လမ်းပေါ်ဆန္ဒပြမှုများ လအတန်ကြာ ဖြစ်ပွားပြီးနောက် စစ်အာဏာသိမ်းမှုဖြင့် အာဏာရယူပြီး မကြာမီ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ဆယ်စုနှစ်ချီကြာနေသည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး မငြိမ်မသက်မှုများအား လုံးဝအဆုံးသတ်သွားအောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။ သူ၏စကားအရဆိုလျှင် “အရာရာကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပြီး ပြုပြင်ရမယ်” ဟူ၍ဖြစ်သည်။အာဏာသိမ်းပြီး တစ်နှစ်ကြာသည့်အခါ စစ်အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထိန်းသိမ်းပြီး နိုင်ငံကို အေးချမ်းစေခဲ့ပြီဟု ကြွားလုံးထုတ်လာနိုင်သည်။ သို့သော် အစိုးရအဖွဲ့ ပြုတ်ကျအောင် လှုံ့ဆော်ရာတွင် အထောက်အကူပြုခဲ့သည့် ခါးသီးလှသော လူမှုရေးအက်ကြောင်းများက အပေါ်ယံအလွှာ၏အောက်၌ ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်မြိုက်နေဆဲပင်။ မည်သို့မျှ ဖြေရှင်းနိုင်ခြင်း မရှိသေး။“လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ကို ပိတ်ပင်ထားတဲ့ စစ်အစိုးရက လုပ်ထားတဲ့ ကော်ဇောအောက်မှာ ကျွန်တော်တို့ရဲ့ မညီမျှမှုတွေအားလုံး တွန်းပို့ဖုံးအုပ် ခံထားရပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးအကျယ် ကွဲလွဲမှုဖြစ်စေတဲ့ အကြောင်းရင်းမြစ်တွေကို ဘာမှကိုင်တွယ်ဖြေရှင်းခြင်း မပြုသေးပါဘူး” ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ အကြီးတန်းသုတေသနမှူး ဆူနေးဖာဆက်က ပြောကြားခဲ့သည်။သူက “အခုဖြစ်နေတာက အတင်းအဓမ္မ ငြိမ်းချမ်းအောင် လုပ်ယူနေတာပဲ။ စစ်အစိုးရက သံမဏိစည်းမျဉ်းနဲ့ ဆက်သွားနေတိုင်း နိုင်ငံဟာ ပဋိပက္ခ အကျပ်အတည်းတွေထဲ ပြန်မကျနိုင်ပါဘူးလို့ အာမခံချက် မရှိသေးပါဘူး” ဟုလည်း ပြောကြားခဲ့သည်။မေ ၂၂ ရက် စစ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့တွင် ဘန်ကောက်မြို့၌ ဆန္ဒပြသည့် ကျောင်းသားအနည်းငယ်ကို ရဲတပ်ဖွဲ့က နှိမ်နင်းရန်ကြိုးစားစဉ် တွန်းထိုးမှုများ ဖြစ်ပွားခဲ့သည်။ လူပေါင်း ၃၇ ဦးထက်မနည်း တစ်ညတာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၁ နာရီကြာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မေ ၂၃ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကေအန်းမြို့တွင် ပြုလုပ်သည့် အလားတူ ဆန္ဒပြပွဲတစ်ရပ်တွင်လည်း အခြားခုနစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။မေ ၂၂ ရက်မှာပင် ပရာယွတ်က အာဏာသိမ်းခြင်းသည် မှားယွင်းသည်ဟု သတိပြုမိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော် ပရာယွတ်သည် ယင်လက်ရှင်နာဝပ်ထရာ၏ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ခြင်းအား ကာကွယ်ပြောဆိုခဲ့သည်။ သူက “ကျွန်တော်တို့ အတိတ်ကို ပြန်မပြင်နိုင်ပါဘူး။ ဒါပေမဲ့ အနာဂတ်အတွက် ကျွန်တော်တို့ တည်ဆောက်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။စစ်အစိုးရသည် ပြုပြင်ပြောင်းလဲရေး ကော်မတီတစ်ခု၊ လက်ညှိုးထောင်ခေါင်းညိတ် ပါလီမန်တစ်ရပ်၊ မဲဆန္ဒရှင်အများစုကို ကိုယ်စားပြုနေဆဲဖြစ်သည့် ဖြူထိုင်းပါတီနှင့် ထောက်ခံသူများထံမှ ပါဝင်မှု မရှိခြင်းတို့နှင့်အတူ သူတို့ဘာသာ သတ်မှတ်ထားချက်ပေါ်တွင် အနာဂတ်ကို တည်ဆောက်နေခြင်းဖြင့် ပဋိပက္ခများ ပိုမိုကြီးထွားလာအောင် မျိုးစေ့ချနေခြင်းသည် အဓိကပြဿနာဖြစ်ကြောင်း ဝေဖန်သူတို့က ထောက်ပြခဲ့သည်။နောက်ဆုံး သတိပြုစရာအချက်မှာ ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းဖြစ်သည်။ ယင်းမူကြမ်းကို ယင်လက်အစိုးရအဖွဲ့ ပြုတ်ကျခြင်းကို ထောက်ခံခဲ့သည့် အဖွဲ့များကပင်လျှင် ဝေဖန်ခဲ့ကြသည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံရေးပါတီများ၏ အာဏာကို သိသိသာသာ အားနည်းသွားစေပြီး အမျိုးသားကိုယ်ကျင့်တရားထိန်းသိမ်းရေး အစည်းအရုံးကဲ့သို့သော ရွေးကောက်တင်မြှောက်ခံ မဟုတ်သည့် အဖွဲ့များဘက်သို့ အာဏာကို ယိမ်းယိုင်သွားစေလိမ့်မည်ဟု ဆိုသည်။ ယင်းအစည်းအရုံးသည် စကားပြောမယဉ်ကျေးခြင်းကဲ့သို့သော အသေးအဖွဲ အမှုအတွက်ပင် နိုင်ငံရေးသမားများကို စုံစမ်းစစ်ဆေးရန် အခွင့်အာဏာ ရရှိထားသောကြောင့် နိုင်ငံရေးသမားများကို ဖယ်ထုတ်ရန် လမ်းဖွင့်ပေးနိုင်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲသူများက ယင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများသည် ဘက်အားလုံးက သတိပြုမိသည့် ပြဿနာတစ်ရပ်ဖြစ်သော နိုင်ငံရေးသမားများ ခြစားမှုကို စစ်ဆေးထိန်းညှိရန်အတွက် စီစဉ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။ သို့သော် ဖြူထိုင်းပါတီမှ ခေါင်းဆောင်များက ယင်း၏ ရည်ရွယ်ချက်အစစ်အမှန်မှာ မိမိတို့၏ပါတီ အနေဖြင့် ထပ်မံအနိုင်ရရှိခဲ့ပါက ထိထိရောက်ရောက် မအုပ်ချုပ်နိုင်အောင် ကာကွယ်တားဆီးရန်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။“ဒီလိုအဖွဲ့တွေက သူတို့ကိုယ်သူတို့ ဘယ်လိုတာဝန်ခံမလဲဆိုတာ ဘယ်သူမှမသိပါဘူး” ဟု ဒီမိုကရက်ပါတီခေါင်းဆောင် ဝန်ကြီးချုပ် အောင်အဘီဆစ်ချာချီဝက ပြောကြားခဲ့သည်။ အဘီဆစ်သည် စစ်အာဏာမသိမ်းမီကတည်းက ယင်လက်နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသူများထဲ၌ ပါဝင်ခဲ့သူဖြစ်သည်။ စစ်အစိုးရအကြောင်း ပြောရာတွင် အဘီဆစ်က “သူတို့အနေနဲ့ ရွေးကောက်တင်မြှောက်ခံ အစိုးရအဖွဲ့တွေကို အားနည်းသွားအောင် လုပ်မယ့်အစား ရွေးကောက်တင်မြှောက်ခံ အစိုးရအဖွဲ့တွေကို ပိုပြီးတာဝန်ခံတတ်အောင် လုပ်ပေးဖို့ကပဲ သူတို့နဲ့ပိုပြီး သက်ဆိုင်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။မေ ၂၂ ရက်က ဘန်ကောက်မြို့ ရှောပင်းမောတစ်ခုတွင် ဆန္ဒပြနေသည့် ကျောင်းသူများကို ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေစဉ် (Photo:AFP)
