(၁)
သစ်သားမြင်းရုပ်ကလေးကို “ကလုပ်တက်” “ကတက်လုပ်” နဲ့ စီးနေတယ်။ ရခါစကတော့ တော်တော်ပျော်ပါတယ်။ ကြာလာတော့ သိပ်မပျော်တော့ဘူး။ ဟုတ်တယ်လေ။ ဖင်နာတာပဲရှိတယ်။ ဟိုတစ်ခါကြည့်ဖူးခဲ့တဲ့ ကောင်းဘွိုင်ကားထဲကလို မြင်းကြီးပေါ်လွှား ခနဲခုန်တက်ပြီး ဒုန်းစိုင်းပစ်ချင်လိုက်တာ။
အင်း . . . ငါ ကြီးလာရင်။
(၂)
“တစ်ယောက် အကြော်တစ်ခုယူ။မရွေးရဘူး၊ ကျတာယူ။ ထမင်းကို ကုန်ရုံထည့်စား။ ပန်းကန်ထဲမှာ မကျန်စေနဲ့”
မနက်တိုင်းကြားနေကျ အမေ့စကား။ ဟင်းမပါတဲ့ မနက်စာတွေမှာ အကြော်က ဟင်းနေရာဝင်ယူတယ်။ တစ်ယောက်ကို အကြော်တစ်ခုဟာ ပုံမှန်ခွဲတမ်း။ ဟင်းက ကျောင်းအတွက်၊ အလုပ်အတွက်ထည့်တဲ့ ထမင်းချိုင့်တွေထဲမှာ ညီညီညာညာအညီ အမျှနေရာယူသွားပြီ။ အမေလည်း မနက်တိုင်း အကြော်သည်နဲ့ မိတ်ဖွဲ့နေရတာကြာတော့ ငြီးငွေ့ရှာမယ်။ စားရတဲ့သူတွေလည်း အတူတူ။ မနက်စာကို ကိုယ်က မရွေးနိုင်တော့ မနက်စာက ကိုယ့်ကိုရွေးသွားတယ်။
အင်း . . . ငါ ကြီးလာရင်။
(၃)
“ခြောက်လပြည့်တော့မယ် အဖေကြီးရေ”
ပြက္ခဒိန်တစ်ဝက်ကျိုးချိန်တွေမှာ အမေရွတ်နေကျဂါထာ။ ဒါဆိုရင် အဖေသဘောပေါက်ပြီ။ အမေ ဘာအတွက် ပူပင်နေသလဲဆိုတာ။ ပြောသာပြောရတာပါ။ အမေ မပြောလည်း အဖေသိပြီးသားပါပဲ။ လစဉ်ရှာဖွေရသမျှထဲက ပိုက်ဆံအချို့ကိုခြောက်လ စာငှားခပေးဖို့ စုစုနေရတာလေ။ အဖေက ပြောတယ်။ ငါတို့လည်း ရန်ကုန်ရောက်တာကြာတော့ ပိုပိုပြီး အဆင့်မြင့်လာတယ်တဲ့။ ပထမထပ်ကနေ ဒုတိယ၊ တတိယနဲ့ တဖြည်းဖြည်းချင်း အပေါ်တက်လာတာ အခုဆို ခုနစ်လွှာတောင်ရောက်ပြီ။ ခုနစ်လွှာပေါက်စီကတော့ စားကောင်းချင်ကောင်းမယ်။ ခုနစ်လွှာအခန်းကို နေ့စဉ်အတက်အဆင်းလုပ်ရတာကတော့ လုံးဝမကောင်းပါဘူး။ မိုးတွင်းဆိုရင် ရေတစပ်စပ်နဲ့ ခြေချော်မှာ ကြောက်ရသေးတယ်။ အောက်ထပ်က ဘွားဘွားကြီးတောင် ချော်လဲကျရာက ခြေကျိုးခဲ့တာအကြာကြီး ခံရပါသော်ကော။
ကိုယ်တိုင်လည်း ကျောင်းတွေ ပြောင်းပြောင်းနေရတာ မကြိုက်ပါဘူး။ သူငယ်ချင်းရယ်လို့ ခင်ရမယ်မှ မကြံသေး၊ ပြောင်းရပြန် ပြီ။ အိမ်ခန်းပြောင်း၊ ကျောင်းပြောင်းနဲ့။ ကလေးအတွေးနဲ့ မပြောင်းရအောင် ဝယ်လိုက်ပါလားပြောတော့ အမေမျက်ရည်လည်တယ်။
