တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီတို့မှာလည်း လူတော်တွေ ရှိခဲ့ကြပါတယ်၊။ ယခုလည်း လူတတ်လူတော်တွေ မြောက်မြားစွာရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီလူတတ် လူတော်ဆိုသူတွေဟာ တိုင်းပြည်ကို တကယ်ကောင်းအောင်တော့ မစွမ်းဆောင်နိုင်ကြပါဘူး။ ထိုသို့သောအခါ...။
လူ
လူဆိုတာ မနုဿဆိုတဲ့ ပါဠိကနေ လာတာပါ။ အဓိပ္ပာယ်ကတော့ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိသူလို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါဟာ အနိမ့်ဆုံးအဆင့်ပါ။ အကြောင်းအကျိုး၊ အကောင်းအဆိုးကိုမှ မှန်မှန်ကန်ကန် ခွဲခြားမသိနိုင်သေးရင် သူဟာ လူမည်ကာမတ္တ၊ လူ့အန္ဓပါပဲ။ တစ်နည်းအားဖြင့် လူဆိုတာ မနုမည်တဲ့ မဟာသမ္မတမင်းရဲ့ သားသမီးဖြစ်လို့ မနုဿ- လူလို့ ခေါ်ပါတယ်။
အဋ္ဌကထာဋီကာတို့ ဆိုတာကတော့ မနုဿန်္နဆိုတဲ့ ပါဠိကနေပြီး မနုဿရယ်လို့ ဖြစ်လာပါတယ်။ အဓိပ္ပာယ်ကတော့ သတိရှိခြင်း၊ သတ္တိရှိခြင်း မြတ်သောအကျင့်အား လျောက်ပတ်တဲ့ အမြင့်ဆုံးဂုဏ်တွေနဲ့ ဆည်းပူးအပ်သော စိတ်ရှိသူလို့ အဓိပ္ပာယ်ထွက်ပါတယ်။ မုချအနေနဲ့ ဇမ္ဗူဒိပ်ကျွန်းသားတွေဟာ မနုဿဖြစ်ပါတယ်။
သဂြိုဟ်ဘာသာဋီကာမှာတော့ “ထက်မြက်သောစိတ်ရှိသူကို” လူဟုခေါ်၏။ မကောင်းမှုအရာ၌ ပဉ္စာနန္တရိယကံတိုင်အောင် ပြုရဲကြ၏။ ကောင်းမှုအရာ၌ ဘုရားဖြစ်သည့်တိုင်အောင် စွမ်းနိုင်ကြ၏။ ထိုသို့ ထက်မြက်သောစိတ်ရှိရကား ဇမ္ဗူဒိပ်ကျွန်းသားတို့ကို မုချအားဖြင့် ”မနုဿ” ဟု ခေါ်၏။ အခြားကျွန်း၌ရှိသော သူတို့ကား ရုပ်ဆင်းပုံသဏ္ဌာန်တူ ကြသဖြင့် သဒိသူပစာရအားဖြင့် ”မနုဿ” ဟုဆိုသည်” လို့ ဖော်ပြထားပါတယ်။
ဝိမာနဝတ္ထုအဋ္ဌကထာမှာတော့ “နေရယိကမနုဿ- ငရဲသားတွေလိုပဲ အလွန်ဆင်းရဲတဲ့လူ၊ ပေတမနုဿ- ပြိတ္တာတွေလိုပဲ ငတ်ပြတ်နေတဲ့လူ၊ တိရစ္ဆာနမနုဿ- တိရစ္ဆာန်တွေလိုပဲ အသိတရားမရှိတဲ့လူ၊ ပရမတ္ထမနု ဿ- အသိတရားပြည့်ဝတဲ့၊ စစ်မှန်တဲ့လူ၊ မြင့်မြတ်တဲ့လူ” လို့ လူလေးမျိုးရှိကြောင်း ပြဆိုပါတယ်။ အသင်လူသား သင်ဘယ်လိုလူစားပါလဲ။