လွန်ခဲ့သည့် သီတင်းပတ်က စစ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံမူကြမ်းနှင့် ပတ်သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရန် ကြေညာခဲ့သည်။ ဆူနေးက “ခင်ဗျားတို့ ထောက်ခံမဲပေးခဲ့ကြရင် လစ်ဘရယ်ဒီမိုကရေစီကို သတ်ပစ်မယ့် ဖရန်ကင်စတိန်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ညားကြရတော့မှာပါ။ ခင်ဗျားတို့ ကန့်ကွက်မဲပေးမယ်ဆိုရင် သူတို့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ဆွဲဖို့ ဘုတ်အဖွဲ့ဆီ ပြန်သွားပြီး ပရာယွတ်အနေနဲ့ အာဏာကို ပိုပြီးကြာအောင် ရယူထားနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။စစ်အစိုးရက ရွေးကောက်ပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၆ ခုနှစ် အနှောင်းပိုင်းတွင် ကျင်းပပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော် နေ့စွဲအတိအကျကို သတ်မှတ်မပေးခဲ့ပေ။ အချို့က စစ်အစိုးရအနေဖြင့် နှစ်အတန်ကြာ အုပ်ချုပ်နိုင်သည်ဟု ယုံကြည်ကြသည်။“အခုတွေ့ရတဲ့ မြင်ကွင်းကျယ်ကတော့ ကျွန်တော်တို့ ဆက်ပြီး ဖိနှိပ်ခံထားရဦးမှာပဲ။ အနာဂတ်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့မေးခွန်းတစ်ရပ် ရှိနေဆဲပါပဲ” ဟု ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ သီတီနန်ပေါင်ဆက်ဟီရက်က ပြောကြားခဲ့သည်။လုံးပါးပါးလာနေသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကလည်း စစ်အစိုးရကို အကူအညီ မပေးနိုင်ခဲ့ပေ။ စစ်အာဏာသိမ်းပြီးကတည်းက ထိုင်းစီးပွားရေး အကြီးအကျယ် ဆုတ်ယုတ်လာပြီး ထွက်ကုန်တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလျက်ရှိသည်။သီတီနန်က ဗိုလ်ချုပ်ကြီးများ ထိုင်းနိုင်ငံကို မအုပ်ချုပ်တတ်ကြောင်း၊ တချို့ လမ်းပျောက်လျက်ရှိကြောင်း၊ သူတို့သည် တာဝန်ခံလေ့ မရှိကြောင်း သို့မဟုတ် လူမြင်ကွင်း၌ မေးခွန်းများ မေးခံရအောင်မနေကြောင်း ပြောကြားခဲ့သည်။ထိုင်းစစ်အစိုးရသည် နိုင်ငံရေးအတိုက်အခံများကိုလည်း သည်းခံလေ့ မရှိပေ။ ဥပဒေရေးရာ ကိစ္စများကို စောင့်ကြည့်လေ့လာသည့် အကျိုးအမြတ် မယူသော အဖွဲ့တစ်ခုဖြစ်သည့် iLaw ၏ အဆိုအရ စစ်အစိုးရ၏ အခေါ်အဝေါ်အားဖြင့် သဘောထားထိန်းညှိမှုများ ပြုလုပ်ရန်အတွက် လူပေါင်း ၇၅၁ ဦးထက်မနည်းကို စစ်အစိုးရက ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ မေ ၂၂ ရက်မတိုင်မီ လူပေါင်း ၄၂၈ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၆၆ ဦးသည် ၎င်းတို့အား ဝေဖန်သည်ဟု ယူဆရသော ထင်မြင်ချက်များ ထုတ်ဖော်ခဲ့မှုအတွက်ဖြစ်ပြီး အများအပြားမှာ ယင်လက်အစိုးရအဖွဲ့ကို ထောက်ခံသူများ၊ ကျောင်းသားများ၊ စာရေးဆရာများနှင့် ပညာရှင်များ ဖြစ်ကြသည်။ ထိုင်းနိုင်ငံရေး အတိုက်အခံ အချို့သည်လည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
အပေါ်ယံအေးချမ်းမှုအောက် လောင်မြိုက်နေဆဲ ထိုင်းနိုင်ငံရေး
Most Read
Most Recent
57 min ago