အမေက ပြောပါတယ်။ ရွာမှာဆို ခြံနဲ့ဝင်းနဲ့ အိုးနဲ့ အိမ်နဲ့ နေရေးက ဘာမှပူစရာမလိုဘူး။ ကလေးတွေ ပညာရေးကြောင့်သာတဲ့။
အင်း . . . ငါ ကြီးလာရင်။
(၄)
ရွာထိပ်ချောင်းရိုးက ပဲ့ထောင်သံကြားပြီဆိုတာနဲ့ ပြေးချင်နေပြီ။ ဟုတ်တယ်လေ ဒီနေ့ ရွာကို ဆရာမအသစ်နှစ်ယောက် ရောက်မယ် ပြောထားတာကိုး။ သူကြီးအိမ်ဝင်းထဲက ခြေတံရှည်အိမ်ကလေးမှာလည်း နေမယ့်သူမရှိတာ ကြာခဲ့ပြီလေ။ သူကြီးကတော်က နေ့စဉ် ဆုတောင်းရှာပါတယ်။ ရွာမှာ ပျော်ကြပါစေ။ ရွာမှာ မြဲကြပါစေတဲ့။
ကလေးတွေခမျာလည်း သနားစရာ။ မူလတန်းတစ်ကျောင်းလုံးမှ ဆရာကတစ်ယောက်တည်း။ ဆရာမလေးတွေက ငယ်ငယ်လေးတွေ။ ချစ်စရာလေးတွေ။ သဘောကလည်းကောင်းပ။ တစ်ရွာလုံးက ပျော်နေကြတယ်။
အပျော်တွေက သိပ်မခံလှပါဘူး။ တစ်ပတ်အကြာမှာ ဘာသင်တန်းဆိုလားတက်ဖို့တဲ့ ဆရာမလေးတွေ မြို့ပြန်သွားကြရတယ်။ ခြောက်လကြာမယ်တဲ့။
ဆရာမလေးတွေကို လှေဆိပ်လိုက်ပို့တော့ ကလေးတွေ ငိုကြတယ်။ ဆရာမလေးတွေလည်း မျက်ရည်ဝဲလို့။ အတွေ့အကြုံများခဲ့ပြီဖြစ်တဲ့ သူကြီးကတော်ကတော့ တွေးတွေးဆဆနဲ့ ပြောတယ်။ ခြောက်လဆိုတာ အများကြီး ပြောင်းလဲသွားနိုင်တယ်တဲ့။
သူကြီးကတော် ပြောတာနားမလည်တဲ့ ကလေးလေးကတော့ ကမ်းနဖူးမှာ ထိုင်ငိုရင်းနဲ့ ကျန်ရစ်ခဲ့တယ်။
အင်း . . . ငါ ကြီးလာရင်။
(၅)
ဒီမြို့ပေါက်စနလေးမှာ အရင်တုန်းက နာရေးကိစ္စဆိုရင် လှည်းပေါ်တင်ပြီးတွန်းပြီး ချကြတာ။ တချို့ကတော့ အထမ်းနဲ့ချတယ်။ နောက်ပိုင်းအသင်းတွေပေါ်လာတော့ ကားနဲ့ပေါ့။ ပထမဦးဆုံး အဲဒီကားကြီးစီးရတာက ဘိုးသာပေါ်။ ဘိုးသာပေါ်ဆုံးလို့ အသုဘချတော့ ကားနဲ့စမတ်ကျကျ။ ဘိုးသာပေါ်မိန်းမ ကြီးတော်လှ ငိုတော့ လူတွေမှာငိုရမလို၊ ရယ်ရမလို။ နားထောင်ကြည့်လေဗျာ။
“ကိုသာပေါ်ရေ။ သွားနှင့်ပေတော့။ ကျွန်မလည်းနောက်မှ ရှင်စီးသွားတဲ့ ကားကြီး နဲ့ လိုက်ခဲ့မယ်”တဲ့။
