ်ခုပိုင်းခြားဖွဲ့စည်းထားသည်။ မြောက်ပိုင်းဒေသသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကိန်းမခရိုင်၊ ချန်းယွင်ခရိုင်၊ လန်ချန်းခရိုင်၊  စီးမုန်ခရိုင်၊ မုန်းလင်ခရိုင်၊ ဆစ်ဆောင်းပန်းနား ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ မုန်းဟိုင်းခရိုင်တို့နှင့် ဆက်စပ် လျက်ရှိပြီး တောင်ပိုင်းဒေသသည် ထိုင်း၊ လာအိုတို့နှင့် ဆက်စပ်လျက်ရှိသည်။ “ဝ” ဒေသတွင် “ဝ”၊ လားဟူ၊ ရှမ်း၊ ကချင်၊ ကိုးကန့်၊ လီရှော၊ မြောင်၊ ပလောင်၊ ဟွေ၊ လော်မယ်၊ ယွီ၊ မြန်၊ အခဲ့၊ ဟန်စသည့် လူမျိုးများ နေထိုင်ကြသည်ဟု “ဝ” သမိုင်းစာအုပ်တွင် ဖော်ပြထားသည်။
 

 
ဗမာပြည်ကွန်မြူနစ်ပါတီ ဝင်ရောက်လာပြီးနောက်ပိုင်း ရှမ်းပြည်နယ်ရှိ မြန်မာ-တရုတ်နယ်နိမိတ် တစ်လျှောက် လွတ်မြောက်နယ်မြေများကို တည်ဆောက်ခဲ့ပြီး “ဝ” ဒေသ ပါဝင်သည့် အရှေ့မြောက် တိုင်းစစ်ဒေသမှာ နယ်မြေအကျယ်ဝန်းဆုံး၊ လူဦးရေအများဆုံး၊ တပ်အင်အားအတောင့်တင်းဆုံး၊ အခိုင်မာဆုံးနယ်မြေ ဖြစ်ခဲ့သည်။ယခုထိ တိုင်လည်း “ဝ” ဒေသသည် လွတ်မြောက်နယ်မြေတစ်ခုဖြစ်ဆဲဟု ကျွန်တော်ကတော့ ထင်မိသည်။
 
ယခင်က ဘိန်းစိုက်ပျိုးမှုဖြင့် နာမည်ကျော်ခဲ့သော၊ လူခေါင်းဖြတ် နတ်တင်ခဲ့သည့် စရိုက်ဆိုးအချို့ရှိခဲ့သော “ဝ” ဒေသမှာ ယခုအခါမှာတော့ ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့၊ ကိုယ်ပိုင်ဥပဒေများနှင့် အရာရာကို ကိုယ့်လက်ကိုယ့်ခြေဆောင်ရွက်နေပြီး ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်၏ အလံတော်များက တလူလူ လွင့်လျက်ရှိနေသည်။
 
မျက်စိထဲမှာ ဟိုးငယ်စဉ်က လေးဘဝက စွန်လွှတ်ဆော့ကစားခဲ့ရသည်ကို ပြေးမြင်မိသည်။   စွန်ဆိုသည်က ကြိုးနှင့်ရစ်ဘီးနှင့် တွဲဖက်ကာ ထိန်းချုပ်ကစားရခြင်းဖြစ်သည်။ နှောင်ကြိုးကင်းသည့်စွန်၊ ကြိုးမဲ့စွန်များကတော့ . . .

Most Read

Most Recent