တချို့ကတော့ “လူ၊ လူ၊ လူး” လို့ လူသုံးမျိုးရှိကြောင်းလည်း ဆိုကြတယ်။ လုဆိုတာ သူများပစ္စည်းဥစ္စာ၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်တို့ကို ခိုးဝှက်၊ လုယူ၊ အနိုင်ကျင့်ယူ၊ မတော်မတရားယူပြီး အသက်မွေးတဲ့သူ၊ အသက်ရှင်တဲ့သူ။ မိမိရဲ့လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ဘောင်ကို ကျော်ပြီး သူတစ်ပါးတွေရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို မတော်မတရားနည်းနဲ့ ရယူပြီး အသက်မွေးတဲ့သူ၊ အသက်ရှင်တဲ့သူ။
လူးဆိုတာ မတော်မတရားရရှိထားတဲ့ ပစ္စည်းတွေနဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေနဲ့ ယစ်မူးနေသူ၊ ပျော်ပါးနေသူ၊ အဟုတ်ကြီးထင်နေသူ။ ဝက်သတ္တဝါများ မစင်ညွန်ဗွက်ထဲမှာ ပျော်ပါးလူးလှိမ့်နေသလို မတော်မတရား ရယူထားတဲ့ ရာထူးအာဏာ စည်းစိမ်ဥစ္စာတွေ ထဲမှာ ပျော်ပါးပြီးတော့ လူးနေတဲ့သူ။
လူဆိုတာကတော့ စစ်မှန်တဲ့အသိပညာ၊ အတတ်ပညာတွေနဲ့ အညွန့်တလူလူ ဝေဆာနေတဲ့သူ၊ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ဥစ္စာတွေနဲ့ အညွန့်တလူလူ ဝေဆာနေတဲ့သူ၊ အသိစိတ်ရှိတဲ့သူ၊ အသိတရားရှိတဲ့သူ၊ ကိုယ်ချင်းစာတရားရှိသူ၊ သူ့ဖို့ကိုယ့်ဖို့ မျှမျှတတရှိတဲ့သူ၊ သူကျိုး ကိုယ်ကျိုး မျှမျှတတရှိတဲ့သူ၊ လောကကောင်းကျိုး၊ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်တဲ့သူ၊ လူ့ပတ်ဝန်းကျင်ကို ဒုက္ခမပေးတဲ့သူ၊ လူ့ပတ်ဝန်းကျင်ကို သုခကိုသာ ပေးတဲ့သူ၊ သစ္စာနဲ့ မေတ္တာကို ရင်မှာပိုက်ထားတဲ့သူ၊ ပရမတ္ထမနုဿ- လူသားစင်စစ်၊ ဒုလ္လဘ ထိုက်တဲ့သူ။
လူကြီး
အိမ်တစ်အိမ်မှာတော့ မိဘတွေဟာ လူကြီးတွေပေါ့။ လူကြီးမိဘလို့ သုံးနှုန်းတယ် မဟုတ်လား။ မိဘတွေ မရှိကြရင်တော့ အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာဆိုတဲ့အတိုင်း အစ်ကိုကြီး အစ်မကြီးတွေဟာ မိဘနေရာရောက်သွားပြီး လူကြီးတွေ ဖြစ်သွားပါတယ်။ ကျေးရွာတွေမှာ ရှေးခေတ်က သူကြီး၊ နောက် ကောင်စီဥက္ကဋ္ဌ၊ နောက် ရယကဥက္ကဋ္ဌ၊ ယခု ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူတွေဟာ ဆိုင်ရာရပ်ကျေးမှာ လူကြီးတွေပါပဲ။ ရပ်ကွက်ကျေးရွာတွေမှာ ရပ်မိရပ်ဖပုဂ္ဂိုလ်တွေဟာ အရပ်လူကြီးတွေ ပါပဲ။ ဘုရားဂေါပကတွေကိုတော့ ဘုရားလူကြီးလို့ ခေါ်ကြတယ်။