ပြောသာပြောရ ကြီးတော်လှအလှည့်တောင် မရောက်သေးခင်မှာ အဲဒီနိဗ္ဗာန်ယာဉ် ပျောက်သွားခဲ့တယ်။ ကားက လိုင်စင်မရှိလို့တဲ့။ အခုတော့ နိဗ္ဗာန်ယာဉ်လိုင်စင်တွေ ပေးပြီမို့ ကြီးတော်လှကို နောက်တစ်ခါ သဂြုႋဟ်လို့ရပြီပြောရင် အဆဲခံရမယ်ထင်တယ်။
ပြောရဦးမယ်။ ကားကုသိုလ်ထူးပုံများ အဘွားဖြစ်သူ ကြီးတော်လှရဲ့ မြေးကလေးပါ ကြုံရတယ်။ မြေးကလေးကို ရန်ကုန်ဆေးရုံကြီးပို့ဖို့ လူနာတင်ယာဉ်နဲ့ သယ်တုန်း လမ်းမကြီးပေါ်မှာ ကားအဖမ်းခံခဲ့ရတာ။ လိုင်စင်မဲ့ကားမို့တဲ့။ အတူပါလာတဲ့ ကလေးအမေနဲ့ မြေးအကြီးလေးဆို ကတုန်ကယင်နဲ့။ မြေးအကြီးလေးကတော့ စိတ်ထဲမှာ အောက်မေ့တယ်။
အင်း . . . ငါ ကြီးလာရင်။
(၆)
ဆပ်ပြာမှုန့်ကိုင်တာများလို့ မဖြိုးေ၀ လက်တွေမှာ ဆပ်ပြာစားထားတဲ့အနာတွေက ရစရာမရှိဘူး။ ဆပ်ပြာမှုန့်ကို လက်ဗလာနဲ့ ကိုင်တာများရင် အနာဖြစ်တတ်မှန်း သိတာပေါ့ ဒေါက်တာရယ်။ အဝတ်လျှော်မှ ထမင်းစားရတာလေ။ အခု အဖော်လိုက်လာတဲ့ သားလေး မူလတန်းကျောင်းစရိတ်ရတာလေ။
စိတ်ထဲက ပြောတဲ့စကားတွေပါ။ လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းမှာထိုင်တဲ့ ဆရာဝန်ကြီးတွေ၊ ဆရာဝန်မကြီးတွေကလည်း အဖြေသိနေတဲ့မေးခွန်းတွေ မမေးကြပါဘူး။ ကရုဏာဒေါသောစကားတွေလည်း မပြောကြပါဘူး။ ဆေးခန်းဖွင့်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ဆေးခန်းကိုလာတဲ့လူတွေအကြောင်းကို သဘောပေါက်နားလည်စာနာကြသူတွေပဲဟာ။ သူတို့ကိုယ်တိုင်လည်း တအားချမ်းသာကြပုံ မပေါ်ပါဘူး။ နေနိုင်စားနိုင်ရုံလောက် ဖြစ်ကြမယ်ထင်ပါရဲ့။ ငွေမချမ်းသာပေမဲ့ ပညာ၊ မေတ္တာနဲ့ စေတနာတော့ ချမ်းသာကြပါတယ်။ ဒါ မဖြိုးေ၀ သိတယ်။ ယုံကြည်တယ်။ သိဆို ယုံကြည်ဆို အနာထရင် လာပြနေကျကိုး။
ဆရာဝန်ကြီးတွေ၊ ဆရာဝန်မကြီးတွေကိုကြည့်ရင်း ကိုယ့်ဘဝကိုယ် စဉ်းစားမိတယ်။ အမေပေးခဲ့တဲ့ နာမည် ဖြိုးဝေ၊ ဘာတွေဖြိုးပြီး ဘာတွေဝေလို့လဲ။ အိမ်ထောင်ကျပြီး လေးနှစ်လောက်မှာ ယောင်္ကျားသေတယ်။ မုဆိုးမဘဝနဲ့ အဝတ်လျှော်ပြီး သားအမိနှစ်ယောက် အတူနေကြတယ်။ နောက်ထပ် ယောင်္ကျားယူဖို့လား၊ စဉ်းစားမိပေမယ့် ကလေးတွေထပ်ရပြီး ဒုက္ခတွေ ပိုလာမှာကြောက်တာနဲ့ မယူဖြစ်တာ။ ဟုတ်တယ်လေ၊ ကိုယ်လို မိန်းမယူမယ့် ယောင်္ကျားကလည်း ကိုယ်လိုအဆင့်ထဲကပဲ ဖြစ်ပေမပေါ့။ တွေးရင်းနဲ့ ပြုံးမိတယ်။
