ရွှေ့ပြောင်းခိုလှုံသူ သင်္ဘောများကို ရှာဖွေကယ်ဆယ်ရန် အင်ဒိုနီးရှား စတင်လုပ်ဆောင်

ရွှေ့ပြောင်းခိုလှုံသူ သင်္ဘောများကို ရှာဖွေကယ်ဆယ်ရန် အင်ဒိုနီးရှား စတင်လုပ်ဆောင်
Published 25 May 2015

အင်ဒိုနီးရှားသည် ပင်လယ်ထဲတွင် သင်္ဘောများဖြင့် မျောပါနေကြသော နိုင်ငံရွှေ့ပြောင်း ခိုလှုံသူများအား စတင်၍ ရှာဖွေကယ်ဆယ်နေပြီဟု အစိုးရအရာရှိ တစ်ဦးက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားသည် ထိုသင်္ဘောဖြင့် ခိုးဝင်သူများကို နိုင်ငံထဲ၌ အခြေချခြင်းအား လက်မခံဘဲ တင်းမာသည့် မူဝါဒကို စွဲကိုင်ထားခဲ့ရာမှ ပြောင်းလဲပြီး ယခုကဲ့သို့ ရှာဖွေကယ်ဆယ် နေခြင်းဖြစ်သည်။
အင်ဒိုနီးရှားအစိုးရသည် အစောပိုင်းက ပင်လယ်ထဲတွင် ဒုက္ခရောက်နေကြသည့် ရွှေ့ပြောင်းခိုလှုံသူများ၏ သင်္ဘောများကို လက်မခံဘဲ ပင်လယ်ထဲသို့ ပြန်လွှတ်နေသောကြောင့် နိုင်ငံတကာမှ ဒေါသထွက်ခဲ့ကြရသည်။ ထိုင်းနိုင်ငံတွင် တရားမဝင် လူကုန်ကူးမှုတို့ကို စတင်နှိမ်နင်းသည့် မေလအစောပိုင်းမှစပြီး ပင်လယ်ထဲတွင် ရွှေ့ပြောင်းခိုလှုံသူ ထောင်ပေါင်းများစွာမှာ သင်္ဘောများဖြင့် ဦးတည်ရာမဲ့စွာ မျောနေခဲ့ကြသည်။
သို့သော် အင်ဒိုနီးရှားသည် မေ ၂၀ ရက် ကပင် အိမ်နီးချင်း မလေးရှားနှင့်အတူ မူဝါဒပြောင်းလဲလိုက်ပြီး ထိုသင်္ဘောဖြင့် ခိုးဝင်သူများကို တာဝန်ယူကာ ၎င်းတို့နိုင်ငံများတွင် လာရောက်အခြေချခြင်းကို လက်ခံမည်ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့သည် တစ်နှစ်အတွင်းမှာပင် နေရပ်သို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုကို ကြေညာခဲ့သည်။ ထိုနောက်ပိုင်း အင်ဒိုနီးရှား ငါးဖမ်းသမားများက ပင်လယ်ထဲ၌ မျောနေကြသူ ရာပေါင်းများစွာကို ကယ်ဆယ်ပြီး ကမ်းစပ်သို့ ခေါ်ဆောင်လာမှုများ ရှိနေသော်လည်း ယခုအချိန်အထိ အစိုးရဘက်မှ တရားဝင် ကယ်ဆယ်ဆောင်ရွက်ခဲ့သည့် ဖြစ်ရပ်မရှိသေးပေ။

ထိုင်းရေပိုင်နက်ထဲ၌ မျောနေစဉ် ထိုင်းရဟတ်ယာဉ်များက ချပေးသည့် အစားအစာများကို စားနေသည့် ရွှေ့ပြောင်းအခြေချသူ နှစ်ဦးကို မေ ၁၄ ရက်က တွေ့ရစဉ် (Photo : AFP)
အင်ဒိုနီးရှားစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖျူရက်ဘာစ်ယာ၏ ပြောကြားချက်အရ မေ ၂၂  ရက် ညနေပိုင်းက စတင်ခဲ့သည့် ၎င်းတို့၏ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းတွင် ရေတပ်သင်္ဘောလေးစင်း၊ ဆိပ်ခံသမ္ဗန်နှစ်စင်း၊ ကင်းလှည့်လေယာဉ် တစ်စင်းတို့ ပါဝင်သည်ဟု သိရသည်။ “အင်ဒိုနီးရှားရေပိုင်နက်နဲ့ နိုင်ငံတကာ ရေပိုင်နက်တွေထဲမှာ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ သမ္မတဂျိုကိုဝီဒိုဒိုဆီကနေ တရားဝင် အမိန့်ရရှိပြီးပါ ပြီ။ ကျွန်တော်တို့ ဒီရွှေ့ပြောင်းအခြေချသူတွေကို ကယ်ဆယ်ပြီး ကမ်းကိုပြန်ခေါ်လာမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
မလေးရှား အစိုးရကလည်း ၎င်း၏ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့သည် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မေ ၂၁ ရက်က ကြေညာခဲ့သည်။ သို့သော်လည်း ကယ်ဆယ်နိုင်သည့်သတင်း ယခုအချိန်အထိ မထွက်ပေါ်လာသေးပေ။ ယခုလအစောပိုင်း နိုင်ငံရွှေ့ပြောင်းခိုလှုံသူ ၃၅၀၀ ကျော်သည် ပင်လယ်ကို ဖြတ်ကူးခြင်း (သို့မဟုတ်) ကယ်ဆယ်ခံရခြင်းတို့ဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သို့ ရောက်ရှိလာကြသည်။        
Ref : AFP

Most Read

Most Recent