မြို့နယ်အဆင့်မှာ မြို့နယ်လူကြီးတွေရှိတယ်။ တိုင်းအဆင့် ပြည်နယ်အဆင့်မှာလည်း တိုင်းလူကြီး၊ ပြည်နယ်လူကြီးတွေရှိတယ်။နိုင်ငံအဆင့်မှာတော့ နိုင်ငံတော်လူကြီးတွေရှိတယ်။ ဝန်ကြီးဌာနအသီးသီးက ဝန်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ရဲ့ လူကြီးတွေပါပဲ။
ဌာနဆိုင်ရာအသီးသီးက အဆင့်ဆင့် တာဝန်ရှိသူတွေဟာ လူကြီးတွေပါပဲ။
လူကြီးဆိုတာ ခြုံလိုက်ရင်တော့ အသက်ကြီးလို့ လူကြီးဖြစ်တာ ရှိတယ်။ တာဝန်ကြီးလို့ လူကြီးဖြစ်တာရှိတယ်။ အကြမ်းဖျင်းကတော့ လူကြီးဖြစ်စေတာ ဒီနှစ်ချက်ပါပဲ။ အသက်ကြီးတဲ့သူဟာ လူကြီး၊ တာဝန်ကြီးတဲ့ သူဟာ လူကြီး။
လူကောင်း
လူဆိုး၊ လူကောင်းဆိုတာ အပေါ်ယံအသွင်အပြင်ထက် အတွင်းစိတ်နဲ့သာ အဓိကဆိုင်တာမို့ မှန်မှန်ကန်ကန် ခွဲခြားနိုင်ဖို့ ခက်ပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ အဆောက်အအုံကြီးထဲမှာ ခေါင်းပေါင်းစကြီးတလူလူ၊ တိုက်ပုံအင်္ကျီ၊ ပိုးပုဆိုးနဲ့ ခန့်ခန့်ကြီး ထိုင်နေသော်လည်း သူ့ကို လူကောင်းပါလို့ တထစ်ချ မပြောနိုင်သလို အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားအားလုံးကိုလည်း လူဆိုးတွေပါလို့ တထစ်ချ သတ်မှတ်လို့ မရနိုင်ပါဘူး။
လူဆိုးနဲ့လူမိုက် ခွဲခြားပြဖို့ တစ်ယောက်သောသူက အွန်လိုင်းမှာ မေးလာပါတယ်။ သေချာတာပြောရရင် လူဆိုးတိုင်းလည်း မမိုက်ပါဘူး။ လူမိုက်တိုင်းလည်း မဆိုးပါဘူး။ လူဆိုးနဲ့ လူမိုက်ဆိုတာ လောကသဘောအရ ထပ်တူကျတာရှိသလို သီးခြားစီ ကွဲပြားနေတာလည်း ရှိနိုင်ပါတယ်။ သေချာတာက စိတ်ဆိုးရင် လူဆိုးပါပဲ။ ဒါပေမဲ့ သာမန်ဒေါသဖြစ် စိတ်ဆိုးတာကို မဆိုလိုဘူး။ ယုတ်မာတဲ့စိတ်၊ ညစ်ပတ်တဲ့စိတ်၊ အတ္တကြီးလွန်းတဲ့စိတ်၊ သူတစ်ပါးအပေါ် ဒုက္ခပေးလွန်းတဲ့စိတ်တွေကို ဆိုလိုတာ။ ထောင်ထဲရောက်တိုင်းလည်း လူဆိုးလူမိုက်ချည်းတော့ မဟုတ်ပါဘူး။ အပြင်လောက လူကုံထံအသိုင်းအဝိုင်း၊ လူကြီးလူကောင်းဆိုတဲ့ အသိုင်းအဝိုင်းတွေထဲမှာ ပညာတတ် လူဆိုးလူမိုက်၊ သူဌေးလူဆိုးလူမိုက်၊ အရာရှိလူဆိုးလူမိုက်တွေ အများကြီးတွေ့နိုင်ပါတယ်။