“ရော် မဖြိုးဝေ၊ ဘာတွေပြုံးနေတာလဲ။ ဒီမှာဆေး။ ဒါပိုက်ဆံ။ တစ်ပတ်လောက်တော့ စားလောက်မယ်ထင်ရဲ့။ အဝတ်လျှော်တော့ ခဏနားဦး သိလား။”
ဆရာဝန်မကြီးအသံကြားမှ စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သွားခဲ့တယ်။ ငြင်းလို့လည်း ရမှာမဟုတ်သလို၊ ငြင်းစရာအင်အားကလည်း မရှိလေတော့ ကျေးဇူးတွေ အထပ်ထပ်တင်ရင်းနဲ့ပဲ စားဆေးရယ်၊ လိမ်းဆေးရယ်၊ ပိုက်ဆံရယ်ယူပြီး ပြန်ခဲ့တယ်။ မပြန်ခင် ထိုင်ကန်တော့ချိန်မှာ သားလေးကပါ ရောပြီးကန်တော့တယ်။
အင်း . . . ငါ ကြီးလာရင်။
(၇)
“ကိုကို့ကို ရိုက်နေကြတယ်။ မရိုက်ကြပါနဲ့။ ကိုကိုက သဘောကောင်းပါတယ်။ လိမ္မာပါတယ်။ ဆရာတွေကလည်း ချစ်ကြပါတယ်။ အိမ်မှာ အမေ့အိမ်အလုပ်တွေလည်း ကူလုပ်ပါတယ်။ ကျွန်မကိုလည်း မုန့်တွေ ဝယ်ကျွေးပါတယ်။ စာတွေ ပြပေးပါတယ်။ မရိုက်ကြပါနဲ့နော်။ မရိုက်ကြပါနဲ့”
“သမီးလေး ထ.. ထ.. အိပ်မက်တွေ မက်နေပြန်ပြီ ဟုတ်”
သမီးတင်ပါးကို အသာအယာပုတ်ရင်း ကျလာတဲ့ မျက်ရည်ကို သုတ်လိုက်တယ်။ သားအမိသုံးယောက်မှာ သားကြီးတစ်ယောက် လျော့နေတာ သိသိသာသာဟာနေလွန်းလှပါတယ်။
“မနက်ဖြန်ကျရင် သမီး ကိုကိုဆီ သွားတွေ့ကြမယ်နော်။ ကဲ ပြန်အိပ်လိုက်ဦးနော်”
“အမေတကယ်ပြောတာနော်။ ကိုကိုနဲ့ တွေ့ရမှာနော်”
“တကယ်ပါ သမီးလေးရယ်။ ကဲ.. ကဲ..အိပ်နော်”
အိမ်အကြီးကြီး နီနီကြီးတွေ၊ ကားပြာကြီးတွေ မြင်လာတယ်။ ကိုကို့ကို ခြင်တွေကိုက်နေပြီလား။ ကိုကို အရမ်းနာနေလား။
အင်း. . . ငါ ကြီးလာရင်။
(၈)
ကလေးတွေဆိုတာ အဖြူထည်။ အတွေးတွေကလည်း ဖြူပါတယ်။ ကြီးလာရင် မြင်းဝယ်စီးမယ်။ ကြီးလာရင် ဟင်းကောင်းကောင်းနဲ့ ထမင်းအဝစားမယ်။ ကြီးလာရင် အမေ့ကို ကိုယ်ပိုင်တိုက်ခန်း မှာထားမယ်။
ကြီးလာရင် ရွာမှာ ကျောင်းဆရာလုပ်မယ်။ ကြီးလာရင် လိုင်စင်နဲ့ကားဝယ်ပြီး လူနာတင်ယာဉ်လှူမယ်။ ကြီးလာရင် ဆရာဝန်လုပ်ပြီး အမေ့လို လူနာတွေကို ကုပေးမယ်။ ကြီးလာရင်။