ပညာရေးဥပဒေပြင်ဆင်ပေးရန် တောင်းဆိုမှုနဲ့ သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မအမျိုးမျိုး တပ်၊ အကျဉ်းချခံထားရတဲ့ ၁၀၀ နီးပါးမျှရှိတဲ့ ဗကသကျောင်းသူ၊ ကျောင်းသားလေးတွေဟာ လူဆိုးလေးတွေလား။ အထူးသဖြင့် ဖြိုးဖြိုးအောင်တို့ မင်းသွေးသစ်တို့ တစ်တွေဟာ လူဆိုးလေးတွေလား။ အများပြည်သူကို လိုက်မေးကြည့်ပါ။ သူတို့ ဘယ်လိုဖြေကြမလဲလို့။ တကယ်တော့ လူဆိုးဆိုတာ ပကတိအကျဉ်းထောင်ထဲက မဟုတ်ဘဲ တဏှာ မာန ဒိဋ္ဌိ တံတိုင်းသုံးထပ် ကာရံခတ်ထားတဲ့ အတ္တအကျဉ်းထောင်ထဲ ကျရောက်နေတဲ့ အတ္တအကျဉ်းသားတွေပါ။ အတ္တအပြင် ပရမရှိတဲ့သူတွေ၊ ဣဓလောကအပြင် ပရလောက မရှိတဲ့သူတွေ၊ အတ္တအပြင်ဘက်ထွက်ပြီး မကြည့်နိုင်၊ မရှုနိုင်၊ မစဉ်းစားနိုင်တဲ့ သူတွေပါ။
လူကောင်းဖြစ်ဖို့အတွက် စိတ်ကောင်းရှိဖို့က ပထမပါ။ စိတ်ကိုကောင်းစေတာက မေတ္တာ၊ ကရုဏာစတဲ့ ဗြဟ္မစိုရ်တရားတွေပါ။ အလောဘ၊ အဒေါသစတဲ့ စွန့်လွှတ်နိုင်မှု၊ ပေးဆပ်နိုင်မှု၊ သည်းခံခွင့်လွှတ်နိုင်မှုတွေပါ။ လူကြီးဖြစ်တိုင်းလည်း လူကောင်းဖြစ်တာ မဟုတ်ပါဘူး။
စိတ်ကောင်းရှိမှ လူကောင်းပါ။ စိတ်ကောင်းရင် နှလုံးကောင်းပါတယ်။ နှလုံးကောင်းမှလည်း စိတ်ကောင်းရှိနိုင်ပါတယ်။ စိတ်ကောင်း နှလုံးကောင်းရှိမှ လူ ကောင်းပါ။
တိုင်းပြည်ရဲ့ ကံကြမ္မာကို စီမံခန့်ခွဲကြ မယ့် လူကြီးလုပ်လိုသူတွေဟာ လူကောင်းဖြစ်ဖို့လိုပါတယ်။ လူကောင်းဖြစ်ဖို့အတွက် တိုင်းပြည်အပေါ် အမှန်တကယ် စိတ်ကောင်း၊ စေတနာကောင်း ထားရပါမယ်။ တိုင်းပြည်အပေါ် စိတ်ကောင်း၊ စေတနာကောင်း အမှန်တကယ်ထားရှိတဲ့ လူကောင်းလူကြီးတွေသာ တိုင်းပြည်ကို ကောင်းအောင် လုပ်နိုင်ပါလိမ့်မယ်။
စိတ်သည် လောကကို ရှေ့ဆောင်နေ၏။ စိတ်သည် လောကကို ဆွဲငင်နေ၏။ အရာခပ် သိမ်းသည်တစ်ခုတည်းသော စိတ်၏အလိုသို့သာ အစဉ်လိုက်ကြရ၏။ (မြတ်ဗုဒ္ဓ)
လူကြီးတွေ လူကောင်းဖြစ်ခဲ့သော်
Most Read
Most Recent
57 min ago