ကြီးလာရင်ဆိုတဲ့အတွေးကို ကလေးဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ တွေးမိတတ်ကြတာပါပဲ။ အဲဒီအတွေးဟာ အဲဒီအချိန် အခြေအနေရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုပေါ်မှာ အခြေပြုပါတယ်။ တချို့သောအတွေးတွေဟာ ပြုံးစရာ။
တချို့ သောအတွေးတွေဟာ နှစ်သက်စရာ။ အမျိုးမျိုးပါပဲ။
(၉)
ကြီးလာရင် ဓားပြတိုက်မယ်။ ကြီးလာရင် သူခိုးကြီးလုပ်မယ်။ ကြီးလာရင် လိမ်မယ်။ ကြီးလာရင် လူတွေသတ်မယ်။ ကြီးလာရင် တောင်တွေ ဖြိုပစ်မယ်။ ကြီးလာရင်တောတွေ အပြောင်ရှင်းမယ်။ ကြီးလာရင် လူတွေဒုက္ခရောက်အောင်လုပ်မယ်။
ကြီးလာရင် မြစ်တွေကောအောင် လုပ်မယ်။
အဲဒီလိုရင်လေးစရာ “ကြီးလာရင်”အတွေးတွေကိုတော့ ဘယ်ကလေးကမှ တွေးခဲ့ကြမယ် မထင်ပါဘူး။ ရှားရှားပါးပါးရှိခဲ့မယ်ဆိုရင် တစ်ခုခုတော့ မှားနေပြီပြောရမှာပါ။
(၁၀)
“ကြီးလာရင်” အတွေးတွေ အရုပ်ဆိုးအကျည်းတန်ကုန်ပြီ။ “ကြီးလာရင်” အတွေးတွေမှာ အမုန်းတွေ၊ အာဃာတတွေရဲ့ အရောင်တွေ လွှမ်းကုန်ပြီ။ “ကြီးလာရင်” အတွေးတွေ ညစ်ထေးပုပ်ပွကုန်ပြီ။ “ကြီးလာရင်” အတွေးတွေမှာ လူ့ဘောင်အတွက် မလိုလားအပ်တဲ့ နိုင်ထက်စီးနင်းပြုမှုတွေ နေရာယူလာကြပြီ။
အဲဒီလိုမတွေးဝံ့စရာ “ကြီးလာရင်” အတွေးတွေ ကလေးတွေရဲ့ နှလုံးသားမှာ ပေါက်ဖွားတာ များလာပြီဆိုရင်။
(၁၁)
ရှေ့ဆောင်လမ်းပြလူကြီးတွေ အထူးသတိချပ်သင့်ပါတယ်။ ကလေးတွေဆိုတာ လူကြီးတွေ မျက်နှာကြည့်နေရတာ။ လူကြီးတွေ လုပ်တာ၊ ကိုင်တာတွေရဲ့ ရိုက်ခတ်မှုဟာ ကလေးတွေအပေါ်မှာ အများကြီးသက်ရောက်ပါတယ်။ လွှမ်းမိုးပါတယ်။
ကိုယ်ငယ်စဉ်က ဖြူဖြူစင်စင် “ကြီးလာရင်” အတွေးတွေ တွေးခဲ့ဖူးတယ်ဆိုရင် နှောင်းခေတ်ကလေးတွေ ရိုးရိုးသားသား “ကြီးလာရင်” အတွေးတွေတွေးနိုင်အောင် အခြေအနေကောင်းတွေ ဖန်တီးပေးရပါမယ်။ အမွေကောင်းတွေ ပေးနိုင်ရပါမယ်။
“ကြီးလာရင်” အတွေးတွေ အမြဲလှပနိုင်ပါ စေ။
ငါ ကြီးလာရင် . . .
Most Read
Most Recent
1 hour ago










